အပိုင်း ၃

499 10 0
                                    


               ' ဒုံး..ဒုံး..´
               ရုတ်တရက် အသံတစ်ခုကြောင့် သူမအိပ်ပျော်နေရာမှ လန့်နိုးသွားရသည်။သူ့ကို ကြည့်တော့ သူကလည်း ထိုင်ခုံနောက်မှီမှာမှီ ခဏမှိန်းနေရာမှ လန့်နိုးသွားဟန် အသံလာရာကို ငြိမ်သက်နားထောင်နေသည်။
           ' ဘာသံလဲဟင်။ဘယ်ကလာတာလဲ ?´
          မေးမိရတော့ သူကတိုးတိုးနေရန် လက်ဟန်ပြသည်။သူက အသံလာရာဘက်ကို စူးစိုက်နေသည်။သို့သော် ဘယ်ကလာသည်ဆိုတာ ခန့်မှန်း၍မရ။   
          (၄)ဖက်(၄)တန်စလုံးမှ လာနေဟန်နှင့်တူနေသည်။အသံက တဖြည်းဖြည်း ပိုကျယ်လာလျက် နီးကပ်လာဟန်ရှိနေတော့ သူက သူမကိုကြည့်ကာ
         ' ကိုယ် လူတစ်ယောက်စီက ကြားဖူးထားတယ်။ဒီမှာ ကြောက်စရာအတော်ကောင်းတဲ့ လူ့ဘီလူးကြီးတစ်ကောင် ရှိတယ်တဲ့။သူကတွေ့သမျှ လူတွေနောက်လိုက်ပြီး တင်းပုတ်နဲ့ရိုက်သတ်တတ်တယ်လို့ပြောတယ်။
        ကိုယ့်အထင် ဒီကောင်ကြီးလာနေပြီထင်တယ်။´
         'ဟင် !? ဒီလိုဆို သွားကြမယ်လေ။သူနဲ့ဝေးအောင် သွားနှင့်ကြမယ်။´
         'မဖြစ်ဘူး။သူက ဘယ်မှာရှိနေမှန်းမှ မသိတာ။ပြေးမှ တည့်တည့်တိုးသွားနိုင်တယ်။ကိုယ်တို့ ခဏစောင့်ပြီး ကြည့်နေရအောင်။ လာ။´
          သူက သူမကို ကျောက်တုံးအကွယ်လေးတစ်ခုဆီသို့ ခေါ်ဆောင်သွား၍ နောက်မှလိုက်သွားရသည်။ကျောက်တုံးလေးနောက်မှာပုန်းရင်း လုံခြုံသည်ဟုမထင်။
         သူ့ကိုကြည့်တော့ အခန်းရှိ တံခါးဝ တစ်ဖက်တစ်ချက်ဆီကို အာရုံစိုက်နေဟန်ရှိ၍ ဘာမျှထပ်မပြောပဲ ငြိမ်နေရသည်။ခဏအကြာ ကျယ်လောင်နေသော ခြေသံက တဖြည်းဖြည်းတိုးသွားတော့ဝမ်းသာသွားပြီး
          ' သွားပြီထင်တယ်။ကျွန်မတို့လည်းသွားကြရအောင်။´
          'နေဦး။ကိုယ်စိတ်မချသေးဘူး။´
          'မရှိတော့ပါဘူး။ရှင်ကလဲ ကြံဖန်ကြောက်နေပြန်ပါပြီ။´ ဟု စိတ်မရှည် ခပ်ဆတ်ဆတ် ပြောလိုက်မိသည်။
           သူက သူမလက်ဆွဲထားစဉ်တွင်ပင် သူမတို့နောက်ကျောမှ ငှက်ပျောပင်တွေပြိုလဲလာသဖြင့် လန့်ဖျပ်သွားကြကာ လှည့်ကြည့်မိလိုက်ကြသည်။
        သူတို့နောက် လုံးဝထင်မှတ်မထားပဲ လူ့ဘီလူးကြီးကရောက်နေသည်။သူ့အရပ်က (၈)ပေလောက်ရှိပြီး၊ဗိုက်ကြီးကလည်းရွှဲကာ  မချိမဆန့် ဝတုတ်နေသည်။
