အခန်း ၁၅၃။ ဟုတ်တယ်။ ငါကလေးမွေးခဲ့တာ။
ဆရာ၀န်မှ ဆေးထိုးအပ်ပြွန်ထဲက လေကိုတွန်းလိုက်သည်နှင့် လင်ကျစ်ရွှမ်တစ်ယောက် ကြောက်လန့်တကြား ထငိုတော့သည်။
ယခင်ဆေးထိုးချိန်က နာကျင်မှုကိုမှတ်မိတာကြောင့် နှစ်ချက်လောက်တွန့်လိမ်သွားကာ ဆေးထိုးရန်အနားကပ်လာသည့် ဆရာ၀န်ကို လက်လေးများနှင့်ရိုက်လွှတ်ရင်း ကြူကြူပါအောင် ငိုတော့သည်။
ကံကောင်းစွာဖြင့် လင်ကျန်းရီက သူ့ကိုသေသေချာချာကိုင်ထားသည်မို့ ဘယ်လောက်ပဲတွန့်လိမ်နေပါစေ ပြဿနာမရှိ။ လက်မောင်းထဲ ဆက်ထွေးပွေ့ထားနိုင်ပါသေးသည်။
သူ့အနောက်ဘယ်ဘက်နားမှ စုကျစ်ယန်သည်သာ မထင်မှတ်ထားသော ရုန်းကန်မှုကြောင့် ကလေးလွတ်ကျမလိုဖြစ်သွားသည်။လင်ကျစ်ရွှမ်တစ်ယောက် အငြိမ်မနေသော်လည်း အနားကပ်လာသည့်ဆရာ၀န်ကို မဟန့်တားနိုင်ပါ။
ငိုကြွေးသံကပိုမိုကျယ်လောင်လာရုံမက အက်ကွဲလာသည်။ သို့တိုင်တစ်ခဏလေးတောင်မနားဘဲ ငိုနေဆဲသာ။
ပါးစပ်သေးသေးလေးသည် ကျယ်လောင်စွာပွင့်ဟနေပြီး လျှာသေးသေးလေးက တုန်ခါနေသည်။ အသက်ရှူရပ်မတတ်ငိုကြွေးနေသည်မို့ မူလကကြီးမားလုံး၀န်းသော မျက်လုံးများသည်ပင် ပိတ်လုနီးနီးဖြစ်ကာ မျက်လုံးထောင့်စွန်းမှ မျက်ရည်များစီးကျနေတော့သည်။ အသည်းအူပြုတ်မတတ် အလွန်အမင်းသနားချင့်စဖွယ် ကောင်းလှပါ၏။
လင်ကျန်းရီသည် လက်မောင်းကိုလှုပ်ကာ ကလေးကိုချော့မြှူသည်။"ရွှမ်ရွှမ်လေးကတော်လိုက်တာ။ ရွှမ်ရွှမ်လေးက ယောက်ျားတစ်ယောက်ပါပဲကွာ။ မငိုပါနဲ့တော့ကွာ... နော်...။ ဆေးထိုးပြီးရင် ဒယ်ဒီကအရသာရှိတာတွေကျွေးမှာ..."
ခြောက်လတောင်မပြည့်တတ်သေးသည့် ကောင်ငယ်လေးက ဒီစကားကိုနားလည်ဟန်တူသည်။ သို့သော် နားလည်လျှင်ပင် ဒီလောက်ငယ်ရွယ်ပြီး သွား၂ချောင်းပဲရှိသေးတဲ့ဟာ။ ဘယ်လိုအရသာရှိတဲ့ဟာတွေ စားနိုင်မှာတဲ့လဲ။
ဆရာ၀န်ဖြစ်သူ၏ နှုတ်ခမ်းထောင့်စွန်းသည် နှစ်ချက်လောက်တွန့်သွားပြီး ချောင်းဟန့်သံတိုးတိုးပြုကာ သင်ကြားပေးသည်။
YOU ARE READING
Book(2)ငါ့မှာကိုယ်၀န်ရှိနေပြီ/ငါ့မွာကိုယ္၀န္ရွိေနၿပီ[Completed]
RomanceDescription နိုက်ကလပ်တွင်ပျော်ရွှင်မှုကိုရှာဖွေပြီးနောက် စိတ်ကူးယဉ်ဆန်သော ညလေးတစ်ညကိုပိုင်ဆိုင်ခဲ့သည်။ အဲဒီ့နောက်မှာတော့ သူ့ဗိုက်ထဲတွင် အစေ့တစ်စေ့ရှိနေကြောင်း ရှာဖွေတွေ့ရှိခဲ့သည်။ အရှေ့အနောက် တစိမ့်စိမ့်တွေးဆပြီးနောက် တာ၀န်ယူခိုင်းရန်အတွက် ကလေးအဖေကိ...