[AN: Mild Disturbing Content Alert! ]
နန်ဟိုင်း အထွေထွေဆေးရုံကြီး။
"ဝှီးရော်...ဝှီးရော်..."
ဆေးရုံကား အချက်ပေးဥဩသံကြားသည်နှင့် အရေးပေါ်ဌာနအဝင်ပေါက်တွင် အသင့်စောင့်နေသော ဆရာဝန်တချို့နှင့်သူနာပြုများအသင့်အနေအထားပြင်လိုက်၏။
"အသက် ၆၀ ဝန်းကျင်...သွေးထွက်လွန်...နောက်ဆုံးတိုင်းတာခဲ့တဲ့ သွေးပေါင်ချိန်က ၇၈/၄၃၊ နှလုံးခုန်နှုန်း ၁၄၅၊ အမြင့်ဆုံး အောက်ဆီဂျင်ပေးထားပေမယ့် သွေးတွင်းအောက်ဆီဂျင်ပမာဏ ၈၄ ရာခိုင်နှုန်း..."
ဆေးရုံကားပေါ်မှ ဆင်းလာသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးမှသူတို့သယ်ဆောင်လာသည့် လူနာ၏ အခြေအနေကို အတိုချုံးပြောလိုက်ပြီး လူနာကိုဆေးရုံကားပေါ်မှတစ်ဆင့် သူနာပြုများ၊ ဆရာဝန်များ၏အကူအညီဖြင့်အရေးပေါ်ဌာနသို့ ပို့ဆောင်ကြ၏။
တွန်းလှည်းကုတင်ပေါ်တွင်ပါလာသော လူနာ၏အသွင်အပြင်သည် ဆရာဝန်နှင့်သူနာပြုများကို တဒင်္ဂထိတ်လန့်တုန်လှုပ်စေသည်။ မည်မျှ လုပ်သက်ရင့်ဝါရင့်ဖြစ်ကြပါစေမူ သူတို့ အလုပ်သက်တမ်းတစ်လျှောက်လုံး၌ ထိုသို့ရုပ်ပျက်ဆင်းပျက် မြင်ကွင်းမျိုးကိုလက်တွေ့ဘဝ၌မြင်ဖူးခြင်းမှာရှားလွန်းတာဖြစ်၏။
သူတို့တွန်းခေါ်လာသော သွေးသံတရဲရဲနှင့်လူနာသည် လက်နှစ်ဖက်စလုံး တံတောင်ဆစ်နေရာမှပြတ်နေသည်သာမက ခြေထောက်နှစ်ဖက်စလုံးသည်လည်း ဒူးခေါင်းနှင့်အထက်မှကြေမွနေခြင်းဖြစ်ကာ အသားစိုင်များကလည်း ဟိုတစ်စဒီတစ်စထွက်နေတာဖြစ်၏။
ဆေးရုံကားပေါ်၌ တတ်နိုင်သမျှ သွေးတိတ်အောင်ပတ်တီးများဖြင့် စည်းနှောင်ကြိုးစားခဲ့ဟန်ရှိသော်လည်း ယခုတွင်မူသွေးများက အတားအဆီးမဲ့ ဆေးရုံကော်ရစ်တာတစ်လျှောက် ရေဖြန်းထားသကဲ့သို့ တဝေါဝေါစီးကျလို့နေတာဖြစ်၏။
လျှာဖြတ်ခံထားရဟန်ရှိသည့် အာခံတွင်းနေရာသည်သွေးများတရဟောစီးကျလို့နေသည်ကြောင့် လူနာသည်ကိုယ့်သွေးနှင့်ပင် ကိုယ်ပြန်သီးနေသည့်ဟန် အဆက်မပြတ်ချောင်းများဆိုးနေတာဖြစ်၏။ထို့အပြင်ပြင်းထန်စွာရိုက်နှက်ခြင်းခံထားရသကဲ့သို့ ဦးခေါင်းနေရာသည်လည်းသွေးများစိမ့်ထွက်လို့နေ၏။
