"အုဝဲ~~အုဝဲ~~"
တစ်ပတ်ပင်မပြည့်သေးသည့်ရက်သားကလေးငယ်တစ်ဦး၏ငိုကြွေးသံသည်ညသန်းခေါင်ယံကိုထိုးဖောက်လာသည့်အခါ ဝမ်ရိပေါ်၏ရင်ခွင်ထဲခေါင်းအပ်ပြီးအိပ်မောကျနေသည့်ရှောင်းကျန့်၏မျက်ခွံလေးများလှုပ်စိစိဖြစ်လာ၏။
အိပ်ခန်းသည်အသံလုံအခန်းဖြစ်သော်ငြားသဘာဝလေပြည်များဝင်ရောက်နိုင်ရန် ဝရံတာနှင့်ဆက်စပ်နေသည့်မှန်တံခါးများကိုဖွင့်ထားသည်ဖြစ်၍အထပ်တစ် ခုတည်းမှာရှိနေသည့်ကလေးငယ်၏ငိုသံက လေနှင့်အတူရောနှောပျံ့နှံ့လာခြင်းဖြစ်သည်။
ဝမ်ရိပေါ်၏ရင်ခွင်ထဲမှ ရှောင်းကျန့်ထွက်လိုက်၍ တစ်ဖက်ကိုလှည့်ကာ သူ့ခေါင်းအုံးပေါ်ခေါင်းပြန်အုံးလိုက်သည်။ရှောင်းကျန့်အနေအထားပြောင်းလိုက်သည်ကြောင့် ဝမ်ရိပေါ်တစ်ချက်နိုးလာသော်လည်း ရှောင်းကျန့်က ငြိမ်သက်စွာပြန်အိပ်နေသည့်အခါပြန်ဖက်တွယ်ဖို့မကြိုးစားတော့ဘဲ လွတ်လွတ်လပ်လပ်အိပ်စေလိုက်၏။
ရှောင်းကျန့်၏မျက်လုံးလေးများပြန်ပွင့်လာသည်။အိပ်နေရာမှဖြည်းဖြည်းလေးထထိုင်လိုက်ပြီး၊ အိမ် ပေါ်စီးဖိနပ်ပင်မစီးတော့ဘဲခြေဗလာလေးများဖြင့်အိပ်ခန်းအပြင်ဘက်သို့တိတ်တဆိတ်ထွက်လို့သွားတော့၏။
ခြေဗလာလေးများဖြင့်လျှောက်လာသော ရှောင်းကျန့် သည် ငိုနေသည့်ကလေးငယ်ရှိရာအခန်းရှေ့တွင်မတ် တပ်ရပ်လိုက်သည်။တံခါးလက်ကိုင်ကိုအသာလှည့်ပြီးတံခါးရွက်ကိုတွန်းဖွင့်လိုက်လျှင်ပဲ ကလေးငိုသံကအလုံးအရင်းထွက်ပေါ်လို့လာ၏။
"အုဝဲ~~အုဝဲ~~"
အလင်းရောင်အလုံအလောက်မရှိမှိန်ပျပျဖြစ်နေသောအခန်းထဲသို့မှန်ပြတင်းတံခါးမှထိုးဝင်နေသည့်လရောင်အကူအညီဖြင့်ရှောင်းကျန့်စမ်းတဝါးဝါးလျှောက်လာသည်။အခန်းအလယ်ရှိအဖြူရောင်သစ်သားတွန်းလှဲပုခက်အိပ်ရာထဲတွင်မျက်လုံးများကိုစုံမှိတ်၍အာခေါင်ခြစ်ငိုနေသော ကလေးငယ်ကိုအပေါ်စီးကနေ ရှောင်းကျန့်စိုက်ကြည့်လိုက်၏။
မျက်နှာပြင်လေးတစ်ခုလုံးရဲတွတ်နေကာ၊ ခြေလက် လေးများယက်ကန်ယက်ကန်ဖြင့်ငိုနေသောကလေးငယ်သည်ရှောင်းကျန့်၏မျက်လုံးထဲတွင်အရုပ်လေးတစ်ခုကဲ့သို့ဖြစ်နေ၏။