အပိုင်း ၉

231 7 0
                                    

             ' အမ ! ထစမ်း။ ထထ။´
             သူမဘေးမှ အသံနှင့်၊သူမပခုံးလေး အတင်းလှုပ်နိုးနေသူကြောင့် အဖျားကြီး ကယောင်ကတမ်းဖြစ်နေသော သူမမှာ အတန် နိုးထလာခဲ့ရသည်။ဘေးရှိ စိတ်ပူနေသည့်သူကို ဝေဝေဝါးဝါးနှင့်ကြည့်မိပြီး သိသလိုရှိလည်း ဘယ်သူမှန်း သေချာမသိတော့။
           ' အမနိုးပြီလား။ ရော့ရော့။ဒီမှာရေလေး အရင်သောက်လိုက်။´  
           လူငယ်က သူမခေါင်း မထူပေးပြီး ရေဝင်အောင်တိုက်နေသည်။သူမ အခြေအနေက ရေပင်ဝင်အောင် သောက်နိုင်တော့သော အခြေအနေမဟုတ်။
            ဒီလိုပဲနေရင် သူမ ဒီဝင်္ကပါထဲက ခန္ဓာကိုယ်မပါပဲ ဝိညာဉ်ချည်းသာထွက်သွားနိုင်သည်။
           ' အမ ကျွန်တော်လေ။ကျွန်တော်။မျက်လှည့်ဆရာလေး။´
           '  မျက်လှည့်ဆရာလေး!?´
           သူမလည်း လေသံသဲ့သဲ့ လိုက်ပြောမိသည်။သူက သူမအခြေအနေကြည့်ရင်း
           ' အမရယ် ဘယ်လိုဖြစ်တာလဲ။ကျွန်တော် အတွေ့မြန်လို့ပေါ့။ရော့ရော့ ဒါလေး မျိုချလိုက်ဦး။´
           ပါးစပ်ထဲ ခါးတူးသွားလည်း အဖျားပျောက်ဆေး ဆိုတာ သိလိုက်ပြီး ကြိတ်မှိတ် မျိုချလိုက်ရသည်။နောက် ဘာမျှမသိတော့ လူက ပြန်အိပ်ပျော်သွားသည်။
            တစ်စုံတစ်ဦးက သူမနှဖူးကိုစမ်းသပ်ကြည့်နေသည်။ အပူ ဒီလောက်ကြီးနေလည်း ချမ်းလွန်း၍ တုန်နေသောသူမကို ထွေးဖက်ပေးလာသည်။ သူ့ရင်ခွင်ထဲ သူမ အချမ်းမပြေလည်း လုံခြုံလာသလို ခံစားရသည်။
            သူမ ထိုရင်ခွင်ထဲပင် အတင်းတိုးဝင်နေမိသည်။အဲ့ဒီလူက ဘယ်သူပင်ဖြစ်ပါစေ သူမကိုတစ်ယောက်ထဲ ထပ်ထားသွားမှာ ကြောက်ရွံ့နေသည်။
           သူကလည်း သူမ စိုးရိမ်စိတ်သိ ပြန်ဖက်ထားပေးမှ စိတ်ချလက်ချ အိပ်ပျော်သွားပြန်သည်။အိပ်မက်ထဲ သူ့ရင်ခွင်ထဲ အိပ်ပျော်နေသည်ဟု ထင်နေသေးသည်။
            သူမ ပြန်နိုးလာတော့ နံဘေး မှန်မီးအိမ်ငယ် တစ်ခုတွေ့ရသည်။အခန်းက ညလိုမှောင်နေ၍ မီးအိမ်ထွန်းထားရခြင်းပင်။သူမကြည့်တော့ မျက်လှည့်ဆရာလေးက ခပ်လှမ်းလှမ်း gus မီးဖိုလေးနှင့် ဆန်ပြုတ်အိုးတည်နေသည်။
            တည်နေရာမှ သူမနိုးလာတာတွေ့ ဝမ်းသာသွားဟန်ရကာ
            ' အမ နိုးလာပြီလား။ကိုယ်ပူလည်းကျသွားပြီ။အနာရင်းနေတာလည်းသက်သာသွားပြီ။ဆန်ပြုတ်လည်းရပြီဆိုတော့ တစ်ခွက်လောက်သောက်ပြီးမှ ဆေးထပ်သောက်မလား။´
