ကလိုဝီသည် အသက် ၁၂ နှစ်အရွယ်ခန့်၌ တရုတ်နိုင်ငံမှအီတလီနိုင်ငံသို့ပြောင်းရွှေ့အလုပ်သမားအဖြစ်ရွှေ့ပြောင်းလာကြသည့်မိဘများနှင့်အတူလိုက်ပါခဲ့ရခြင်းဖြစ်သည်။
နိုင်ငံရပ်ခြားတွင်လူမျိုးခြားအဖြစ်နေရသော်လည်း သိမ်ငယ်ခြင်းမရှိဘဲငယ်စဉ်ကတည်းကအပတ်တကုတ်ကြိုးစားခဲ့သည်ဖြစ်ရာ အသက်၂၈နှစ်အရွယ်ရောက်သည့်အခါ သူဝါသနာပါရှိသော စိတ်ကျန်းမာရေးအထူးကုဆရာဝန်အဖြစ် ဆေးရုံတွင်နေရာရနေပြီဖြစ်၏။
သို့သော်ရည်မှန်းချက်မြင့်မားသည့်လူတစ်ဦးဖြစ်သည့်အလျောက်လက်ရှိတွင် ရောက်နေသည့်အနေအထားထက်ပို၍မြင့်သော ပါရဂူဘွဲ့အတွက်လုံးပန်းနေခြင်းဖြစ်၏။ထို့ကြောင့်ကလိုဝီသည် ဆေးရုံအလုပ်ပြီးချိန်တွင်အိမ်ကိုတန်းပြန်လာလေ့မရှိဘဲ ပါရဂူအတန်းအတွက်အချိန်ပိုင်းတက်ကာ ည ၈ နာရီ ၉ နာရီခန့်မှသူတစ်ဦးတည်းနေထိုင်သောတိုက်ခန်းသို့ရောက်ရှိလာ၏။
တိုက်ခန်းရှေ့သို့ရောက်ရှိသည့်အခါ ကလိုဝီသည်တံခါးသော့ကိုဖွင့်ဖို့သော့ကိုထုတ်လိုက်စဉ် ခါတိုင်းနှင့်မတူစွာ သော့ခလောက်ကပွင့်လျက်သားဖြစ်နေသည်ကိုသတိထားမိလိုက်သည်ကြောင့် လက်များတုံ့ဆိုင်းသွားရသည်။ မူမမှန်သည့်အခြေအနေတွင် ကလိုဝီသည်သတိကြီးစွာထား၍ အိမ်တံခါးကိုတွန်းဖွင့်ကာဝင်လာခဲ့သည်။ တိတ်ဆိတ်နေသော်လည်း မသိစိတ်ထဲမသိုးမသန့်ဖြစ်နေသည့်အခါ ဖိနပ်ချွတ်နေရာမှာရှိသည့် မီးခလုတ်ကိုဖွင့်လိုက်ပြီးဧည့်ခန်းတစ်ခုလုံးကို လင်းထိန်စေလိုက်၏။
မီးများထိန်လင်းသွားမှ မြင်လိုက်ရသည့်ဧည့်ခန်းအတွင်းမှမြင်ကွင်းကြောင့်ကလိုဝီအသက်အောင့်လိုက်မိသည်။ မည်မျှပင်ထက်မြက်သည့်လူတစ်ဦးဖြစ်သော်လည်း မိန်းမသားဖြစ်သည့်အလျောက်မိမိ၏ဧည့်ခန်းအတွင်း မတ်တပ်ရပ်နေကြသည့်သန်သန်မာမာယောကျာ်းသားငါးယောက်ခန့်ရှိနေသည့်မြင်ကွင်းကိုကလိုဝီမင်သက်မိသွားခြင်းဖြစ်သည်။
ကလိုဝီ၏စိတ်ထဲအလွန်အမင်းကြောက်လန့်နေသော် လည်း စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးဖြစ်သည့်အလျောက်ကိုယ့်စိတ်ကိုကိုယ်နိုင်အောင်ပြန်ထိန်း၍ မ ကြောက်သည့်ဟန် မာန်တင်းလိုက်ကာ တည်ငြိမ်သည့် ခြေလှမ်းများဖြင့်လျှောက်လာခဲ့သည်။ထိုသို့လျှောက် လာရင်းဧည့်ခန်းအလယ်ရှိဆိုဖာခုံတွင်ခြေချိတ်ထိုင်နေသော အာရှလူမျိုးလူရွယ်တစ်ဦးနှင့်ထိုလူရွယ်၏ဘေးတွင်အနီးကပ်မတ်တပ်ရပ်နေသော လူတစ်ယောက်ကိုထပ်တွေ့၏။