ရှောင်းကျန့်၏လက်ကောက်ဝတ်ဖြူဖြူလေးပေါ်တွင် ရိုးရိုးရှင်းရှင်းနာရီအညိုလေးတစ်ခုနေရာယူထားသည်။ရုတ်တရက်ကြည့်လိုက်ပါက သာမန် analog နာရီလေးတစ်လုံးဖြစ်သော်လည်း နာရီဒိုင်ခွက်မျက်နှာပြင်အောက်တွင်ဆက်သွယ်ရေးကိရိယာလေးတစ်ခုပုန်းလျှိုးလို့နေခြင်းဖြစ်၏။
အသံဖမ်းစက်သဘောမျိုးဖြစ်ပြီး memory အများအပြားဆန့်ဝင်သည့် chip လေးတစ်ခုကို ထည့်ဝင်သုံးစွဲထားခြင်းဖြစ်ကာ နာရီကိုယ်ထည်ဘေးရှိ ခလုတ် လေးများသည်သာမန်နာရီများကဲ့သို့ နာရီလက်တံများကိုရွေ့လျားချိန်ညှိရန်အတွက်ဖြစ်သလိုမိမိအန္တရာယ်ကျရောက်နေသည့်အချိန်၌ သုံးစက္ကန့်ထိအကြာကြီးဖိထား၍ အချက်ပြနိုင်တာဖြစ်သည်။
ရှောင်းကျန့်ရှေ့သို့အနက်ရောင်ကားတစ်စီးထိုးစိုက်လာသည်။ ကားအရှေ့ခန်းမှထွက်လာသော ဂျွန်သည်ရှောင်းကျန့်၏လက်ထဲက Luggage ကိုပြောင်းယူ၍ ရှောင်းကျန့်ကို ကားတံခါးဖွင့်ပေးပြီး ကားအနောက်ခန်းတွင်ဝင်ထိုင်စေသည်။အနောက်ဖုံးထဲသို့ Luggage ကိုထည့်လိုက်ပြီးနောက် ကားပေါ်ပြန်ရောက်လာသော ဂျွန်က ကားကိုမနှေးမမြန်အရှိန်နှုန်းဖြင့်စတင်မောင်းနှင်လိုက်၏။
"သူဌေးက အခုအလုပ်မှာဖြစ်လို့ အဲ့ကိုအရင်ဝင်ခဲ့ပြီးမှ သူနဲ့အတူတူအိမ်ကိုသွားမယ်လို့ပြောပါတယ်..."
နောက်ကြည့်မှန်ကနေတစ်ဆင့်ကြည့်ပြီးပြောလာသည့်ဂျွန်ကို ရှောင်းကျန့်ခေါင်းလေးအသာညိတ်ပြလိုက် ပြီး တစ်လမ်းလုံးဘာမှမပြောဘဲငြိမ်ငြိမ်လေးသာလိုက်ပါလာခဲ့တော့သည်။ အချိန်တစ်ခုကြာသည့်အခါ "W" ဘဏ်လုပ်ငန်းစု၏အခြေစိုက်အဆောက်အဦးဆီသို့ရောက်ရှိလာ၏။
ကားပါကင်ထိုးသည့်နေရာမြေအောက်ထပ်၌ ကားပါကင်ထိုးပြီးနောက် ရှေ့ကဦးဆောင်သွားနေသည့်ဂျွန်နောက်သို့ ရှောင်းကျန့်လိုက်သွားသည်။ ရှောင်းကျန့်၏ခြေလှမ်းများသည်အလွန်နှေးလွန်းသည်ကြောင့် အရှေ့သို့ကြိုရောက်နေပြီဖြစ်သော ဂျွန်ကစိတ်ရှည်ရှည်ဖြင့်ဖြည်းဖြည်းချင်းစောင့်ရင်းခေါ်ဆောင်သွားသည်။
၃၈ လွှာကိုရောက်လာပြီဖြစ်သောရှောင်းကျန့်သည် နက်မှောင်ပြောင်လက်နေသည့်မှန်ကြွေခင်းများပေါ်သို့လျှောက်လှမ်းလာကာဂျွန်ညွှန်ပြသည့် အနက်ရောင်ဆိုဖာခုံပေါ်တွင် ကျုံ့ကျုံ့လေးဝင်ထိုင်လိုက်သည်။