အပိုင်း ၁

2.5K 19 0
                                    

ဝတ္တုအမည် [ဝင်္ကပါထဲကအချစ်]
ရေးသူအမည် [Dora ထူး]
ရက်စွဲ 19th June 2024

                   သူမနှင့်အဖော်(၃)ယောက်။ဟုတ်သည်။အဖော်(၃)ယောက်။
           အားလုံး(၄)ယောက် ပွဲဈေးခင်းတစ်ခုထဲ ရောက်နေကြသည်။ညမှောင်မှောင် ၊မြူထူထူနှင့်လူထူသည့် မုန့်ဈေးတန်းတစ်လျှောက် မှုန်ဝါးသည့် မီးအလင်းတွေကြား ဟိုကြည့်သည်ကြည့် လျှောက်လာခဲ့ကြသည်။
             လမ်းဘေးဝဲယာ၊မုန့်မျိုးစုံလုပ်ပြီး ထိုင်ရောင်းနေကြသည့် မုန့်သည်တွေရဲ့ မျက်နှာတွေကို သူမ စိတ်ဝင်တစား ကြည့်လာမိသည်။အားလုံးက သူတို့ထံ ရောက်လာမည့် မုန့်ဝယ်သူကို စောင့်စားနေကြသော်လည်း ပျော်ရွှင်ပုံ မပြကြ။သူတို့မျက်နှာတွေက သူတို့ရှေ့ ထွန်းထားသော ရေနံဆီမီးအိမ် အလင်းလိုပင် မှုန်မှိုင်းနေကြသည်။
            တချို့က ဈေးတန်းတစ်လျှောက်၊လျှောက်သွားနေသူတွေကို လိုက်ငေးကြည့်နေပြီး၊အချို့အိပ်များပင်ငိုက်နေကြသည်။
           ထိုအထဲမှ သူမ ဈေးသည်တစ်ဦးကို စိတ်ဝင်စားသွားသည်။ဈေးသည်က တခြားသူတွေလို ငြိမ်ငြိမ်ထိုင်မနေပဲ သူ့လက်တွေက လှုပ်ရှားနေသည်။သူက သံဇကာပြားတစ်ခုပေါ် တင်ထားသည့်မုန့်ကို မီးပုံပေါ် လှန်လိုက်၊မှောက်လိုက်လုပ်နေသည်။
             မီးအရှိန်ဖြင့် မုန့်က တဖြည်းဖြည်း ဖောင်းပွတက်လာသည်။သူမစိတ်ဝင်စားရင်း ဆိုင်ရှေ့ ခြေစုံရပ် ကြည့်နေမိသည်။
မုန့်သည်က မုန့်လုပ်ရင်း သူမ ရပ်နေတာတွေ့ ၊မော့ကြည့်ပြုံးကာ
        'မုန့်လေပွေလေသမီး။ဝယ်သွားပါဦးလား။' ဟုဆိုသည်။သူမက ပိုက်ဆံအိတ်လေးဖွင့်လျက်
          '၅ခု။'ဟု ဆိုတော့ အဒေါ်ကြီးက ဝမ်းသာအားရဖြင့် မုန့်ရွရွ ကျွတ်ကျွတ်တွေကို ကြိုးတစ်ခုနှင့်ဖောက်သီပြီး တွဲချည်ပေးလိုက်သည်။
          မုန့်တွေကို လှမ်းယူကာ အဒေါ်ကြီးမျက်နှာကို သေချာကြည့်မိလိုက်တော့ အဒေါ်ကြီးမျက်နှာက မီးအပူကြောင့် မုန့်တွေလိုပင် နီရဲကြွပ်ရွနေတော့ သူမတုန်လှုပ်သွားရသည်။
             အနောက်ဆုတ်လျက် အဖော်တွေကိုလှည့်ကြည့်တော့ တစ်ယောက်မျှ မတွေ့ရတော့။တစ်ကိုယ်လုံးထူပူ သွားသည်။   
          ..ဘယ်တွေရောက်သွားကြသလဲ ? သူမကိုထားပြီး ဘယ်တွေသွားကြပြီလဲ ?
