"အထဲမှာဘာလုပ်နေတာလဲ Bae...ကိုယ့်ကိုတံခါးခဏလာဖွင့်ပေးဦး..."
ဝမ်ရိပေါ်အိပ်ရာနိုးလာပြီးသူ့ဘေးမှာရှောင်းကျန့်မရှိသည်ကြောင့် ဟိုတယ်ခန်းထဲရှိလော့ခ်ချထားသောရေချိုးခန်းတံခါးကိုလက်ဆစ်ဖြင့်ခေါက်၍အထဲမှာရှိနေတာသေချာသည့်ရှောင်းကျန့်ကိုတံခါးဖွင့်ခိုင်းလို့နေ၏။အထဲမှရေသံများခေတ္တရပ်တန့်သွားပြီးနောက်တံခါးချောက်ကနဲပွင့်လို့လာသည်။
တံခါးလာဖွင့်ပေးသည့်ရှောင်းကျန့်ကိုဝမ်ရိပေါ်ကြည့်လိုက်သည်။ညအိပ်ဝတ်စုံလက်ရှည်ကိုတံတောင်ဆစ်အထိလိပ်တင်ထားသည့်ရှောင်းကျန့်ကလက်နှစ်ဖက်စလုံးရေတွေစိုရွှဲနေတာဖြစ်ပြီးဘောင်းဘီ၏အောက်ခြေအဖျားနားများလည်းရေစိုနေတာဖြစ်သည်။တံခါးလာဖွင့်ပေးပြီးသည်နှင့်ရေချိုးခန်းထဲသို့ပြန်ဝင်သွားသည်ဖြစ်၍အနောက်ကနေဝမ်ရိပေါ်လိုက်ဝင်သွားခဲ့သည်။
"Bae ဘာလုပ်နေတာလဲ..."
ရေတစ်ဝက်ခန့်ဖြည့်ထားသောဟိုတယ်၏ရေချိုးကန်ဘေးတွင်ဒူးထောက်ထိုင်ပြီး ရေကန်ထဲလက်နှစ်၍ မနေ့ညက ကောက်ယူလာသောခရုခွံလေးများကိုတစ်ခုချင်းတိုက်ချွတ်လို့နေသည့်ရှောင်းကျန့်ကိုဝမ်ရိပေါ်မေးလိုက်သည်။ထိုအခါခရုခွံလေးတစ်ခုကိုဟိုတယ်ကပေးထားသောသွားတိုက်တံလေးနဲ့တကျွိကျွိတိုက်နေသည့်ရှောင်းကျန့်က...
"ငါတို့အခန်းထဲက စားပွဲမှာထောင်ထားတဲ့ကလေးလေး ရက် ၁၀၀ ပြည့်တုန်းက သုံးယောက်အတူတူရိုက်ခဲ့တဲ့ဓာတ်ပုံလေးသိတယ်မလား...အဲ့ဒီ ဓာတ်ပုံဘောင်ရဲ့ပတ်ပတ်လည်ကိုဒီခရုခွံလေးတွေနဲ့စီပြီးအလှဆင်မလို့..."
ရှောင်းကျန့်ရှိနေသည့်ရေချိုးကန်၏ဘောင်ပေါ်တွင်ဝမ်ရိပေါ်ဝင်ထိုင်ကာခရုခွံလေးများအပေါ်သာအာရုံရောက်နေသည့်ရှောင်းကျန့်၏နဖူးထက်ဝဲကျနေသောဆံပင် မတိုမရှည်လေးများကိုနီထွေးထွေးနားရွက်အနောက်ထဲသို့သပ်တင်ပေးလိုက်သည်။အိပ်ရေးဝထားသည်ကြောင့်ကြည်လင်လို့နေသောမျက်နှာနုနုလေးကိုငြိမ်သက်စွာစိုက်ကြည့်လို့နေပြီး...
"Bae..."
"ဟင်..."
"Bae ကို ကိုယ်သိပ်ချစ်တယ်ဆိုတာ Bae သိတယ်မလား..."