အပိုင်း ၄

425 10 0
                                    

                ဈေးတန်းက လိုချင်စရာ ပစ္စည်းလေးတွေချည်းဖြစ်သည်။အဝတ်အစား၊အလှဆင်ပစ္စည်း၊ကစားစရာအရုပ်၊အချိုအငံ မုန့်မျိုးစုံ ရှိနေသည်။သူက သူမလက်ကိုဆွဲထားလျက် ဈေးတန်းထဲ သဘောတကျ လိုက်ကြည့်နေသည်။
            နဂိုဆို ဒီလိုဈေးတန်းထဲရောက်သည်နှင့် ပြန်ဆုံမှတ်တစ်ခုထားကာ တဦးနှင့်တဦး ခဏခွဲခွာ ကိုယ်နှစ်သက်ရာ၊ကိုယ်သဘောကျရာ လိုက်ကြည့် ရှာဖွေ စားသောက် ဝယ်ခြမ်းတတ်ပြီး အချိန်တစ်ခုရောက်မှ ပြန်ဆုံတွေ့ ထိုနေရာမှ အတူထွက်ခွာတတ်ကြသည်။
           ယခု သူကအရင်လို သူမလက်ပင်မဖြုတ်တော့။သူမအတွက်ပင် အဝတ်အစားကြည့်ပေးနေတော့ အားနာမိရကာ
          ' ကျွန်မ မလိုချင်ဘူးနော်။ကျွန်မအဝတ်အစားအတွက် အပိုငွေ အကုန်မခံနိုင်ဘူး။ကျွန်မပိုက်ဆံအိတ်က ပါးနေပြီ။ဒီအထဲ ဘယ်လောက်ကြာကြာနေရဦးမယ် မသိတော့ စားဖို့အတွက်ထားရဦးမယ်။´
         သူက ပြုံးလိုက်ရင်း ' မင်းဘေး ငါတစ်ယောက်လုံးပါနေတာ၊ဘာတွေ တွေးစိတ်ပူနေတာလဲ။ဒီမှာ ဒီအင်္ကျီလေးသွားလဲဝတ်လိုက်။မင်းအင်္ကျီက ညစ်ပတ်နေပြီ။´
        သူမ ဝတ်ထားသော အင်္ကျီလေးပင် ငုံ့ကြည့်မိလိုက်ရလျက်
        ' ဒါက ခုန ပြေးရ၊လွှားရတုန်းက နဲနဲပေကျံသွားတာပါ။လျှော်လိုက်ရင်ရပါတယ်။ဝယ်မနေပါနဲ့။အပိုကုန်ပါတယ်။´
         ' ဟ!! ကျွတ် ! ငါက ဝယ်ပေးပါ့မယ်ဆိုတာတောင်။´
         'ဘာပဲဖြစ်ဖြစ် ဒီထဲမှာနေရင် ပိုက်ဆံက အထွက်ပဲရှိပြီး အဝင်မရှိနိုင်ဘူးလေ။ကျွန်မတို့ ချွေတာရမှာပေါ့။´
         သူက သူမပင်ငုံ့ကြည့်ရင်း စိတ်မရှည်ပုံဖြင့် ' တကယ်လို့ ငါက ဒီထဲပိုက်ဆံရှာနိုင်တယ်ဆို မင်းက ငါဝယ်ပေးတာ လက်ခံမလား။´
          သူမအံ့ဩလျက် ' ရှင်လည်း ဒီဈေးသည်တွေလို ဒီအထဲ ရောင်းဖို့ပစ္စည်းတွေ ပါလာလို့လား။´
           သူမနားမလည် ပြန်မေးမိရတော့ သူက သူမလက်ဆွဲကာထွက်လာလျက် ခဏပင်စဉ်းစား နောက်အခန်းတချို့ ထပ်ကူးလိုက်သည်။
            ' ဟေး..´   ' ဝါး...ထိုးထား ထိုးထားကွ။´  ဟု အော်ဟစ်သံများနှင့် လူတစ်စု မြေပေါ်မှာပင် ဝိုင်းဖွဲ့ လက်ဝှေ့ထိုးနေကြတာမြင် လန့်ဖျပ်သွားရသည်။
           သူက ထိုသူတွေရှိရာ သွားမလိုဟန်ပြင်တော့ သူမ သူ့လက်ပင်ပြန်ဆွဲထားမိရလျက်
           ' ဘာလုပ်မလို့လဲ။လက်ဝှေ့ပွဲ ကြည့်ဦးမလို့လား။ကျွန်မဒါတွေ မကြည့်ရဲဘူးနော်။အချင်းချင်း နာကျင်အောင် ထိုးသတ်နေတာ အားကစားလဲမဟုတ်ဖူး။´