            ရှေ့မှ ဖြတ်သွားဖြတ်လာ လူတွေကိုကြည့်တော့ အသိမိတ်ဆွေ တစ်ယောက်မျှမတွေ့။လူထူထူထဲ မျက်နှာမဲမဲ ခေါင်းမဲမဲတွေသာတွေ့ရသည်။အချို့ မျက်လုံးစိမ်းတွေက သူမကို အန္တရာယ်ပေးချင်သလို တစ်ချက်တစ်ချက် ဝေ့ကြည့်သွားကြတော့ အနည်းငယ် ထိတ်လန့်သလိုဖြစ်လာသည်။
           မုန့်လေပွေတွေဆွဲပြီး လူကြားထဲတိုးကာ အဖော်တွေရှာကြည့်သည်။မုန့်လေပွေ တချို့က လူတိုး၍လမ်းတလျှောက် ကြွေကျသွားကြသည်။သို့သော် သူမ မတတ်နိုင်တော့။သူမကိုယ်တိုင်လည်း လူစီးကြောင်းအတိုင်း ကြွေကျမတတ် တဖြည်းဖြည်းမျောပါ သွားရတော့သည်။
       ' မ! ဘယ်ရောက်သွားတာလဲ? လာ။'
        ရုတ်တရက် လက်ကလေးတစ်ဖက်က သူမလက်မောင်းကို လာဆွဲခေါ်လိုက်တော့ လူက လူအုပ်ကြားကနေ လမ်းဘေးလေးရောက်သွားသည်။ဆွဲခေါ်သည့် မိန်းကလေးကိုကြည့်တော့ သူမ အဖော်ပဲဆိုတာ သိလိုက်ရသည်။
            နောက် အဖော်မိန်းကလေးတွေက ဝင်ပေါက်တစ်ခုရှေ့မှာရပ်ပြီး လက်မှတ်ဝယ်နေကြသည်။ကြည့်တော့ ဝင်္ကပါ။
            တစ်ယောက်က သူမကို လက်မှတ်တစ်စောင် ကမ်းပေးသည်။
           ' ဝင်္ကပါထဲ ဝင်ကြမလို့လား?' သူမမေးတာ မဖြေကြသလိုပင်။
          ရှေ့က နှစ်ယောက်က ဝင်သွားတော့ နောက်တစ်ယောက်ကလည်း သူမလက်ကို အတင်းဆွဲပြီး လိုက်ဝင်သည်။လက်မှတ်ရောင်းတဲ့လူကို ကြည့်မိတော့ သူက သူမတို့ကို ငေးကြည့်နေသည်။
            တစ်ဖက် ထွက်ပေါက်ကို ကြည့်မိတော့ လက်မှတ်သိမ်းသူက ပက်လက်ကုလားထိုင်ပေါ်မှာ မှီပြီးငိုက်မျဉ်းနေသည်။သူမစိတ်ထဲ ထွက်ပေါက်အဝက ခြောက်ကပ်နေသလိုပင်။
        အမှန်တော့ သူမ ဝင်္ကပါထဲ မဝင်ချင်။သို့သော်လူက ဝင်ပေါက်ရှိ ကန့်လန့်ကာစ အမဲကို ဖြတ်ပြီးဝင်္ကပါထဲ ခြေချမိသွားသည်။
        ' ဟဲ့ ငါမလိုက်ချင်ဘူး။'ပြောလိုက်သော်လည်း လူကသူများဆွဲခေါ်သွားရာနောက် ပါသွားသည်။လက်မှတ်လေးကို အိတ်ထဲထိုးထည့်ရင်း ကန့်လန့်ကာအမည်းကာထားသော ဝင်ပေါက်ကို လှည့်ကြည့် လှည့်ကြည့်နှင့် ပါသွားတော့သည်။
                  ရှေ့က နှစ်ယောက်ကတော့ တောက်လျှောက်သွားနေသည်။လမ်းအနည်းငယ်လျှောက်ပြီး နောက်ကန့်လန့်ကာကို ဆွဲဖွင့်ဝင်တော့ အခန်းတစ်ခုထဲ ရောက်သွားသည်။
