"ဝုတ်...ဝုတ်..."
သံဇကာများပတ်ပတ်လည်ကာရံထားသော ကွင်းပြင်ကျယ်ကြီးတွင် တိဗက်တန် အိမ်စောင့်ခွေး (Tibetan Mastiff ) တို့၏ဟောင်သံများသည် ဟိန်းထွက်လို့နေ၏။
တိဗက်တန်ခွေးတို့သည် အခြားသောခွေးများနှင့်ယှဉ်လျှင် အရွယ်အစားသိသိသာသာပို၍ကြီးမားလှပြီးအမွှေးပွပွပုံစံကြောင့်တစ်ခါတစ်ရံချစ်စရာကောင်းသည့်အသွင်ကိုဆောင်သော်ငြား ရက်စက်တတ်သည့်အကျင့်စရိုက်ကြောင့်လည်း ကျားနိုင်ခွေးများဟုပင်တင်စားခြင်းများလည်းရှိ၏။ [AN: ကျားကိုတကယ်မနိုင်ပါ၊ တင်စားခြင်းသပ်သပ်သာဖြစ်ပါသည်။]
မိမိလိုချင်သည့်ပုံစံအနေအထားရရှိရန် ၆ လသားအရွယ်ကတည်းမှစတင်၍ လေ့ကျင့်သင်ကြားရမည်ဖြစ်ပြီး အိမ်စောင့်ခွေးဆိုသည့် ဆောင်ပုဒ်နှင့်အညီ ၎င်းတို့၏သခင်မိသားစုအပေါ်အင်မတန်သစ္စာစောင့်သိတတ်ကြသော ခွေးများဖြစ်သည်။
ထို့အပြင်ကာကွယ်ပေးတတ်သောဗီဇအရ သခင်အပေါ်တွင်တော့ ယုယညင်သာသောအမူအရာများပြတတ်ပြီး၊ သူစိမ်းအပေါ်၌မူ ရက်စက်ကြမ်းကြုတ်တတ်ခြင်းမျိုးပင်ဖြစ်၏။ထို့ကြောင့်အခြားသူစိမ်းတစ်ဦးက၎င်းတို့၏သခင်ကိုအန္တရာယ်ပြုပါလျှင် အစွမ်းကုန်တိုက်ခိုက်တတ်သော အမူအကျင့်များရှိသည်ကြောင့်လည်း ထို တိဗက်တန်ခွေးများကိုအိမ်စောင့်အဖြစ်ထားပါက အလွန်ပင်လုံခြုံစိတ်ချရတာဖြစ်၏။
"ဝုတ်...ဝုတ်..."
တိဗက်တန်ခွေးများဆယ်ကောင်ခန့်ရှိသည့်ဝန်းထဲသို့ အသင့်ဖွင့်ပေးထားသော စည်းရိုးတံခါးမှတစ်ဆင့် ဝမ်ရိပေါ် ဝင်ရောက်လာသည်။ဝမ်ရိပေါ်၏လက်ထဲတွင် ယုန်ဖြူလေးတစ်ကောင်ကို လက်နှစ်ဖက်ဖြင့်အသေအချာရင်ခွင်ပိုက်ပွေ့ချီလို့ထားပြီး ယုယညင်သာစွာပွတ်သပ်ပေးလို့နေတာဖြစ်သည်။ဝမ်ရိပေါ်၏လက်ထဲက သားကောင်ငယ်ဖြစ်သော ယုန်ဖြူလေး၏ရနံ့အား ဝန်းထဲရှိတိဗက်တန် ခွေးကြီးများအနံ့ခံမိသည့်အခါ အသားစားသတ္တဝါတို့၏ဗီဇအရ အဆက်မပြတ်ထိုးဟောင်လို့နေ၏။
ထိုခွေးများသည်ယုန်ဖြူလေးအားထိုးဟောင်နေသော်လည်းသူတို့ဘေးမှ သခင်ဖြစ်သူဝမ်ရိပေါ်ဖြတ်လျှောက်သွားလျှင်ပဲ အကုန်လုံးငြိမ်သက်လို့သွား၏။ဟောင်သံများယတိပြတ်တိတ်ဆိတ်လို့သွားသည့်အခါ ကိုယ့်အာရုံဖြင့်ကိုယ်ဖြစ်နေသောခွေးထိန်းဝန်ထမ်းခေါင်းဆောင်သည် ဝမ်ရိပေါ်၏တည်ရှိနေမှုကိုသတိပြုမိသွားပြီး ဝမ်ရိပေါ်ရှိရာသို့ အပြေးရောက်လာ၏။