        မျက်လုံးကြီးများက ပြူးပြီး လက်ထဲမှာလည်းတင်းပုတ်ကြီးတစ်ခုကို ကိုင်ထားသည်။သူက သူမတို့ကိုတွေ့သွားဟန်ဖြင့် ခြေတစ်လှမ်းထပ်တိုးလာတော့ သူကသူမလက်ကိုဆွဲကာ ချက်ချင်းထပြေးတော့သည်။
                
                   လူ့ဘီလူးကြီးက သူ့ကိုယ်ခန္ဓာကြီးနှင့်မလိုက် သူမတို့နောက်မှ ထက်ကြပ်လိုက်လာနေသည်။တစ်ခန်းဝင်တစ်ခန်းထွက် ပြေးခဲ့သော်လည်း သူကပြတ်ကျန်မနေခဲ့။သူဝင်ခဲ့သော အခန်းတိုင်းလည်းအကောင်းမရှိ၊ပျက်စီးကျိုးပဲ့ ကျန်ခဲ့ကြသည်။သူမတို့မှာ သူ့တင်းပုတ်ကြီးနှင့်ဝှေ့တိုင်း အသက်လုပြေးခဲ့ကြရသည်။
           တစ်ဖက်ခန်းအရောက် ဇာတ်ပွဲကြည့်နေသော လူအတော်များများနှင့်သွားတိုးသည်။စင်ပေါ်မှာ မင်းသားနှင့်မင်းသမီးက နှစ်ပါးသွား ကနေကြသည်။ 
          သူက လူတွေကြားမှာပင် သူမကိုဆွဲကာ ခပ်မြန်မြန် တစ်ဖက်အပေါက်ကို ရှာသည်။ဇာတ်ပွဲအသံတွေကြောင့် လူတွေက ဘီလူးကြီး၏ခြေသံကို သတိမထားမိကြ။အားလုံးက ပွဲကိုသာ အာရုံစိုက်နေကြသည်။
            အေးအေးလူလူ ရှိနေကြ၍ ချွေးတွေသံတွေနှင့်ပြေးလွှားနေသော သူတို့နှစ်ဦးကို တချို့က ထူးဆန်းသလို လှည့်ကြည့်ကြသေးသည်။
           'ဒီအခန်းမှာ အပေါက်မရှိတော့ဘူးလား ?´ သူ့အမေးကြောင့် တစ်ယောက်က
           ' ဒီအခန်းမှာ ခင်ဗျားတို့ဝင်ခဲ့တဲ့ အပေါက်တစ်ပေါက်ပဲရှိတယ်လေ။ဘာဖြစ်လို့ရှာနေတာလဲ ?´
           ' ဒုက္ခပဲ။နောက်မှာ ဘီလူးကြီးလိုက်လာနေပြီ။´
           ' ဘီလူကြီး ! ဘယ်ကဘီလူးကြီးလဲ ?´
           ပြောနေစဉ်ပင် စင်ပေါ်မှာ ကနေကြသော မင်းသားနှင့်မင်းသမီးက အကရပ်သွားပြီး ကြောင်တောင် အပေါက်ဝရှိရာ လှမ်းကြည့်နေကြတော့ လူတွေလဲ သူတို့နောက်ကျောမှ အပေါက်ကို လှည့်ကြည့်မိကြသည်။
              အပေါက်ဝမှာ လူ့ဘီလူးကြီးက တစ်လစ်ကြီးရောက်နေသည်။သူက အပေါက်ဝမှ သူ့ကိုယ်ခန္ဓာကြီးကို လိုသလိုကျုံ့လျက် အထဲဝင်လာနိုင်ရန် ကြိုးစားနေသည်။
             လူတွေက ကြောက်လန့်တကြားဖြစ်လျက် အော်ဟစ်ဆူညံစွာ ဘယ်ကိုပြေးလို့ ပြေးရမည်မသိ  ရှုပ်ယှက်ခတ်သွားသည်။တချို့ကလွတ်လိုလွတ်ငြား စင်အောက်ပြေးပုန်းကြသည်။
             သူက သူမလက်ကို တင်းတင်းဆုတ်ကိုင်ထားလျက် အခန်းလယ်မှာပင်ရပ်ကာ ဘေးဘီကြည့် ကြံရာမရ ဖြစ်နေသည်။တစ်ပေါက်ထဲရှိသောအခန်းမှာ သူတို့ချောင်ပိတ်မိကြပြီလား ?
