အပိုင်း ၇

333 7 0
                                    


                    သူမက မျက်နှာဖုံးပွဲတော်အတွက် သူနှင့်ခွဲကာပင် အဖော်မိန်းကလေး ခေါ်ဆောင်ရာနောက်ပါလာပြီး အလှပြင်ခန်းတစ်ခုထဲ မိတ်ကပ်ထူထူတွေပြင်၊ မိန်းကလေးယူလာပေးသော ပွဲနှင့်လိုက်ဖက်မည့် အနက်ရောင် ရှေးခေတ် အဝတ်အစားတွေလည်း လဲဖယ်ဝတ်လိုက်ရတော့ ပုံက တထူးတခြားပင် ပြောင်းလဲသွားသည်။
           သူမက ပွဲအတွက် အဝတ်စားလေးတွေ ဝတ်အပြီး သူဝယ်ပေးထားသော အဝတ်အစားလေးတွေလည်း သေချာ အိတ်ထဲထည့် သိမ်းရန်ပြင်တော့ မိန်းကလေးက သူမလက်ထဲမှ ဆွဲယူကာပင်
       ' ဒီချိတ်မှာချိတ်ပြီး ထားခဲ့ရင်ရပါပြီ။ ပွဲပြီးမှ ပြန်လာလဲဝတ်လိုက်။ဘယ်မှ ပျောက်မသွားဘူး။ဟုတ်ပြီလား။'
        ' ဒါပေမဲ့ ..'
        သူမ ချိတ်မှာ တခြားအဝတ်တွေနှင့်ပင်ရော ချိတ်လိုက်ပြီဖြစ်သော အဝတ်လေးပင် စိတ်ပူကြည့်မိရတော့ မိန်းကလေးက
        ' အမရယ်။ဒီမှာ အမအဝတ် ယူဝတ်မဲ့သူ တစ်ယောက်မျှမရှိပါဘူး။ကြည့်ပါလား။ အားလုံးက အလန်းတွေရယ်။   အားလုံးက အမထက်လည်း ရေလျှံတဲ့သူတွေ။စိတ်ပူမနေနဲ့။ဒီအဝတ်အစားလောက်တော့။
        ကဲ ကဲ ရှာကြည့်ရအောင်။ အမရဲ့ ဒီအဝတ်အစားလေးနဲ့ လိုက်တဲ့မျက်နှာဖုံးလေး..' ဟု ဆို သူမအတွက် မျက်နှာဖုံးတစ်ခု ရှာပေးလာသည်။
        ကြည့်တော့ အနက်ရောင် ငှက်မွှေးလေးများပါသော မျက်နှာဖုံးဖြစ်၍ သဘောကျ ယူဝတ်လိုက်သည်။ဝတ်စုံက မျက်နှာဖုံးနှင့်မှ ပိုအံဝင်ခွင်ကျဖြစ်သွားသည်။အဖော်မိန်းကလေးက
        'ငှက်နက်မလေးပေါ့။ညီမက ငှက်နက်မလေးကို ကာကွယ်ဖို့ ကြောင်နက်မလေး။ကြည့် မျက်နှာဖုံးတပ် လိုက်မယ်။ညှောင်..' ဟုပင် ဆိုတော့ သူမပြုံးမိရကာ
        'ဘယ့်နဲ့ ကြောင်ကငှက်ကို ကာကွယ်ရမလဲ။သူက စားတာလေ။' ဟု ဆိုလိုက်တော့ မိန်းကလေးက ခုန သူမပြောခဲ့တာ သတိရ မျက်နှာပျက်သွားလည်း ချက်ချင်းမသိလိုက်သလိုပင်လုပ် သူမလက်ဆွဲလျက် အဝတ်လဲခန်းထဲမှ ပြန်ထွက်လာခဲ့ကြသည်။
            သူမလည်း အကခန်းမထဲစုဝေးနေကြပြီဖြစ်သော လူအုပ်ထဲ သူ့ပင်ရှာကြည့်မိရတော့ မိန်းကလေးက
         ' အကိုလည်း ဒီထဲ ရောက်နေမှာပါ။တော်ကြာရင်တွေ့ရမှာပေါ့။' ဟုဆိုလည်း သူမမှာ မျက်နှာဖုံးများနှင့် လူတွေမြင် သူ့ မရှာတတ်တော့ပဲ စိတ်မအေးနိုင် ခြေအေး လက်အေးဖြစ်လာရသည်။
         မိန်းကလေးက သူမလက်ထဲ ဝိုင်ဖန်ခွက် တစ်ခွက်ယူလာပေးတော့ စိတ်ငြိမ်ရန် နဲနဲသောက်လိုက်မိသည်။