          အထဲမှာ ခပ်မှောင်မှောင်နှင့် ပန်းချီကားချပ်တချို့ ခင်းကျင်းပြသထားသည်။ပုံတွေက သရဲတစ္ဆေ ပုံတွေလိုလို၊သင်္ချိုင်းတစ်ခု၏ ပုံတွေလိုလို ကြောက်စရာတွေချည်း ဖြစ်နေသည်။
           ပုံတွေကို ကြည့်ပြီး သူမလက်တွေအေးစက်လာသည်။ရှေ့မှ နှစ်ယောက်ကတော့ ဘာတွေသဘောကျနေသည်မသိ ရယ်မောနေကြသည်။ထိုအခန်းထဲမှ ကန့်လန့်ကာ ဖွင့်ပြီးထွက်တော့ နောက်အခန်း တစ်ခုသို့ ရောက်သွားပြန်သည်။
           အခန်းက ပြီးခဲ့သောအခန်းလိုပင် ခပ်မှောင်မှောင်ဖြစ်နေပြီး လမ်းတစ်ဖက်တစ်ချက်မှာ လူတချို့ ထိုင်နေကြသည်။သေချာကြည့်တော့ သူတောင်းစားတွေပင်။သူမခြေထောက်ဘေး ခွက်တွေထိုးခံပြီး ပေးပါ။လှုပါ။သနားကြပါ။ ဆိုပြီး တစာစာတောင်းခံနေကြသည်။
            သူတို့အသံတွေက ကြာလာတော့ နားထဲ ပဲ့တင်ထပ်နေပြီးထပ်ပင် မကြားလိုတော့။တချို့လက်တွေက သူမခြေထောက်ပင်လှမ်းဆွဲမလို၊သူမ မုန့်နှင့်ပိုက်ဆံအိတ်ကလေးကိုပင် လုတော့မလိုဖြစ်လာ၍ မြှောက်ကိုင်ထားရလျက် မြန်မြန်လျှောက်လာရသည်။
         သူမက တစ်ယောက်ယောက်ကို ငွေစနည်းနည်း လှုလိုက်ချင်သော်လည်း အားလုံးက အတင်းဝိုင်းလုမှာ ကြောက်နေသည်။ထွက်ကာနီး တံခါးဝရောက်မှ အမေအိုတစ်ဦးကို ပိုက်ဆံကမ်းပေးပြီး ထိုအထဲမှမြန်မြန်ပင်ထွက်၍ တစ်ဖက်ခန်းသို့ ကူးလိုက်ရတော့သည်။
         တစ်ဖက်ရောက်တော့ အလင်းရောင် လင်းလင်းကျင်းကျင်းနှင့်အတူ လူတချို့ ရယ်မောနေသံကြားရသည်။ဇာတ်စင်ပုလေးတစ်ခုပေါ်မှာ လူရွှင်တော်(၃)ယောက်က ပြက်လုံးတွေ ထုတ်နေ၍ ဖြစ်သည်။သူမ အဖော်က လက်ကိုဆွဲပြီး ဇာတ်စင်နှင့် အနီးဆုံးကိုသွားကာ သဘောတကျ မော့ကြည့်နေသည်။
              လူရွှင်တော်တွေက ရယ်စရာတွေ လုပ်နေ ပြောနေပေမဲ့ သူမ မရယ်ချင်။သူတို့ပြောနေတာတွေလည်းစိတ်မပါပဲ ဒီဝင်္ကပါထဲက မြန်မြန်ပင် အပြင်ပြန်ထွက်ချင်နေသည်။
      ' သွားကြမယ်ဟယ်။' ပြောသော်လည်း သူတို့က မကြားတော့။တဟီးဟီး တဟားဟား ရယ်လျက် သဘောတွေ့နေကြသည်။ လူတွေရယ်သံက သူမနားထဲ ဆူညံလာသည်။လူရွှင်တော်တွေ၏ ပါးစပ်ပေါက်တွေကြည့်ပြီး သူမ စိတ်ညစ်လာသည်။
          ..ဘာကြောင့်လူတွေက ဒီလောက်ရယ်စရာမဟုတ်ပဲနှင့် ရယ်နေကြရတာလဲ?
