ရှောင်းမီနာသူ့ရင်ခွင်ထဲထွေးပိုက်ပြီးနို့ချိုတိုက်ကျွေးနေရသောရင်သွေးငယ်ကိုကြည့်မဝနိုင်အောင်ဖြစ်နေသည်။မွေးဖွားခဲ့သည့်နေ့၌ ခေတ္တခဏလေးသာတွေ့လိုက်ရပြီး ကလေးတစ်လကျော်အရွယ်ရောက်မှနောက်ထပ်တစ်ခေါက်တွေ့နေရခြင်းဖြစ်၏။
မိခင်ရင်ခွင်ဆိုတာကိုအခုမှခံစားမိဟန်ရှိသောကလေးငယ်သည်မွေးကတည်းကနေ့တိုင်းစို့လာရသည့်နို့ဘူးထက်မိခင်နို့ကိုပို၍ခုံမင်ဟန်ရှိသည်။ထိုအခြင်းအရာကိုရှောင်းမီနာကြည့်၍ရင်ထဲလှိုက်ကနဲဖြစ်လို့နေသလိုရင်နာခြင်းများကိုလည်းခံစား၍နေရ၏။
အကယ်၍ကံကြမ္မာကြီးသာမပြောင်းလဲခဲ့ဖူးဆိုလျှင်သူသည်သူ၏သားလေးနှင့်အိမ်ကောင်းရာကောင်း၌မိဘဘိုးဘွားစုံလင်စွာဖြင့်နေရမည်ဖြစ်သည်။ယခုလိုဒီနေ့ဘာဖြစ်မည်၊မနက်ဖြန်ဘာဖြစ်မည်ဆိုတာမရေရာသည့်အခြေအနေကိုလည်းဖြတ်သန်းရမည်မဟုတ်သလိုသူ၏သားလေးကိုရွှေဘုံပေါ်မှာကျော့ကျော့မော့မော့လေးထားနိုင်မည်ဖြစ်သည်။
အိမ်ထောင်သက်တွေကြာလာတဲ့အထိကလေးမရနိုင်ခဲ့သည့်သူနဲ့သူ့အမျိုးသားကနှစ်တွေအကြာကြီးနေမှရလာသောကိုယ်ဝန်ကိုအင်မတန်ဂရုစိုက်ခဲ့ပြီးမျှော်လင့်ချက်တွေအများကြီးထားခဲ့တာဖြစ်၏။ဒီကလေးလေးသာမွေးလာခဲ့မည်ဆိုလျှင် သူ့အမျိုးသားအားလောင်းကစားငွေကြေးအရှုပ်အရှင်းတွေကြောင့်အမွေပြတ်စွန့်လွှတ်ထားသောသူ့ယောက္ခမများကလည်း"သားအချစ်မြေးအနှစ်"ဆိုသည့်အတိုင်းပြန်လည်ကြည်ဖြူလိမ့်မည်ဟုတွက်ချက်ထားခဲ့ခြင်းဖြစ်၏။
သို့သော်လည်းဘာကြောင့်ကံကြမ္မာကသူ့သားလေးအပေါ်ရက်စက်နေရတာလဲ။အပြစ်မရှိတဲ့ဒီသားလေးကိုမှလေ။
"အဲ့~~"
မိခင်နို့ချိုကိုတစ်ဖက်တည်းစို့ရတာအားမရသည့်ကလေးကငိုနေသည့်အခါ ရှောင်းမီနာကမိခင်အသိစိတ်ဖြင့်ခန္ဓာကိုယ်အနေအထားပြောင်းလိုက်တော့ ကလေးကအငိုတိတ်လို့သွားသည်။
ရှောင်းမီနာကသူ့ကလေး၏နီထွေးနေသည့်ပါးဖောင်းဖောင်းလေးများနှင့်နဖူးလုံးလုံးလေးကိုငုံ့နမ်းသည်။လက်ချောင်းလေးများကိုလည်းယုယုယယနမ်း၍ခြေဖဝါးသေးသေးလေးများအားလည်းကြင်နာစွာသူ့ပါးပြင်နှင့်ထိတွေ့ကြည့်၏။သူ့သားလေး၏ခန္ဓာကိုယ်အစိတ်အပိုင်းလေးများသည်သူ့အတွက်အဖိုးမဖြတ်နိုင်သောရတနာများကဲ့သို့ပင်ဖြစ်သည်။