             သူမခေါင်းညိတ်လိုက်သည်။ကြိုးစားထတော့ သူကအပြေးလာပြီး ထူမပေးကာ ဆန်ပြုတ်တစ်ခွက်တိုက်သည်။သူမ အားတင်းလျက် လက်တုန်တုန်လေးတွေနှင့်ပင် ကြိုးစား ဆန်ပြုတ်ခပ်သောက်နေတော့ သူက ငေးကြည့်နေလျက်
            ' အမရယ် မသေကောင်း မပျောက်ကောင်း။ကျွန်တော်ဖြင့် ညက အမလက်လွှတ်လိုက်ရပြီလို့တောင် ထင်ခဲ့တာ။ကျွန်တော့်မှာလည်း ဆေးကောင်းကောင်းမပါခဲ့တော့ အမမှာတော်တော်ခံလိုက်ရသေးတယ်။´
            ' ရ..ရပါတယ်။အခု ဒီလောက်ကောင်းနေပြီပဲလေ။အမကို ပစ်မထားခဲ့ပဲ စောင့်ရှောက်ခဲ့တာ ကျေးဇူးပါပဲ။´
             မျက်လှည့်ဆရာလေးက သူမစကားကြောင့် စိတ်မကောင်းသည့်ဟန်ပင် ဖြစ်သွားရရင်း
            ' ပစ်ထားရက်ပါ့မလား အမရယ်။မသိတဲ့လူ တစိမ်းဆိုရင်တောင် ကိုယ့်ရှေ့ ဒီလိုအခြေအနေဖြစ်နေရင် ကယ်ပေးရဦးမှာ။ခု ဖြစ်နေတာက အမလေ။
            အမက ကျွန်တော့်အတွက် ဘယ်လိုလူမျိုးလဲ။ကိုယ့် ထမင်းတစ်နပ်ကျွေးခဲ့ဖူးတဲ့ ကျေးဇူးရှင်။ပို စောင့်ရှောက်ပေးရမှာပေါ့။´
            သူမ သူ့ပင် အားနာကြည့်မိရရင်း
            ' အဲဒါက ဘာမှ အပန်းမကြီးခဲ့ပါဘူး။မင်းက စားသောက်ကံကြုံလို့ ဖြတ်သွားဖြတ်လာရင်း ရောက်လာခဲ့တာပဲလေ။အခု မင်းကသာ သေမလိုဖြစ်နေတဲ့အမ ကိုပြုစုခဲ့ရလို့ ပင်ပန်းပြီး အမရဲ့ ကျေးဇူးရှင်ဖြစ်နေပါပြီ။´
           ' ရပါတယ်အမရဲ့။မပင်ပန်းပါဘူး။ဟီး။´
            သူက ရှက်ရယ် ရယ်ရင်းဆိုသည်။ သူမ သေချာကြည့်မိတော့ မျက်လှည့်ဆရာလေးကလည်း အရင်လိုမဟုတ် စုတ်တိစုတ်ဖွားလေးဖြစ်နေသည်။
             ဦးထုတ်မပါတော့၍ ပုံစံက တမျိုး ဖြစ်နေတာများလား။ဒီနေရာ ဒီလိုအခြေအနေတွေက ဘယ်သူ့ကိုမဆို ပြောင်းလဲသွားစေနိုင်သည်။
            ဘာပဲဖြစ်ဖြစ် သူနှင့်သူမ ပြန်တွေ့ခဲ့တာ ကံအတော် ကောင်းသည်။
             တခြားသူထက် သူဆိုတော့ သူမက ပိုယုံကြည်စိတ်ချလို့လဲရသည်။ထူးခြားတာက မျက်လှည့်ဆရာလေးက သူ့အကြောင်း တစ်ခွန်း မမေးချင်းပင်။
            သူမလည်း သူ့အကြောင်း မပြောချင်နေ၍ စိတ်သက်သာရာ ရသွားသည်။
            မျက်လှည့်ဆရာလေးက
            'အမပြန်အိပ်ချင် အိပ်လိုက်ဦးလေ။ အားပြန်ရှိမှ ဒီအခန်းထဲက ထွက်ကြတာပေါ့။´
             ' မင်းက ဒီအခန်းထဲ ဘယ်လိုရောက်လာတာလဲ။´
              သူက သူမမေးလာတော့ သူ့အနီးချွတ်ထားသော ဦးထုတ်ရှည်ကိုပင် ပုတ်ပြလိုက်ကာ
             ' ဒီဦးထုပ်ကို မြှုပ်နှံဖို့ နေရာရှာရင်း ရောက်လာခဲ့တာ။´