         သူမက ပထမဆုံးအတွေ့အကြုံဖြစ်၍ ယောင်နနလေးဖြစ်နေပေမဲ့ အဖော်မိန်းကလေးကတော့ အတော်သွက်လက်နေ၍ အံ့ဩနေရသည်။
          သူမက ပွဲနှင့်လိုက်ဖက်ရန် အဝတ်အစားတွေဝတ်ထားလည်း လုံလုံခြုံခြုံပုံလေးဖြစ်ပြီး အဖော်မိန်းကလေးကတော့ လည်ဟိုက်အဖော်အချွတ် အတိုအပြတ်နှင့်ဖြစ်ကာ သူမ၌ရှိနေသောအလှအပအားလုံး ဘွင်းဘွင်းဖော်ပြနေသည်။
           သူမမှာ အရင်က ရိုးပုံ ရိုးရဲ့ပုံလေးနှင့် ဒီဝင်္ကပါထဲ အတူဝင်လာခဲ့ဖူးသည့် မိန်းကလေးပင် နားမလည်နိုင် ငေးကြည့်နေမိစဉ် အနီးနားတစ်စုံတစ်ဦးကပ်လာလျက် သူမနား နား ကပ်၍ပင်
          ' ဒီက ​ငှက်နက်မလေးနဲ့ တွဲကချင်လို့ပါဗျာ။' ဟု လေသံနှင့်ပြောလိုက်၍ သူမမှာ လန့်တုန်သွားရသည်။မော့ကြည့်တော့ သူ။
           သူက သူခိုးလို မျက်နှာဖုံးနက်နှင့် ခေါင်းမှာလည်း ငှက်မွှေးနက်ပါ ဦးထုပ်တစ်လုံးဝတ်ကာပင် ခြုံထည်နက်ကြီးလည်းခြုံထားတော့ အံ့ဩမိရရင်း
         ' မှတ်တောင်မမှတ်မိတော့ဘူး။တကယ်။ရှင့်အသံ ကြားလိုက်လို့သာ။နောက်ဆို တစိမ်းပဲထင်မိမှာ။'
         ' အဲဒါကပဲ ဒီမျက်နှာဖုံးည ပွဲတော်ရဲ့ ရည်ရွယ်ချက်ပဲလေ။ကိုယ်ကလည်း ကိုယ်မဟုတ်တော့သလို မင်းကလည်း တခြားသူဖြစ်သွားပြီ။
          ဒီအချိန် မင်းမသိတဲ့ သူစိမ်းတစ်ယောက်နဲ့ စိတ်တူကိုယ်တူဖြစ်ရင် အတူ တစ်ညတာ ကုန်ဆုံးနိုင်ပြီး ဘာမှစိုးရိမ်စရာမရှိ၊ကိုယ့်သိစရာလည်းအကြောင်းမရှိပဲ အတန်းအစားမခွဲ ချစ်နိုင်ကြိုက်နိုင်ကြတယ်။
           မနက်ကျရင်တော့ သူ့ကိုယ်မသိ၊ကိုယ့်သူမသိနဲ့ပဲ လမ်းခွဲကြပြီး နောက်ဆုံစရာအကြောင်းလဲမရှိ ဆုံရင်လည်း မျက်နှာပူစရာမရှိလို့ ကိုယ့်လမ်းကိုယ်ဆက်နိုင်ကြတာပေါ့။'
          ' တကယ်လို့ မျက်နှာဖုံးကွာသွားရင်ကော။'
           ' ဘယ်သူမှ မင်းမျက်နှာဖုံးကို ခွာလို့မရဘူး။ကိုယ်တိုင်လည်း မခွာနဲ့ပေါ့။ဒီအထဲမှ မတော်တဆ ကွာသွားလည်း ကိစ္စတော့မရှိပါဘူးလေ။
           ဒီထဲ ဒီမီးရောင်နဲ့၊မင်းမျက်နှာပေါ်က မျက်နှာဖုံးထက် ထူတဲ့ မိတ်ကပ်တွေနဲ့။ငါတောင် မင်းမှဟုတ်ပါ့မလား မနဲ ကြည့်လိုက်ရသေးတယ်။'
            သူမ နှုတ်ခမ်းလေးစူမိရလျက်
         'ဒီလောက်လေးပြင်ထားတာကိုများ။မမှတ်မိတော့ဘူးဆိုတော့။'
         ' နိုး နိုး မမှတ်မိတာမဟုတ်ဖူး။သေချာအောင်ပဲ ကြည့်လိုက်ရတာ။လူအများကြီးထဲမှာဆိုတော့။ကိုယ်က မင်း ဘာပဲဝတ်ဝတ် ဘယ်လိုပုံပဲနေနေ မှတ်မိတယ်။လောင်းမလား။' ဟုပင်ဆိုလိုက်တော့ သူမ သူ့ပင်မျက်စောင်းလေးထိုး ကြည့်မိရလေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now