သူမတွေးမရတော့။တွဲထားသည့် အဖော်လက်ကိုဖြုတ်ပြီး
         'ငါသွားနှင့်တော့မယ်။' ဟုဆိုတော့ အဖော်က ခေါင်းညိတ်သည်။ထိုအခန်းထွက်ပေါက် ကန့်လန့်ကာဖွင့်ပြီး တစ်ဖက်ကူးတော့ မီးရောင်အေးအေးပြာပြာလေးနှင့်ဖျော်ရည်ရောင်းသော ဆိုင်လေးတွေ့သည်။
       ..ဒီမှာပဲ သူတို့ကိုထိုင်စောင့်တော့မယ်။   တွေးပြီး စားပွဲတစ်ခုက ထိုင်ခုံမှာသွားထိုင်သည်။ကြည့်တော့ ကျန်စားပွဲဝိုင်းတွေမှာလည်း စားသောက်သူတွေမတွေ့။ဆိုင်ရှင်ကလာပြီး
        'ဘာသောက်မလဲ?' မေးသည်။သူမမော့ကြည့်မိပြီး 'လိမ္မော်ရည်တစ်ခွက်ပေးပါ။' ဆိုတော့ ခေါင်းညိတ်ပြန်သွားသည်။
         သူမ အအေးစောင့်ရင်း တစ်ဖက်ခန်းကို လှမ်းနားထောင်ကြည့်နေသည်။ဒီလိုဆိုတော့ ဘာရယ်သံ၊ဆူသံမျှ မကြားရ။အားလုံးတိတ်ဆိတ်နေ၍ အအေးခွက်နှင့်ဇွန်းထိသံ ကလောက်လောက်သာ ကြားနေရသည်။
           မုန့်လေပွေတွေကို စာပွဲပေါ်တင်ပြီး အဖော်တွေလာမှ အတူတူစားမည်ဟုတွေးသည်။အအေးဆိုင်မှလူက ဖျော်ရည်လာချပေးတော့
          ' ပွဲက ဘယ်တော့ပြီးမှာလဲ ?' မေးမိသည်။ဆိုင်ရှင်က သူမကိုကြောင်ကြည့်ပြီး
          ' ဘာပွဲပြောတာလဲ ?' ပြန်မေးနေသည်။
        သူမက တစ်ဖက်ခန်းကို မေးငေါ့ပြရင်း
        ' လူရွှင်တော်တွေရဲ့ ပြက်လုံးပွဲလေ။'
        ' လူရွှင်တော်တွေ ပြက်လုံးပွဲရှိတယ်လား ?' အံ့သြပုံနှင့် ထပ်မေးနေပြန်သည်။   
         သူမ စိတ်ပျက်မိပြီး အအေးခွက်လှမ်းယူတော့ ဆိုင်ရှင်လည်း သူမဘေးမှ ထွက်သွားသည်။
          လိမ္မော်ရည်တစ်ခွက်ကုန်ပြီး ခဏနေကြာသည်အထိ တစ်ဖက်ခန်းမှ အဖော်တွေက ထွက်မလာကြ။ဒီအတိုင်းဆို တစ်ညလုံးဝင်္ကပါထဲက ထွက်ရမည်ပင်မထင်။
           သူမ ပိုက်ဆံတချို့ အအေးခွက်အောက်ထားပြီး မုန့်လေပွေတွေဆွဲကာ အဖော်တွေကိုခေါ်ရန် တစ်ဖက်ခန်းသို့ပြန်ကူးလာခဲ့သည်။သို့သော်အခန်းက ပထမတစ်ခါလို မဟုတ်တော့။မှောင်မှောင်မဲမဲနှင့် လူတွေလည်း တစ်ယောက်မှ မရှိတော့၊ သူမရုတ်တရက် လန့်သွားမိရသည်။
         ' ဟင် ! ဘယ်တွေရောက်ကုန်ကြတာလဲ။ပွဲပြီးသွားပြီလား ?'
