ရှောင်းကျန့် ဒီအိမ်၌ နေထိုင်နေသည်မှာ ၄ နှစ်ရှိပြီဖြစ်သည်။
၁၀ နှစ်သားအရွယ်ရောက်နေပြီဖြစ်သော ရှောင်းကျန့်၏ အနှစ်သက်ဆုံးအလုပ်မှာ ကျောင်းပိတ်ရက်များဆိုလျှင် သူ့အိပ်ရာထက်ထိုင်ပြီး ပြတင်းပေါက်ကနေတစ်ဆင့်မြင်နေရသည့် မိုးမခပင်ကြီးကို ကြည့်ရှုခြင်းဖြစ်၏။ရှောင်းကျန့်၏လက်ထဲတွင် ပုံဆွဲစာအုပ်လေးတစ်အုပ်ရှိပြီး ခဲလုံးပွပွ ခဲတံလေးတစ်ခုကိုလည်းကိုင်လို့ထား၏။
ဝါသနာကြောင့်ပုံဆွဲခြင်းကို စတင်ခဲ့သည်မဟုတ် သော်ငြားလီရှင်းမှလွဲ၍ အခြားသောအပေါင်းအသင်းတစ်ယောက်တစ်လေမှမရှိသည့် ရှောင်းကျန့်သည် လီရှင်းမရှိသည့်အချိန်များ၌ စာရွက်တစ်ရွက်၊ခဲတံတစ်ချောင်းနှင့် စိတ်ကူးထဲမှပုံများကိုရောက်တတ်ရာရာ ထိုင်ဆွဲလေ့ရှိသည်မှာ အကျင့်တစ်ခုလိုဖြစ်လို့နေပြီဖြစ်၏။
"ပါပါး...မီနာ့ကို မုန့်ဖို့းပေးဦးနော်..."
"ပေးပါမယ်ဗျာ..."
"သမီးလေးကလည်း အပျိုအရွယ်တောင်ရောက်နေပြီ ကိုယ့်အဖေကို ဒီလိုပဲကပ်ချွဲတုန်းပဲလား..."
"ယွဲ့လန်ရယ်...မီနာလေးက ဘယ်အရွယ်ပဲရောက်ရောက်ငါ့မျက်လုံးထဲမှာတော့ ကလေးလေးလိုပဲ..."
"ဟုတ်ပါပြီ ရှင်တို့ သားအဖနှစ်ယောက်ကို ဒီတိုင်းပဲလွှတ်ထားပါတော့မယ်...တကတည်း ကဲကဲနဲ့သဲသဲတွေ..."
ရှောင်းကျန့်အခုဆွဲနေသည့်ပုံမှာ မိုးမခပင်ကြီးနှင့်အတူ မိုးမခပင်ကြီးအောက်ရှိ မိသားစုစားပွဲဝိုင်းလေး၌ အချိုပွဲစုံလင်စွာဖြင့် အနားယူရင်း ရယ်မောပြောဆိုနေကြသည့် မိသားစုသုံးယောက်၏ ကြည်နူးဖွယ်ရာပုံရိပ်လေးများပင်ဖြစ်သည်။
အသက် ၁၀ နှစ်ပဲရှိသေးသော်လည်း ပုံပေါ်အောင် ပီပီပြင်ပြင်ရေးဆွဲတတ်လို့နေပြီဖြစ်သည့် ရှောင်းကျန့်က ပြီးတော့မည်ဖြစ်သော ပန်းချီကားလေးကို ဆွဲနေဆဲမှာပင် စိတ်ကူးထဲပေါ်လာသည့် ပုံရိပ်လေးတချို့ကိုပန်းချီကားထဲဖြည့်စွက်ရေးဆွဲလိုက်၏။
ရှောင်းကျန့်၏အတွေးစိတ်ကူးလေးများထဲတွင် ထိုမိုးမခပင်ကြီးအောက်၌ လူ လေးယောက်ရှိသည်။ ထိုသူများမှာ ရှောင်းချန်၊ယွဲ့လန်၊ ရှောင်းမီနာနှင့်နောက်ဆုံးတစ်ယောက်မှာတော့ သူကိုယ်တိုင်ဖြစ်၏။