          ' ဘယ်ပြေးကြရမလဲဟင်။ကျွန်မတို့ ဘယ်ပြေးကြရမလဲ။´
          သူမ အသံတုန်တုန်လေးက သူ့ဘေးကပ်လျက်ထွက်လာသည်။ 
         ဆောက်တည်ရာမရ ပြေးလွှားနေကြသော လူတွေက သူတို့တွန်းတိုက်နေကြ၍ အချင်းချင်းလူကွဲမသွားစေရန်လည်း မြဲမြဲဆုပ်ကိုင် ထားကြရသေးသည်။
        သူက ရုတ်တရက် စင်ပေါ်မှ မင်းသားနှင့်မင်းသမီးကို သတိရ လှည့်ကြည့်လိုက်မိသည်။သူတို့ကလည်း ဘီလူးကြီးကို ကြောင်တောင်ရပ်ကြည့်နေရာမှ နှစ်ယောက်သား နောက်ရှိကန့်လန့်ကာနောက် ပြေးဝင်သွားကြသည်။သူက အကြံရသွားလျက် သူမလက်ကိုဆွဲကာ ဇာတ်စင်ရှိရာပြေးသည်။
             ထိုအချိန် ဘီလူးကြီးကအခန်းထဲ ဝင်လာနိုင်ပြီး တွေ့သမျှလူ တင်းပုတ်နှင့် လိုက်ဝှေ့ယမ်းနေသည်။သူ့တင်းပုတ်စာ မိသွားသူများမှာ ခပ်လှမ်းလှမ်းထိ လွင့်စင်ထွက်သွားကြပြီး မေ့မြောကုန်ကြသည်။သူမက ဒါကိုလှည့်ကြည့်ပြီး ကြောက်ဒူးပင်တုန်လာတော့ သူကမြန်မြန်ဆွဲခေါ်ကာပင် စင်ပေါ် မချီတင်ပေးလိုက်သည်။
           သူမစင်ပေါ်ရောက်သွားတော့ ဘီလူးကြီးက သူမတို့ကိုတွေ့သွားသည်။တခြားသူတွေကို ထားခဲ့ပြီး သူမတို့ဆီ တန်းလာနေသည်။
         ' အမြန်လာ။´ သူမစင်ပေါ်ရောက်ပြီး သူ့ကိုလည်းလက်ကမ်းပေးလိုက်တော့ သူကလည်း သူမလက်ကိုဆုပ်ကိုင် စင်ပေါ် လွယ်လွယ်ရောက်သွားသည်။သူရောက်ရောက်ချင်းပင် သူမတို့ အတူထွက်ပြေးလိုက်ရပြီး နောက်မှ ဘီလူးကြီးက သူမတို့ရှိခဲ့ရာ တင်းပုတ်နှင့်ရိုက်ချလိုက်၍ စင်က ကျိုးပဲ့ကြေမွသွားသည်။
              စင်နောက်မှာတော့ သူထင်သည့်အတိုင်း ထွက်ပေါက်တစ်ခုကရှိနေသည်။ထိုမှ သူတို့အတူ ပြေးထွက်လာကြပြီး ထိုမှတဆင့် နောက်တစ်ခန်းပြီးတစ်ခန်း၊တစ်နေရာပြီးတစ်နေရာကူး​ပြောင်းလာကာ ဘေးလွတ်ရာရောက်လာကြလေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now