              သူမတွေးပြီး အဖော်တွေကို ဘယ်လိုရှာရမည်မသိ ဖြစ်သွားသည်။မှောင်မှောင်မဲမဲထဲ မျက်လုံးကျင့်သားရ၍ သေချာကြည့်မှ လူတချို့က ရွက်ဖျင်တဲများထိုးပြီး စခန်းချ အိပ်နေကြတာတွေ့လာရသည်။
          သူမ ပိုအံ့ဩသွားရလျက် ဒီအတိုင်းဆို သူမအဖော်တွေလည်း အိပ်နေကြတော့မည်ဟုတွေးသည်။ဒါပေမဲ့ ဘယ်လိုလုပ်ရမည်လဲ။လူတွေက တဲတွေထဲ ဝင်နေ၍ ဘယ်တဲမှာ သူတို့ရှိမည်လဲ မကြည့်တတ်တော့။
                  သူမအရဲကိုးပြီး အချို့တဲတွေ အနည်းငယ်ဖွင့်ကာ အဖော်တွေများလား ရှာကြည့်မိသည်။တဲ ထဲမှ လူတွေက သူမကို ငြိုငြင်ကြသည်။တချို့က သူမမြင် လန့်ပြုသွားပြီး တချို့ကတော့ တဲနားပစ္စည်းတွေများခိုးမလို့လား မယုံသင်္ကာဖြင့်ကြည့်နေကြသည်။
         ' မင်းဘာလုပ်မလို့လဲ။ ဘာလို့ သူများတွေနေတဲ့ တဲတွေ လိုက်ဖွင့်ကြည့်နေသလဲ ?'
          နောက်မှ တစ်ဦးက သူမပခုံးဆွဲမေးလိုက်တော့ သူမ မျက်နှာလေးငယ်ကာပင်
          ' ဒီမှာလူရွှင်တော်ပွဲ ကြည့်ကျန်ခဲ့တဲ့ သူငယ်ချင်းတွေ ရှာနေတာပါ။
       ဟိုလေ.. ဒီမှာလူရွှင်တော်ပွဲ ဘယ်အချိန်ကပြီးသွားတာလဲဟင် ?'
      ' ဘယ်က လူရွှင်တော်ပွဲလဲ။ဒီမှာဘယ်လူရွှင်တော်မှ မရှိဘူး။ခင်ဗျားမှားနေပြီ။'
             လူငယ်ကခပ်ဟောက်ဟောက် ပြန်ပြောသည်။ သူမ ဘာလုပ်ရမည်မသိတော့။ လက်ကလေးတွေ တုန်ရီနေပြီး လူကလည်းယောင်နနဖြစ်နေတော့ သူက သက်ပြင်းချပြီး
        ' မင်း ငါ့တဲရှေ့လိုက်ပြီး မီးလှုံမလား။ငါခုတင် မီးမွှေးမလို့ ထင်းလိုက်ရှာလာတာ။'
        ' မီး !? မီးမွှေးမလို့ ? ဒီဝင်္ကပါထဲမှာလေ။'
           သူမအံ့ဩဆိုတော့ သူက ပြုံးလိုက်ရင်း သူမပင် သူ့တဲရှိရာ အခန်းထောင့်နားခေါ်လာခဲ့လိုက်သည်။နောက်သူ့လက်ထဲ ပါလာသောသစ်သားအကျိုးအပဲ့ အမှိုက်သရိုက်များစုပုံကာ မီးရအောင်မွှေးလိုက်တော့ သူမပိုအံ့ဩ မော့ကြည့်မိသည်။
       ' မုန့်လေပွေပါလား။အတော်ပဲ နဲနဲပြန်ကင်ပြီး စားလို့ရမယ်။'
        သူမ သူ့ပင်ပေးလိုက်မိရတော့ သည်။သူက လေသလပ်၍ ပျော့ကုန်ပြီ ဖြစ်သော မုန့်လေပွေတွေ သံချွန်တစ်ခုနှင့်ပင်ထိုး ပြန်ကင်ပေးနေသည်။သူက ကင်နေရင်း သူ့ဘေး စိတ်ပျက်ထိုင်နေသော သူမအကဲခတ်ကြည့်ကာ
         'မင်း ဒီဝင်္ကပါထဲ ဝင်လာတာ ဘယ်လောက်ကြာပြီလဲ ?'
