"ရောက်ပါပြီ..."
ဆေးရုံဝန်းထဲကိုရောက်နေပြီဖြစ်၍ကားအနောက်ခန်းတံခါးကို ဖွင့်ပေးထားသည်မှာ နှစ်မိနစ်ခန့်ရှိနေပြီဖြစ်သော်လည်း ထွက်လာခြင်းမရှိသေးသည့် ဝမ်ရိပေါ်ကို ဂျွန် နောက်တစ်ကြိမ်ပြောလိုက်ခြင်းဖြစ်သည်။
ဝမ်ရိပေါ်အနေနဲ့ အိမ်ကမထွက်လာခင်ကတည်းကခါတိုင်းထက်စာရင်ရုပ်ရည်အသွင်အပြင်နဲ့ပတ်သက်၍ ပိုပြီးဂရုစိုက်လာသည်ကိုဂျွန်သတိထားမိခြင်းဖြစ်ပြီး လမ်းခရီးတစ်လျှောက်၌လည်း ပင့်သက် ခဏခဏရှိုက်လာသည်ကို သတိထားမိသည်ကြောင့်...
"စိတ်လှုပ်ရှားနေတာလား ခင်ဗျ..."
ဂျွန်၏အမေးကိုဝမ်ရိပေါ် ပြန်ဖြေခြင်းမရှိ။မျက်နှာအမူအရာက ပုံမှန်အတိုင်းတစ်ချက်ပင်ပြောင်းလဲခြင်းမရှိသော်လည်း ကားပေါ်မှဆင်းလာသည့်အခိုက်ပင့်သက်ခိုးရှိုက်လိုက်သည်ကို ဂျွန်ရိပ်စားမိလိုက်သည်။
"ရောက်လာပြီလား ရိပေါ်..."
ဝမ်ရိပေါ်ရောက်နေသည်ကိုတွေ့သည့် ကလိုဝီက ဝမ်ရိပေါ်ရှိရာသို့လျှောက်လို့လာ၏။မနေ့ညက သူ့အိမ်ကိုလာတုန်းကလို လူကြီးဆန်ဆန်ဝတ်စားထားခြင်းမဟုတ်ဘဲ လူငယ်ဆန်ဆန်ရှပ်လက်တိုအနက် ရောင်နှင့် ဒူးဖုံးဘောင်းဘီအနက်ရောင်ကိုသာပေါ့ပေါ့ပါးပါးဝတ်ဆင်ထားသည့်ဝမ်ရိပေါ်ကိုကလိုဝီအသေအချာကြည့်လိုက်မိသည်။အနောက်သို့လှန်ဖီးထားသည့်ဆံပင်တို့ကမူ မပြောင်းမလဲနဂိုအတိုင်းပဲဖြစ်၏။
"စိန့်လောရန့်က volunteer တွေကဟိုဘက်မှာ..."
ကလိုဝီခေါ်သွားသည့်ဘက်ကိုလိုက်သွားသည့်ဝမ်ရိပေါ်က ခရီးသွားဘတ်စ်ကားပေါ်မှအလျှိုလျှိုဆင်းလာကြသည့် လူအယောက်သုံးဆယ်ခန့်ကိုတွေ့၏။
တယော၊ ဂစ်တာ၊ ကီးဘုတ်စသည့်တူရိယာပစ္စည်းများကိုင်ဆောင်လာကြသူများ၊ လက်ဆောင်ပစ္စည်းများ၊အသင့်ထုတ်ပြီးထားသော မုန့်ထုပ်များကိုင်ဆောင်လာကြသူများ၊ လက်မှုပညာပြုလုပ်သည့်ပစ္စည်းများကိုင်ဆောင်လာကြသူများစသည်ဖြင့်အသီးသီးဖြစ်သည်။
ပရဟိတလုပ်ကြသူများဆိုသည့်အတိုင်းအားလုံး၏မျက်နှာထက်တွင်စေတနာဆိုသည့်အရာများပျော်ဝင်နေခြင်းဖြစ်ပြီး အပြုံးကိုယ်စီဖြင့်ဖြစ်၏။ထို့အပြင်ထိုလူများသည် အဖွဲ့အစည်းတံဆိပ်ပါဝင်သော အင်္ကျီဆင်တူများဝတ်လာကြခြင်းမရှိဘဲ ရိုးရိုးသာမန်ပေါ့ပေါ့ပါးပါးအဝတ်အစားများသာဝတ်ဆင်လာကြသည်ဖြစ်၍ ဝမ်ရိပေါ်သည်လည်းအခက်အခဲမရှိစွာ ထိုသူတို့နှင့်တစ်သားတည်းလိုဖြစ်လို့သွားသည်။
