အပိုင်း ၁၇

393 8 0
                                    

                ဖေကြီးနှင့်သူနှင့်က ကားအစမ်းမောင်းကြည့်မည်ဆိုပြီး အိမ်မှအတူထွက်သွားကြသည်။သူမလည်း ခြံဝန်းတံခါးလိုက်ပိတ်ပြီး အိမ်လုံအောင်လုပ်လိုက်ကာ အိမ်နောက်ပင်ပြန်ဝင်နေ့လယ်စာအတွက် ချက်ပြုတ်ရတော့သည်။သူက မစားဘူး အပိုမလုပ်ထားနဲ့ဟုဆိုလည်း လိုရမယ်ရ အိမ်စားလို့ကုန်နိုင်သည်ထက် ၂ဆချက်ထားလိုက်သည်။သူက မနက်က အကိုကြီးကလည်းကြိမ်းထား၍ အိမ်မှာပင်စားမည့်ပုံပင်။
                အားလုံးချက်ပြုတ် သန့်ရှင်းရေးလုပ်ပြီးသည်အထိ ဖေကြီးတို့က ပေါ်မလာသေး၍ အခန်းထဲပြန်ဝင် ရေချိုးလိုက်သည်။ဟင်းတွေ ကြော်လှော်ချက်ပြုတ်ထားသည်မို့ ဟင်းနံ့ချွေးနံ့တွေနှင့်မနေချင်။ဒီအချိန်သူတို့ပြန်လာလျင်လည်း ဖေကြီးမှာခြံသော့ အိမ်သော့ အားလုံးပါသွား၍ စိတ်ပူစရာမလိုပဲ အေးဆေးရေချိုးလိုက်သည်။
          ရေချိုးပြီး သူမထွက်လာသည်အထိ သူတို့ကပြန်မရောက်သေး။ဒါကြောင့်အေးအေးပင် မှန်တင်ခုံရှေ့ဆက်ထိုင်ပြီး ဆံပင်လေးတွေဖြီးသင်ကာ moisturizer လေးပင် မျက်နှာပေါ်လိမ်းလိုက်သည်။သူမက ဗမာမလေးဆိုလည်း ဘုရားစူးဗမာမလေးပင်။သနပ်ခါးမကြိုက်ပဲ မျက်နှာအလှအပအတွက် cleaner တစ်set သာ သုံးတတ်သူဖြစ်သည်။
          အိမ်မှာနေလျင် ဒီလိုပင် moisturizer လောက်သာ လိမ်းထားတတ်သည်။အပြင်သွားရမည်ဆိုလျင်တော့ မိတ်ကပ်ရည်ပါးပါးလေး လိမ်းတတ်ပြီး နှုတ်ခမ်းဆိုးဆေးလေးသုံးတတ်သည်။ဒါပေမဲ့ ခုတစ်ခါတော့ အိမ်မှာနေနေလည်း နှုတ်ခမ်းဆိုးဆေးဆိုးလိုက်ပြီးမှ နဲနဲများ များနေမလားတွေးလိုက်မိသည်။
              တကယ်တော့ သူမမျက်နှာပေါ်မှာဘာဆိုဘာမျှ မယ်မယ်ရရရှိတာမဟုတ်။သနပ်ခါးအစား moisturizer လေးပင်လိမ်းတတ်တော့ မျက်နှာလေးက တင်းတင်းပြောင်ပြောင်လေးဖြစ်နေပြီး နှုတ်ခမ်းဆိုးဆေးလေးကလည်း နှုတ်ခမ်းပါးလေးပေါ်မှာပင်အရောင်တင်သည်ဆိုရုံလေး တင်နေသည်။သူမသက်ပြင်းချပြီးပင် လည်ပင်းနှင့် ခန္ဓာကိုယ်လေးကို lotion သုံးလိုက်ပြီး အလှပြင်ခြင်းအလုပ်က ပြီးစီးသွားသည်။
              ထိုင်ရာမှထ အဝတ်လဲရန် ရင်မှာပတ်ထားသော ရေချိုးခန်းသုံး သပတ်ကြီးဖယ်ရန်ပြင်ပြီးမှ သူမအခန်းတွင်းရှိသော သူ့သတိရ တွန့်ဆုတ်သွားသည်။သူမနှင့် ထူးခြားသောဝင်္ကပါထဲ အတူရှိခဲ့ကြပြီး အပြင်ပါလာခဲ့သူက ခု ပျောက်ချင်းမလှ ပျောက်နေသည်။
               နဂို ဒီအချိန်မျိုးဆိုလျှင် သူမနားကပ်တွယ်နေလိမ့်မည်။ညကလည်း သူမအနား တစ်ချိန်လုံး ကပ်အိပ်နေ၍ သူမမှာကောင်းကောင်း မအိပ်ခဲ့ရ။မနက်ပင်အိပ်ရာထ နောက်ကျသွားသည်။သည့်နောက်မှာတော့ သူကပေါ်မလာတော့။ရင်ထဲ ဟာတာတာကြီးပင်ဖြစ်နေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now