အီတလီနိုင်ငံ၊ ရောမမြို့(Rome) ။
"တက္ကစီ..."
လမ်းမကြီးထက်ပြေးဆွဲနေသော တက္ကစီတစ်စီးကို ရှောင်းကျန့်လက်လှမ်းတားလိုက်သည်။
"xxxx ကော်ဖီဆိုင်ကို အမြန်ရောက်အောင်မောင်းပေးပါ..."
အလျင်လိုနေဟန်ရှိသည့်ရှောင်းကျန့်ကြောင့်တက္ကစီသမားသည်လည်း သတ်မှတ်နှုန်းထက်အနည်း ငယ်သာလွန်သည့်အရှိန်ဖြင့်မောင်းနှင်ပေးခဲ့ရာမှရောက်လိုသည့်ကော်ဖီဆိုင်သို့ရှောင်းကျန့်အချိန်မီရောက်ရှိလို့လာသည်။
"အပိုငွေပြန်မအမ်းပါနဲ့တော့..."
တက္ကစီ၏အနောက်ခန်းမှထွက်လာသည့်ရှောင်းကျန့်သည်ပြန်အမ်းငွေပင်မယူနိုင်တော့ဘဲအထပ်နှစ်ထပ်ရှိသော ကော်ဖီဆိုင်၏အပေါ်ထပ်သို့ပြေးတက်လာသည်။အခုမှဆိုင်ဖွင့်ချိန်စွန်းစွန်းဖြစ်၍ လူနည်းနေသေးသည်ဖြစ်ရာ ရှောင်းကျန့်သူထိုင်လိုသည့်နေရာ၌ မည်သူတစ်ဦးတစ်ယောက်မှ ဝင်ထိုင်နေခြင်းမရှိသည်ကိုတွေ့ရသည့်အခါ စိတ်သက်သာရာရသွားဟန် ရင်ဘတ်ကိုအသာလေးဖိ၍ သက်ပြင်းချလိုက်သည်။
ခုနကလို အလျင်လိုတော့ဟန်မရှိသည့် ရှောင်းကျန့်က သူထိုင်နေကျစားပွဲခုံရှိရာသို့ ဖြည်းဖြည်းချင်းလျှောက်သွားသည်။ နေရာမှာထိုင်ပြီးသည့်အခါတွင်တော့ ကော်ဖီတစ်ခွက်မှာယူလိုက်သည်။
ခန္ဓာကိုယ်ထက်တစ်စောင်းလွယ်ထားသည့် ဘေးလွယ်အိတ်လေးကိုလည်း ခုံအလွတ်တစ်လုံးထက်ချလိုက်ကာအထဲမှ တစ်ပေပတ်လည်ဆွဲလက်စပန်းချီကားလိပ်လေးကို ထုတ်ယူ၍စားပွဲပေါ်ဖြန့်လိုက်သည်။ထို့နောက်ကွန်ဖာဘူးလိုသံဘူးလေးတစ်ခုထဲမှ စုတ်တံများနှင့်စပ်ပြီးသားဆေးများကိုထုတ်ယူလိုက်ပြီးနောက်မျက်လုံးများကိုမှိတ်ချကာအသက်ဝဝရှူသွင်းလိုက်၏။
အမိုးသာရှိ၍ အကာမရှိသော ကော်ဖီဆိုင်၏ခေါင်မိုးထပ်သည် Outdoor သဖွယ်ဖြစ်နေသည့်အခါ တိုက်ခတ်နေသည့်မနက်ခင်းလေညင်းများက မတိုမရှည်ကပိုကရိုဖြစ်နေသည့် ရှောင်းကျန့်၏ဆံသားနုနုတို့ကိုတလွင့်လွင့်ဖြစ်စေ၏။