        'ဟင် ? ဪ သိပ်တော့မကြာသေးပါဘူး။နာရီဝက်လောက်ပဲ ရှိဦးမှာပါ။ဒါပေမဲ့ ကျွန်မမြန်မြန် ပြန်ထွက်ချင်နေပြီ။ အိမ်ပြန်နောက်ကျနေမှာစိုးတယ်။'
           လူငယ်က ခပ်အေးအေးရယ်သည်။နောက်သူက ကင်ပြီးမုန့်လေပွေတစ်ခု သူမကမ်းပေးလိုက်လျက် သူလည်းတစ်ခုယူ တကျွတ်ကျွတ်ဝါးနေသည်။သူမလည်းအတန်ဖဲ့ စားနေရတုန်း သူက
       ' မင်းက နာရီဝက်ပဲရှိသေးတယ်။ငါဆို နာရီပေါင်းများစွာကြာနေလို့ ဘယ်လောက် ကြာနေပြီလဲဆိုတာ မသိတော့ဘူး။ ငါ့စိတ်ထင် ဒီထဲရောက်နေတာ လတွေ၊နှစ်တွေ ချီနေပြီ ထင်တာပဲ။'
        ' ဟင်! ရှင်ပြောတာတော့ လွန်နေပါပြီ။ဒါဘယ်လိုဖြစ်နိုင်မလဲ။ရှေ့ဆက်သွားရင် ထွက်ပေါက်ရောက်မှာပဲဟာ။'
          'မင်းသွားကြည့် ဘယ်တော့မှ ထွက်ပေါက်မရောက်ဘူး။'
           'ဒါဆို ကျွန်မက နောက်ကြောင်းပဲ ပြန်သွားမှာပေါ့။ဝင်ပေါက်ကပဲ ပြန်ထွက်မယ်။ဒီကထွက်ရင် နောက်နှစ်ခန်းဆို ဝင်ပေါက်ရှိနေတာပဲ။'
         လူရွယ်က ပြက်လုံးကြားရသလိုရယ်နေပြန်သည်။သူ့အသံကြောင့် ဘေးရှိတဲထဲမှ လူတွေပင် ငြူစူသလို အသံတွေထွက်လာသည်။သူက အသံကိုပြန်ထိန်းလိုက်ရရင်း
        ' မင်းသွားကြည့်။နောက်ကြောင်းပြန်လည်း ဝင်ပေါက် မရှိတော့ဘူး။ရှေ့ဆက်သွားလည်း ထွက်ပေါက်ကို မရောက်နိုင်ဘူး။ငါတို့အားလုံး ဒီဝင်္ကပါထဲ ခြေချမိလိုက်တာနဲ့ ပိတ်လှောင်ခံလိုက်ရတာ။..
