နွေရာသီ၏အပူချိန်ကပြင်းလွန်းသည်ကြောင့် လေအေးပေးစက်မရှိ ပန်ကာသာရှိသည့်ရှောင်းကျန့်၏အခန်းသည် အပြင်ဘက်ကနေရောင်ကြောင့် ရှိန်းလို့နေ၏။
အပူဒဏ်သိပ်ခံနိုင်ရည်မရှိသည့် ရှောင်းကျန့်၏ခန္ဓာ ကိုယ်သည် ချွေးများဖြင့်ရွှဲနစ်လို့နေကာ ချွေးအဖြစ် ဆုံးရှုံးလို့သွားသည့် ရေဓာတ်များကိုပြန်လည်ဖြည့်ဆည်းဖို့ရန်ရေသောက်ဖို့လိုအပ်နေကြောင်းဦးနှောက်မှ တောင်းဆိုနေသည်မှာ လွန်ခဲ့သည့်တစ်နာရီကတည်းကဖြစ်၏။
သို့သော် အိမ်အောက်ထပ်၌ အရေးကြီးသည့် ဧည့် သည်များရောက်ရှိနေသည်ကြောင့် လူကြီးများက သူ့အား အခန်းထဲမှမထွက်ရဟုပြောထားသည့်အခါရှောင်းကျန့်ရေဆာနေသော်ငြားအပြင်ကိုထွက်ဖို့အခွင့်မသာတာဖြစ်သည်။
ရှောင်းကျန့်တတ်နိုင်သည်အထိ တောင့်ခံ၍ထားသော်လည်း အချိန်ကသုံးနာရီခန့်ကြာမြင့်လို့လာသည့်အခါ အခန်းတံခါးကိုအသာလေးဖွင့်၍အပေါ်ထပ်မှာအလုပ်သမားတစ်ယောက်တစ်လေများရှိမလား အထင်ဖြင့် ဟိုဒီကြည့်လိုက်၏။
လူရှင်းနေသည့်ပုံအရ အလုပ်သမားများအားလုံး အောက်ထပ်တွင်ရောက်လို့နေဟန်ရှိပြီး အကူအညီတောင်းခံဖို့တစ်ယောက်မှမရှိသည့်အခါ အရဲစွန့်၍ အောက်ထပ်သို့သွားသည့် လှေကားနားသို့ခြေသံမထွက်အောင်လျှောက်သွားလိုက်၏။
"ဒါဆို ဒီနေ့နှစ်ဖက်မိသားစုအတူတူ အပြင်မှာညစာ စားလိုက်ကြတာပေါ့..."
"ကောင်းတာပေါ့ဗျာ..."
အောက်ထပ်ဧည့်ခန်းဆီမှအပြန်အလှန်ပြောဆိုနေကြသည့် စကားသံများကို ရှောင်းကျန့်နားထောင်ရင်းမျှော်လင့်ချက်ရောင်ခြည်လေးများထွက်ပေါ်လို့လာ၏။ အကယ်၍ လူကြီးများအားလုံးအခုအပြင်သွားမည်ဆိုလျှင် သူအောက်ထပ်ဆင်းပြီး ရေသောက်နိုင်မည်ဟု တွေးမိလိုက်ခြင်းကြောင့်ဖြစ်သည်။
လှေကားအကွယ်လေး၌ စိတ်ရှည်ရှည်စောင့်လို့နေသည့်ရှောင်းကျန့်သည် လူကြီးများမရှိတော့သည်ကိုသေချာသွားသည့်အခါ အောက်ထပ်သို့အမြန်ပြေးဆင်းသွားပြီး ရေခဲသေတ္တာရှိရာစားသောက်ခန်းထဲသို့တစ်ချိုးတည်းပြေးဝင်သွား၏။ ပြီးလျှင်တော့ရေခဲသေတ္တာတံခါးကိုအမြန်ဖွင့်လိုက်ပြီး အထဲမှရေတစ်ဘူးကိုထုတ်ကာ ဖန်ခွက်ထဲထည့်၍သောက်၏။