             ' ဟင် ! ဘယ်လို ? ဦးထုပ်ကိုမြှုပ်ပစ်မယ်။ ဟုတ်လား။´
            ' အင်း။ဒီ ဦးထုပ်က ကျွန်တော် မျက်လှည့်ပြရင် မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းလေ။ဒါပေမဲ့ ဒီထဲ ဒီဝင်္ကပါထဲ သောင်းကျန်းနေတဲ့ လူ့ဘီလူးကြီး ဖမ်းထည့်ပြီးနောက် ဆောင်းလို့ မရတော့ဘူး။သူက အရမ်းလေးလွန်း နေတယ်လေ။´
             ' ဘာ ! ဘယ်လို ? မင်းက ဒီထဲ လူ့ဘီလူးကြီး ဖမ်းထည့်ထားတယ်ဟုတ်လား။ မင်း သူ့ ဖမ်းလာနိုင်ပြီ ဟုတ်လား။´
             သူမ အလန့်တကြားနှင့် စိတ်ဝင်တစားဖြစ်ကာပင် လဲနေရာမှ လူးလဲထ မေးမိရတော့ သူကသာသာပြုံးလိုက်ရင်း
             ' ဒါပေါ့ အမရဲ့။ဒါက ဘာခက်လို့လဲ။ကျွန်တော့်အတွက် သူ့ဖမ်းရတာ ယုန်ဖမ်းရတာထက် ပိုလွယ်သေး။´
               သူမ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသားနှင့်ပင် ကြည့်မိလိုက်လည်း အတန်ကြာတော့သတိဝင်
              'မင်း  အမ လာနောက်နေတာပဲ။ ဒီထဲ ဘယ်လို လူ့ဘီလူးကြီးရဲ့ ခန္ဓာကိုယ်က ဆန့်မှာလဲ။နောက် သူ့ ဖမ်းမယ်ဆိုလည်း လူအင်အားအများကြီးနဲ့ အသက်တွေရင်းပြီး စွန့်စားလုပ်ရမှာ။ဒါတောင် ဖမ်းမိဖို့ မသေချာသေးဖူး။မင်း တစ်ယောက်ထဲနဲ့ဆို ဘယ်လိုမှ မဖြစ်နိုင်ဘူး။´
             ' အမ မယုံရင်လဲ နေပေါ့။´
              သူမ သူ့ပင် မျက်စောင်းထိုးမိရလျက် ဦးထုပ်လေးကြည့်မိတော့ ဦးထုပ်ထဲ တစ်စုံတစ်ခုက တိုးထွက်ချင်၍ အတင်း ရုန်းကန်နေသလို တွေ့လိုက်ရတော့ ကြောင်ငေး ကြည့်မိသွားသည်။
              သူက ဦးထုပ်ပေါ် ခဏ လက်တင်လိုက်ပြီး ကလေးနိုးလာလျင် ပြန်အိပ်စေချင်၍ ချော့သလို တစ်ချက်နှစ်ချက် ပုတ်လိုက်တော့ ထိုအရာက ပြန်ငြိမ်သက်သွားသည်။
              တကယ်ပဲ ဦးထုပ်ထဲ သူက လူ့ဘီလူးကြီး ဖမ်းထည့်လာတာများလား။သူမ ပြန်တွေးမိပြန်သည်။သူက
             ' ကဲ ကဲ ခဏပြန်အိပ်လိုက်။မနက်လင်းမှ ဆက်သွားနိုင်မသွားနိုင် ကြည့်ရဦးမယ်။အမခြေထောက်က အနာသက်သာမှ ရှေ့ဆက်လို့ရမယ်။´
             သူမ ဆေးအသစ် ပတ်တီးအသစ်ပင် ပြန်လဲပေးထားသော ခြေဖဝါးလေးကြည့် သူ့ထပ် ကျေးဇူးတင်မိရသည်။
              သူက မီးအိမ်အလင်း လျှော့ချလိုက်ရင်း သူမနှင့် ခပ်လှမ်းလှမ်းအကွာတွင်ပင် ခင်းထားသောအိပ်ရာလေးပေါ် ခေါင်းချလှဲလိုက်တော့ သူမလည်း ပြန်လှဲရရင်း
              ' ဒီထဲ ဒီလောက်မှောင်နေတာမျိုး တစ်ခါမှမကြုံဖူးဘူး။မျက်လှည့်ဆရာလေး။ဒါက ပုံမှန်မှ ဟုတ်ရဲ့လားဟင်။
