"ရောက်ပြီ ဆင်းတော့..."
ကားအနက်တစ်စီး၏အနောက်ခန်းမှာလိုက်ပါစီးနင်းနေသည့် အသက် ၆ နှစ်အရွယ်ရှောင်းကျန့်သည် သူ့ဘေးတွင်ခပ်ခွာခွာထိုင်နေသော ဖခင်ဖြစ်သူရှောင်းချန်၏အသိပေးမှုကြောင့် ပေါင်ပေါ်တင်ထားသည့်လက်ဆွဲအိတ်လေးကို လက်နှစ်ဖက်နှင့်သေချာဆုပ်ကိုင်လိုက်သည်။
ဖခင်ဖြစ်သူဟုဆိုရာတွင် ရှောင်းကျန့်အနေနဲ့ ရှောင်းချန်ကို ယနေ့မှပထမဦးဆုံးတွေ့ဖူးခြင်းဖြစ်ပြီး၊ မွေးဖွားခဲ့သည့်အရွယ်မှစ၍ အသက် ၆ နှစ်ထိတိုင်တစ်ခါမှ တွေ့မြင်ခဲ့ဖူးခြင်းမရှိတာဖြစ်သည်။
ရှောင်းကျန့်၏မိခင်ဖြစ်သူမှာရောဂါအခံတစ်ခုကြောင့်မနေ့ညမှဆုံးပါးခဲ့ခြင်းဖြစ်ကာဒီနေ့မနက်ချက်ချင်းမြေချပြီးမကြာခင်မှာပင် ရှောင်းကျန့်တစ်ခါမှ မတွေ့ဖူးသည့်ဖခင်ဖြစ်သူက လာရောက်ခေါ်ဆောင်ခဲ့တာဖြစ်၏။
ရှောင်းကျန့်၏မိခင်သည် ဆွေမျိုးဟူ၍မရှိသည့်တစ်ကောင်ကြွက်ဖြစ်ကာ နယ်မြို့လေးတစ်ခုတွင်နေထိုင်သူဖြစ်ပြီး ထိုနယ်ဘက်သို့အလုပ်ခရီးမကြာခဏသွားရသော ရှောင်းချန်နှင့်ပတ်သက်ခဲ့တာဖြစ်သည်။
အမြင်မကျယ်သည့်အမျိုးသမီးငယ်တစ်ဦးဖြစ်သည့်အလျောက် ရှောင်းချန်ကို အိမ်ထောင်ရှိသည့်အမျိုးသားတစ်ဦးဟုသိရှိခဲ့ခြင်းမရှိဘဲ ရပ်ဝေးချစ်သူဘဝဖြင့်ဆုံတွေ့သည့်အချိန်တိုင်းမကြာခဏပေါင်းသင်းနေထိုင်ခဲ့ခြင်းဖြစ်သည်။
ရှောင်းကျန့်ကို ကိုယ်ဝန်ရလာသည့်အချိန်တွင်မူချစ်သူဖြစ်သူရှောင်းချန်အား လက်ထပ်ဖို့တောင်းဆိုခဲ့သည့်အခါရှောင်းချန်ကသူ့တွင် အိမ်ထောင်နှင့်ကလေးရှိကြောင်းဖွင့်ဟခဲ့၍ ယခုရလာသည့်ကိုယ်ဝန်အားတာဝန်မယူနိုင်သည့်အတွက်ကြောင့်ဖျက်ချဖို့အထိပြောဆိုခဲ့တာဖြစ်သည်။
မိမိ၏ရင်သွေးကို မဖျက်ချရက်သည့် ရှောင်းကျန့်၏မိခင်သည် သူ့အားကိုယ်ဝန်ဖျက်ချဖို့စဉ်ဆက်မပြတ်တိုက်တွန်းခဲ့သော ရှောင်းချန်ကိုစိတ်နာ၍ အဆက်အသွယ်ဖြတ်ခဲ့ကာ မည်သူတစ်ဦးတစ်ယောက်၏အကူအညီမှ မရယူဘဲ ရှောင်းကျန့်ကိုမွေးဖွားခဲ့ခြင်းဖြစ်သလို၊ ယခုလက်ရှိအရွယ်ရောက်သည်အထိ တစ်ကိုယ်တည်း ပြုစုစောင့်ရှောက်ပေးခဲ့တာဖြစ်သည်။