          ' မကြည့်ရဲ မင်းဒီမှာနေခဲ့။ငါက ဒီနေရာ တမင်ရှာလာတာ။လက်ဝှေ့ပွဲကြည့်ဖို့ မဟုတ်ဖူး။ဝင်ပြိုင်ဖို့။ဒါက နိုင်နိုင်ရှုံးရှုံး ဝင်ပြိုင်တာနဲ့ငွေပေးတယ်။နိုင်ရင်တော့ ပိုရတာပေါ့။´
          သူမ မျက်လုံးလေးလည်သွားလျက် သူ့လက်ပင်ဆွဲထားရကာ
           ' ရှင်က ဒီမှာဝင်ပြိုင်ပြီး ငွေရှာမလို့လား။ကျွန်မအတွက် အဝတ်အစားသစ် ဝယ်ပေးချင်တာနဲ့လေ။´
           သူက သူမမေးလာတော့ သူမပင်ငေးကြည့်လာပြီး စိတ်ပူ၍ ကိုင်ဆွဲထားသော လက်ကလေးတွေပင် ငြင်ငြင်သာသာ ဖြုတ်ချလိုက်ကာ
          ' ဒါပေါ့။ယောင်္ကျားကောင်းဆိုတာ ဒီလိုသဘောကျတဲ့ကောင်မလေးရှေ့ အထင်ကြီးအောင်နေရတာပဲ။
       စိတ်မပူပါနဲ့။ငါက လေ့ကျင့်ထားတဲ့ အားကစားသမားပါ။ဘလိုင်းဝင်ထိုးတာမဟုတ်ပါဘူး။´ ဟု သူမ ပခုံးလေးတွေပင်ကိုင် ငုံ့ကြည့်ဆိုသည်။
            သူမလည်း သူ့တားလို့ရမယ် မဟုတ်မှန်းသိ သူ့နောက်စိတ်ပူလိုက်လာရတော့ လူက ကစားဝိုင်းနားရောက်လာရသည်။တစ်ပွဲပြီးတော့ နောက်တစ်ပွဲစရန် လူခေါ်တော့ သူက မဆိုင်းမတွ အပေါ်အင်္ကျီချွတ် ဝိုင်းထဲဝင်သွားသည်။
       လက်ခုတ်သံတွေ ဆူညံသွားပြီး သူ့လိုပင်နောက်တစ်ဦး ထပ်ဝင်လာတော့ ပွဲဖြစ်သွားကြသည်။
        ပြောသည့်အတိုင်း လက်ဝှေ့ပွဲဖြစ်၍ အချင်းချင်းထိုးသတ်ကြကာ တစ်ဦး လဲ မကျမချင်း ထိုးကြိတ်နေရတော့ သူမ ကြည့်ပင် မကြည့်ရက်တော့။
         သူက သူပြောသလို အားကစား လုပ်ထားလည်း သူနှင့် ယှဉ်ပြိုင်သူက သူနှင့်လက်ရည်တူနေတော့ ပွဲက မပြီးနိုင်တော့။သူမ ဘယ်သူပဲ နိုင်နိုင်ရှုံးရှုံး မြန်မြန် ပွဲပြီးပါစေတော့ ဟုဆုတောင်းနေရသည်။
            သူမမှာ သူအထိုးခံရတိုင်းလည်း ကိုယ်အထိုးခံရသလို နာကျင်မိရတော့ သူက လဲကျနေရာမှပင် သူမငေးကြည့်မိရကာ အားတင်းထရပ်လိုက်လျက် ပြိုင်ဘက်ကို အားကုန်ထိုးချလိုက်တော့ ပြိုင်ဘက်မှာ သူ့လက်သီးဒဏ်မခံနိုင် တစ်ခါတည်းမေ့မြောသွားတော့သည်။
          ထိုမှ သူမမှာ အလုံးကြီးကျသွားရလျက် လူအုပ်ထဲမှ တိုးထွက် ခပ်ဝေးဝေးသွားငိုမိရတော့ သူကနောက်မှပင် မြန်မြန်လိုက်လာ သူမဆွဲဖက်ထားရင်း
          ' တောင်းပန်ပါတယ်။မင်းစိတ်ပူအောင်လုပ်မိတာ။တောင်းပန်ပါတယ်။´ ဟု ဆိုနေတော့ သူမငိုရှိုက်ရင်း သူ့ပင်ထပ် ထုရိုက်မိရလေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now