               ..မြည်ဟီးသံကြီးဖြစ်ပြီး ငလျင်လှုပ်ပြီးကတည်းက အမှောင်ကြီးကျသွားတာ။
               နေ့အလင်းရောင်လုံးဝ မမြင်တော့ဘူး။ရာသီဥတုကလည်း အရမ်းကြီးအေးလာတော့ တော်တော် ပုံစံမဟုတ်တော့ဘူးပဲ။´ ဟုဆို အေးခဲလာ၍ ခြုံထားသော စောင်လေးပင် ခေါင်းအထိ ဆွဲခြုံထားလိုက်ရသည်။
               သူက
              ' အင်း အခြေအနေကတော့ တမျိုးဆိုးလာပြန်ပြီပေါ့။ဒီဝင်္ကပါထဲ သောင်းကျန်းနေတဲ့ လူ့ဘီလူးကြီးဖမ်းမိပြီးလည်း နောက်တစ်မျိုးလာဦးမှာ အသိသာကြီးပဲလေ။
              အဲ့ဒီအရာက ဒီ လူ့ဘီလူးကြီးထက် အခြေအနေ ပိုမဆိုးဖို့ပဲ ​မျှော်လင့်ထားရတော့မှာပေါ့။´ ဟု တွေးတွေးဆဆ ပြောလိုက်၍ သူမမှာ မျက်လှည့်ဆရာလေးပင် အံ့ဩ ငေးကြည့်မိနေလေတော့သည်။
           
                    သူမတို့ မနက်ပိုင်း နိုးလာလဲ အလင်းရောင် ကောင်းကောင်း မမြင်နိုင်ပဲ နံဘေးနား မြူတွေဆိုင်းနေသလိုပင်။
           သူမက ခြေထောက် ထောက်ကြည့်တော့ ထောက်နိုင်၍ ဆက်သွားရန် စဉ်းစားကြရသည်။ဒီအထဲ တနေရာထဲကြာရှည် ရပ်နေလို့ကလည်းမဖြစ်။
             အစားအသောက်က သွားနေရင်းမှ ထပ်တွေ့နိုင်သည်။သူက အလင်းအတန်ပင်ရှိနေ၍ မီးအိမ်မထွန်းတော့ပဲ
            ' အမ ကျွန်တော့်မျက်​ခြည် မပြတ်စေနဲ့နော်။´ ဟုဆို ရှေ့မှသွားသည်။
             သူမထပ်ချပ် သူ့နောက်လိုက်ရသည်။မျက်လှည့်ဆရာလေးက သူ့လိုအကဲပို အခန်းတစ်ခါ ကူးမည်ဆိုတိုင်း သူမလက်ကိုတော့ မတွဲတတ်။ဒါပေမဲ့ သူမက သူ့နောက်မှာ မခွဲမခွာပါလာရဲ့လား စိုးရိမ်လှည့်ကြည့်တတ်သည်။
               သူက သူ့မျက်လှည့်ပစ္စည်းတွေ ထည့်ထားဟန်ရသော suitcase တစ်လုံးပင် လက်မလွှတ်တန်း ဆွဲထားပြီး သေတ္တာပေါ် သူ့ဦးထုပ်တင်ထားသည်။ထို ဦးထုပ်ကိုလည်း ပြုတ်မကျရန် သံကြိုးနှင့် တွဲထားသေးသည်။
                 တကယ်ပဲ ဒီထဲ လူ့ဘီလူးကြီး ဖမ်းများ ထည့်လာသည်လား သူမ မသိတော့။နဂိုဆို သူက ဒီဦးထုပ် မချွတ်တမ်း ဆောင်းခဲ့သူပင်။သူမ သူ့ကြည့်ရင်း
             ' မင်းက ဘယ်လိုအခန်းမျိုး ရှာနေတာလဲ။´
             'ဟင် !?´
             ' ဪ.. မင်းဖမ်းလာတဲ့ဘီလူးကြီး မြှုပ်ထားဖို့လေ။´
             ' ဩ သူလုံးဝ ပြန်ထွက်လာလို့ မရတော့တဲ့ အခန်းမျိုးပေါ့။´
           သူမစဉ်းစားရင်း ' ဒီအထဲ အလုံပိတ်အခန်းတွေရှိလည်း လုံးဝပြန်ထွက်လာလို့ မရတဲ့နေရာမျိုးတော့ မရှိဘူး။
