နန်ဟိုင်းဆေးရုံမှ ဘေကျင်းသို့ပြန်လာသည့် လီရှင်းသည် ဘေကျင်းရဲဌာနချုပ်သို့ရောက်လာသည့်အခါ တိုင်းရဲမှူး အခေါ်လွှတ်သည်ဆို၍ ရုံးခန်းသို့သွားရ၏။
"အခေါ်လွှတ်တယ်ဆိုလို့ပါ..."
ဆလံသပြီး အရိုအသေပြုလာသည့်လီရှင်းကို တိုင်းရဲမှူးက အသိအမှတ်ပြုဆလံပြန်ပေးလိုက်ပြီးနောက်သူ့အလုပ်စားပွဲနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်စေ၏။
"မောင်ရင့် အဖေရဲ့အခြေအနေဘယ်လိုလဲ..."
"စောင့်ကြည့်နေဆဲပါ..."
"မောင်ရင့်အတွက် တော်တော်ခက်ခဲမှာပဲ...ဒီအမှုကိုတခြား အရာရှိတစ်ယောက်နဲ့လွှဲလိုက်မလား..."
"အဆုံးထိကျွန်တော်ကိုယ်တိုင်လိုက်မှာပါ..."
"ဒီအမှုကိုလက်ရှောင်ချင်တဲ့အချိန်ကျရင် အချိန်မရွေးပြောပါ တခြားတစ်ယောက်နဲ့အစားထိုးပေးမယ် ဟုတ် ပြီလား..."
လီရှင်း နာခံသည့်သဘောဖြင့်အံကိုကြိတ်ပြီးခေါင်းညိတ်ပြလိုက်သည်။ထိုအခါ တိုင်းရဲမှူးကလည်းလီရှင်းကိုနှစ်သိမ့်သည့်သဘောဖြင့် ပုခုံးကိုလက်နဲ့နှစ်ချက်ပုတ် ပေးလိုက်ပြီး...
"အခုခေါ်တွေ့ရတဲ့အကြောင်းကပွဲတစ်ခုကို မောင်ရင့် ကိုခေါ်သွားမလို့..."
"ဘာပွဲပါလဲ..."
"လုပ်ငန်းရှင်တစ်ဦးရဲ့ဇနီးမွေးနေ့ပါ...လူမှုရေးသဘောမျိုးနဲ့သွားရတာဆိုတော့ မောင်ရင်နဲ့လည်း အခုကတည်းကရင်းနှီးထားစေချင်လို့..."
တိုင်းရဲမှူး၏စကားကြောင့်လီရှင်းမျက်မှောင်ကိုမှုန်ကုတ်လိုက်သည်။လီရှင်း၏အတွေးကိုဖတ်မိနေသည် လားဟုထင်ရသော တိုင်းရဲမှူးက...
"ဒါမျိုးတွေက မောင်ရင် ရာထူးကြီးလာတဲ့အခါကြုံတွေ့ရမယ့်ဟာတွေပဲ...ရာထူးကြီးတဲ့လူတစ်ယောက်ထိုင်ခုံမှာကြာကြာမြဲဖို့ ကျောထောက်နောက်ခံဆိုတဲ့အရာက မရှိမဖြစ်ကိုလိုတယ်...အခုနေတော့စကားနဲ့ရှင်းပြလို့မရသေးဘူး...မောင်ရင်လည်း နောက်နှစ်လောက် ဆိုရင် ခရိုင်ရဲမှူးဖြစ်လာတဲ့အခါ အခုပြောတဲ့စကားတွေကို ကိုယ်တိုင်ကိုယ်ကျကြုံတွေ့ပြီးနားလည်လာလိမ့်မယ်..."