        .. မင်း ငါပြောတာ မယုံဖူးမဟုတ်လား ? '
         သူမ ခေါင်းညိတ်မိရတော့ လူရွယ်က သက်ပြင်းချကာပင်
         ' ငါလည်း အရင်က သူများပြောတာ မယုံခဲ့ဘူး။ခုတော့ ငါယုံနေရပြီ။လမ်းလျှောက်ရတာတွေ များလွန်းလို့ ငါ့ခြေထောက်တွေလဲ ညောင်းနာနေပြီ။
       ဒါကြောင့် ဒီလူတွေ ဒီနေရာမှာ camp တွေထိုး စခန်းချနားနေကြတာမြင်တော့ ငါလည်းဝင်နားနေတာ။
       မင်းလည်း နားလိုက်ပါလား။ခဏတဲထဲ ဝင်အိပ်လိုက်။ ရော့ ဒီမှာစောင်တစ်ထည်ယူ။'ဟုပင်ဆို သူမစောင်တစ်ခု လှမ်းပေးနေတော့ သူမအံ့ဩကာပင်
        'ဟင် ! အို ကြံကြံဖန်ဖန် ကျွန်မ မအိပ်ပါဘူး။ဒီလိုမျိုးလည်း မအိပ်တတ်ဖူး။ကျွန်မပြန်တော့မယ်။ အဖော်တွေလည်း သူတို့ဟာသူတို့ သွားပြီ ထင်ပါတယ်။'
               သူမက စိတ်လိုက်မာန်ပါထတော့ လူငယ်က ဖြုန်းဆို သူမလက်ဆွဲထားလိုက်ပြီး၊တည်တည်တံ့တံ့မော့ကြည့်ကာ
       ' မင်း တကယ် ဒီဝင်္ကပါအကြောင်း မသိသေးဘူးကို။ ငါထပ်ပြောလိုက်မယ်။ဒီဝင်္ကပါမှာ ထွက်ပေါက်လည်းမရှိဘူး။ ဝင်ပေါက်လည်း မရှိဘူး။'
       ' ဒီလိုဆိုရင် ကျွန်မ ဝင်လာခဲ့တဲ့ အပေါက်ကဘာလဲ။သူ့ ခပ်လှမ်းလှမ်းမှာ ထွက်ပေါက်ဆိုတာလည်း ရှိနေတာ ကျွန်မတွေ့ခဲ့တာ။အဲဒီမှာ လက်မှတ်သိမ်းဖို့ အစောင့်တောင်ရှိသေး။'
          သူမခပ်ဆတ်ဆတ်ပြောတော့ သူက သက်ပြင်းချသည်။ပြီးစောင်ကိုလိပ် ကျောပိုးအိတ်မှာ တွဲလိုက်ရင်း
         'ဒါဆို မင်းနဲ့အတူ ငါလည်းလိုက်ခဲ့မယ်။မင်းသွားကြည့်ပါ။'
         'သွားမယ်။ကျွန်မ အိပ်လည်းအိပ်မနေနိုင်ဘူး။အပြင်ရောက်အောင် မြန်မြန်လုပ်ရမှာပဲ။' ဟု ဆိုကာ သွားတော့ သူက သူမလက် ထပ်ဖမ်းဆွဲလိုက်ပြီး
         ' ဒီထဲမှာ ငါတို့ အတူ ရှိနေစေချင်တယ်ဆိုရင် အခန်းတွေကူးချိန် လက်တွဲဖြုတ်လို့ မဖြစ်ဘူး။မင်းငါနဲ့ အတူ ရှိချင်လား။'
            သူက သူမငုံ့ကြည့် သေချာမေးလာတော့ အံ့ဩရကာ
          'ကျွန်မ ရှင်နဲ့အတူ သွားချင်ပါတယ်။ရှင်လည်း အပြင်ရောက်ချင်တဲ့လူလေ။ ကျွန်မ ဒီဝင်္ကပါထဲ အစကထဲက ဝင်မလာချင်ဘူး။သူငယ်ချင်းတွေနဲ့ရောပြီး ပါလာလို့သာ။ဖြစ်နိုင်ရင် မြန်မြန်ပြန်ထွက်ချင်တယ်။'
             သူက သူမကြည့် သက်ပြင်းချ ခေါင်းညိတ်ကာပင်
          ' ဒါဆို အတူတူသွားကြမယ်။ တဦးထဲဆိုတာထက် အဖော်ရှိတာ ပိုကောင်းတယ်။ငါတို့ တစ်ဦးနဲ့တစ်ဦး တိုင်တိုင်ပင်ပင် ဖေးဖေးမမနဲ့ စောင့်ရှောက်သွားကြတာပေါ့။' ဟု ဆိုလိုက်တော့ သူမ သူ့မော့ကြည့်ရင်း ခေါင်းညိတ်လိုက်လေတော့သည်။

                                            ဆက်ရန်..



ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now