ဘေကျင်းမြို့၏အထင်ကရတရားရုံးရှေ့တွင်မီဒီယာများသူ့ထက်ငါအပြိုင်အလုအယက်နေရာယူထားကြသည်မှာ မနက်မိုးစင်စင်မလင်းခင်ကတည်းကဖြစ်သည်။
လွန်ခဲ့သည့်တစ်ပတ်ကအုံးအုံးကြွကြွဖြစ်စေခဲ့သည့်သတင်းတစ်ခုက အမတ်လောင်းရှောင်းချန်နှင့်ဇနီးအသတ်ခံရမှု၌ ပျောက်ဆုံးနေခဲ့သော သမီးဖြစ်သူရှောင်းမီနာက လပေါင်းများစွာကြာသည့်အခါမှ လသားကလေးငယ်ကိုပွေ့ချီ၍ ရဲစခန်းတစ်ခုထဲသို့ရောက်လာကာလူသတ်မှုအတွက်ဖြောင့်ချက်ပေးခဲ့သည့်သတင်းဖြစ်သည်။
သတင်းကြားရသူများမယုံနိုင်စရာအံ့အားသင့်ခဲ့မှုက ရှောင်းမီနာ၏ထွက်ဆိုချက်အရ ထိုလူသတ်မှုကိုကျူးလွန်ခဲ့သည်မှာသူကိုယ်တိုင်ဖြစ်ပြီး သူနှင့်အတူအခြားသောကြံရာပါသုံးယောက်ပါရှိခဲ့သည်ဟုဆိုခဲ့ခြင်းဖြစ်၏။
စစကြားရသည့်ရဲအရာရှိသည်လည်း ရှောင်းမီနာ၏ထွက်ဆိုချက်ကို မယုံကြည်သည်ကြောင့်အထက်သို့တင်ပြခဲ့ပြီး ထိုကာလအတွင်း၌ ရှောင်းမီနာကို စခန်းတွင် အချိန်အပိုင်းအခြားတစ်ခုအထိချုပ်နှောင်ထားခဲ့တာဖြစ်သည်။ရှောင်းမီနာ၏ကလေးကိုတော့ တာဝန်ရှိသူအချို့၏လက်ထဲတွင်ခေတ္တအပ်နှံထားခြင်းဖြစ်၏။အထက်ထိတင်ပြခဲ့သောရှောင်းမီနာ၏ထွက်ဆိုချက်သည် တိုင်းရဲမှူးအထိရောက်ရှိခဲ့တာဖြစ်ပြီး တိုင်းရဲမှူးကိုယ်တိုင်ကွပ်ကဲဖို့ဖြစ်လာခဲ့ရ၏။
ရှောင်းမီနာကိုချုပ်ထားသည့်အချိန်၌ အမှုလိုက်ရဲများသည် ရှောင်းမီနာထွက်ဆိုသည့်အတိုင်း ကျန်ရှိနေသေးသောသက်သေခံပစ္စည်းများ၊ အချက်အလက် များကို စီစစ်ရှာဖွေသည်။ပြီးလျှင်ရှာဖွေတွေ့ရှိသမျှကို သူတို့၏အထက်လူကြီးဖြစ်သူတိုင်းရဲမှူးကို တင်ပြပြီး တိုင်းရဲမှူးကိုယ်တိုင်ပင်သက်သေများအတည်ပြုပေးခဲ့တာဖြစ်၏။
ယနေ့တွင် ရှောင်းမီနာကိုပထမဦးဆုံးအကြိမ်ဖြင့်ရုံးထုတ်စစ်ဆေးခြင်းဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် ရှောင်းမီနာက တရားသူကြီးရှေ့တွင်တရားဝင်ဖြောင့်ချက်ပေးရမည်ဖြစ်၏။ထို့ကြောင့်မီဒီယာများအနေဖြင့်သတင်းဦးသတင်းဖျားများရရှိရန် တရားရုံးရှေ့မှာဇွဲကောင်းကောင်းဖြင့်စောင့်နေကြခြင်းဖြစ်သည်။စောင့်ဆိုင်းနေကြသူများအထဲ၌ မီဒီယာများနှင့်အတူအခြားသောသူများလည်းရှိကြသေး၏။