"Code xxx "
အော်ပရေတာမှကြေညာသံကြောင့် နန်ဟိုင်းဆေးရုံ၏စိတ်ကျန်းမာရေးဆောင်ရှိ သီးသန့် လူနာခန်းထဲသို့ဆရာဝန်များ၊သူနာပြုများနှင့်လုံခြုံရေးများပြေးဝင်လို့လာသည်။
"အရာရှိများအပြင်ကိုခဏထွက်ပေးကြပါရှင့်..."
ဆရာဝန်တစ်ဦး၏မေတ္တာရပ်ခံမှုကြောင့် လီရှင်းအပါအဝင် အခြားသောရဲအရာရှိများအခန်းတွင်းမှထွက်လာခဲ့ကြသည်။ အခန်းပြင်ရောက်သည့်အခါလီရှင်းစိုးရိမ်စိတ်ကြောင့် အပြင်ဘက်ကနေပြန်ကြည့်လိုက်သည်။
အိမ်တော်ထိန်းလီသည် ပုံမှန်မဟုတ်သည့်စိတ်အခြေအနေကြောင့် အထူးကြပ်မတ်ဆောင်မှထွက်လာရပြီးချင်းမှာပင် စိတ်ကျန်းမာရေးအဆောင်သို့ပြောင်းရွှေ့နေရသည်မှာတစ်ပတ်ခန့်ရှိပြီဖြစ်သည်။ဖခင်ဖြစ်သူအားဘေကျင်းရှိ ဆေးရုံသို့လီရှင်းပြောင်းရွှေ့လိုသော်လည်း လက်ရှိအနေအထားအရဆေးရုံအုပ်ဖြစ်သူ ကလိုဝီ၏အကြံပေးမှုနှင့်တိုက်တွန်းမှုကြောင့် နန်ဟိုင်းဆေးရုံမှာပဲဆက်ရှိနေသေးခြင်းဖြစ်၏။
အခန်းထဲမှ သူ့ဖခင်၏ အော်ဟစ်သံများကြားနေရသည့်လီရှင်းသည်ခံပြင်းမှုကြောင့်နှုတ်ခမ်းများတဆတ်ဆတ်တုန်နေသည်။ အခုသူ့အဖေအော်ဟစ်နေရခြင်းအကြောင်းမှာ ခုနကသူနှင့်အမှုစစ်အရာရှိများ သံသယဖြစ်ဖွယ်တရားခံများ၏ဓာတ်ပုံများကိုတစ်ခုချင်းပြသမေးမြန်းခဲ့စဉ် ဝမ်ရိပေါ်၏ ဓာတ်ပုံကိုပြသလိုက်သည့်အချိန်၌ ထိန်းမနိုင်သိမ်းမနိုင်စိတ်ဖောက်ပြန်သည့်လူတစ်ယောက်လိုဖြစ်သွားခဲ့တာဖြစ်၏။
"တောက်...! "
လီရှင်း နံရံကိုခြေထောက်နဲ့ကန်လိုက်ပြီး သူ၏ဘေကျင်းရဲဌာနချုပ်ကိုပြန်သွားဖို့ဦးတည်လိုက်၏။
____________ ______________"ဝမ်ရိပေါ်ကို ဝရမ်းထုတ်ပေးပါ..."
ဌာနချုပ်ရောက်သည်နှင့် တိုင်းရဲမှူး၏အလုပ်ခန်းသို့တန်းသွားပြီး တောင်းဆိုနေသည့်လီရှင်းကိုတိုင်းရဲမှူးမျက်မှောင်ကုတ်၍ ကြည့်လိုက်သည်။
"ဘာအကြောင်းကြောင့်လဲ အရာရှိလီ..."
လီရှင်း ရှင်းပြသည့်အကြောင်းအရာများကိုတိုင်းရဲမှူးနားထောင်ပြီးသွားသည့်အခါ...