           ဥပမာ အမကိုပဲကြည့်လေ။တံခါးတွေတောင် နံရံတွေအဖြစ် လုံးဝ ပြောင်းလဲသွားတဲ့ အခန်းတွေထဲရောက်ခဲ့တာ။အချိန်ကြာခဲ့ပေမဲ့ တဖြေးဖြေးနဲ့တော့ ပြန်ထွက်လာနိုင်ခဲ့တာပဲ။´
           သူက သူမစကားကြောင့် အံ့ဩသွားရင်း စိတ်မကောင်းဟန် လှည့်ကြည့်လာက
             'ဒို့အမ အဲ့ဒီအခန်းတွေထဲ အရမ်းကြောက်ပြီး နေခဲ့မှာပေါ့။ အမက ဒီဝင်္ကပါကြီးရဲ့အဆိုးဆုံး အခန်းတွေထဲ ရောက်သွားတာလေ။ကျွန်တော်တောင် ဒီဝင်္ကပါထဲ နေရာစုံ လျှောက်သွားဖူးလည်း အဲ့ဒီအခန်းမျိုးတွေထဲတော့ တခါမှ မရောက်ဖူးခဲ့ဘူး။
           အဲ့ဒါတွေက ဝင်္ကပါရဲ့ အလယ်ဗဟိုလောက်မှာစုပြီး အထပ်ထပ်နဲ့ ဆင့်ပိတ်သွားလို့ ဝင်သွားမိရင် ပြန်ထွက်ရခက်တယ်။
            အဲ့ဒီအခန်းတွေကို ကျွန်တော်တို့ကချောင်ထိုး ခံရတဲ့ အခန်းတွေလို့ခေါ်တယ်။အဲ့ဒါတွေထဲကို လုံးဝ ကံဆိုးမိုးမှောင် ကျသွားတဲ့ သူမျိုးတွေမှ ရောက်သွားတတ်ကြတာ။
               ငါ့အမ ဘယ်လိုများ ဖြစ်ရတာပါလိမ့်။´ ဟု သူမပခုံးလေးပင်ကိုင် ငုံ့ကြည့်ရင်းဆိုသည်။
                သူမလည်း သူ့လုပ်ရပ်ကြောင့် အထစ်ထစ်အငေါ့ငေါ့လေး ဖြစ်သွားရရင်း
              'ချောင် ! ချောင်ထိုးခံရတဲ့ အခန်းတွေ !?´  ဟု ဆိုမိရတော့ သူကခေါင်းညိတ်ရင်း
              ' လူတွေ လုံးဝ ဖြတ်သွားဖြတ်လာမလုပ်တော့တဲ့၊စိတ်ဝင်စားမှု့လည်း လုံးဝ မရတော့တဲ့၊လုံးဝလည်း အသုံးမပြုတော့ပဲ စွန့်ပစ်ပစ္စည်းတွေ ထားတဲ့ အခန်းမျိုးတွေပေါ့။´
               ' ဟင် ဟုတ်တယ်။အဲ့ဒီနေရာမှာ အားလုံး အဟောင်းတွေချည်းပဲ။မင်း ဒီဦးထုပ်ကို အဲ့ဒီအခန်းတွေထဲ ယူသွားမှာလား ?´
               သူမ ဆိုမိရတော့ သူက သူမငြိမ်သက် ငေးစိုက်ကြည့်နေရာမှ ပြန်မျက်နှာလွှဲသွားရင်း
               ' ဘယ်  အဲ့ဒီလိုအခန်းမှာ သူ့သိမ်းထားလို့ ဖြစ်မလဲ။တချိန်ချိန် အဲ့ဒီအခန်းတွေက လူတွေအတွက် အသုံးဝင်လာရင် ပြန်ပွင့်လာနိုင်သေးတယ်။
              သူ့ကို လုံးဝ ခြေချုပ်ဖြစ်နေအောင် ဖမ်းထားနိုင်တဲ့အခန်းတစ်မျိုးပဲရှိတယ်။အဲ့ဒါကို ကျွန်တော်လိုက်ရှာနေတာ။´  ဟု ဆို ရှေ့ဆက်သွားသည်။ သူမလည်း သူ့နောက် ထက်ကြပ် လိုက်လာရသည်။
                ဖြတ်လာရသမျှ အခန်းတွေကလည်း မြူတွေနှင့်ဝေဝါးနေ၍ အတွင်းဘာတွေ ရှိနေသည်ဟုပင် မမြင်နိုင်တော့။သူကတော့ လက်တစ်ကမ်းစာလောက်သာ မြင်နိုင်သော နေရာတွေထဲ ဘယ်လို ကိုယ်သွားချင်ရာ ဦးတည် လျှောက်လှမ်းနေသည်လဲ မသိရတော့။တစ်ခါတစ်လေတော့ ရောက်သည့်နေရာမှာရပ် ဘယ်ဘက်ဆက်သွားရမလဲ အတန်စဉ်းစားနေတတ်သည်။
                တစ်ခါတစ်လေလည်း သူမလှည့်ကြည့် လျှောက်နိုင်သေးရဲ့လား ဟုမေးသည်။သူမက သွားနိုင်သေးသည်ဆို ဆက်သွားပြီး မသွားနိုင်တော့ဘူးဆို ရပ်နားကြသည်။ဗိုက်ဆာချိန် ရပ်နားစားသောက်ကြပြီး အိပ်ချိန်လည်း ရောက်သည့်နေရာမှာပင် ခင်းကျင်းအိပ်ရတော့သည်။
                  ဒီလိုနှင့် နှစ်ရက် သုံးရက်လောက် သွားလိုက်ရသည်။သူမခြေထောက်လေးလည်း အတော်ယောင်ကိုင်း နာကျင်နေသည်။သူက ပတ်တီးဖြေ ဆေးထည့်ပေးပြီး 
              ' အမခြေထောက် အရမ်းနာနေတယ်မဟုတ်လား။ဘာဖြစ်လို့ ကျွန်တော်မေးတိုင်း ရတယ်လို့ဖြေရတာလဲ။´
              သူမ သူ့ပင် မျက်နှာလေးငယ် ကြည့်မိရင်း
               ' အမကြောင့် မင်းခရီးဖင့်မှာစိုးတယ်။အမက မလိုက်နိုင်ဘူးဆိုလည်း မင်းက ထားပစ်ခဲ့မှာစိုးတယ်။´
             သူက သူမအဖြေကြောင့် အံ့ဩမော့ကြည့်လာပြီး သူမခေါင်းလေး သူရှိရာဆွဲ နမ်းရှိုက်လိုက်တော့ အံ့ဩသွားရသည်။ဒါပေမဲ့ သူမ မငြင်းပယ်မိ။သူ့အနမ်းတွေ လိုလိုချင်ချင် လက်ခံလိုက်သည်။
            သူက သူမအားရအောင် နမ်းပြီးမှ လွှတ်ပေးလိုက်ကာ
            ' ကဲ ဒီလောက်ဆို ရပြီလား ?´   
            ' ဟင် !´
            ' အမက စိုးရိမ်နေတယ်။ကျွန်တော်က အမကို ထားသွားမှာကိုလေ။ကျွန်တော်လေ့လာမိရသလောက် လူသားအချင်းချင်း ရစ်ပတ်ထားနိုင်တဲ့ အခိုင်မြဲဆုံးကြိုးက ချစ်ခြင်းမေတ္တာနှောင်ကြိုးပဲ။လူတွေက ဒါနဲ့ရစ်ပတ်လိုက်ရင် မလှုပ်နိုင်တော့ဘူးပဲ။ ဒါကြောင့် ခု အမကို ကျွန်တော်က ကြိုးတစ်ချောင်းနဲ့ ချည်လိုက်ပြီ။ကွဲမသွားစေရတော့ဘူး။´
              သူမ သူ့ မျက်လုံးလေးပြူး ကြည့်မိရတော့ သူကသူမနား ပိုတိုးကပ်လာလျက်
             ' ဒီထက်ပို ချည်နှောင်ဖို့ လိုသေးလား။´ ဟု လေသံနှင့်မေးလာ၍ လန့်သွားရကာ သူ့ရင်ပင် တွန်းထားလိုက်တော့ သူကပြုံးသွားရင်း သူမခေါင်းလေးပုတ်ကာပင်
               ' မလိုလောက်တော့ပါဘူး။ ကဲ အိပ်လိုက်တော့။ sweet dreams !´  ဟုဆို ထထွက်သွားတော့ သူမမှာ မျက်လှည့်ဆရာလေး၏ လုပ်ရပ်အပေါ် နားမလည်နိုင်လည်း ရှက်ပြုံးလေးပင် ပြုံးမိရကာ စိတ်ချ လက်ချ အိပ်ပျော်သွားနိုင် လေတော့သည်။
   
   

                         

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now