အပိုင်း ၂

611 8 0
                                    


                     တစ်ဖက်ခန်းမှာ အရင်လို သူတောင်းစားတွေ မတွေ့တော့။Magic show ပွဲတစ်ခုရောက်နေသည်။
          သူမအံ့ဩလျက် ပတ်ဝန်းကျင်ကို လိုက်ကြည့်တော့ လူငယ်က တွေ့တယ်မဟုတ်လား ဆိုသည့်ပုံနှင့် သူမကို ငုံ့ကြည့်သည်။ ပြီး နံဘေးနားကျောပိုးအိတ်ချကာပင် ထိုင်ခုံတစ်နေရာမှာ အေးဆေးထိုင် Show ပွဲကြည့်နေသည်။
          ' ရှင် ဒီမှာဘာထိုင်လုပ်ဦးမှာလဲ။လာဆက်သွားကြမယ်။´
          ' သွားလည်းအပိုပဲ။မင်းနောက်တစ်ခန်းရောက် နောက်တစ်မျိုးနဲ့တွေ့ဦးမှာပဲ။အေးဆေးထိုင်ပြီး မျက်လှည့်ပြတာကြည့်ပါလား။´
             သူမ ခဏမျှ ဘာလုပ်ရမည် မသိဖြစ်နေ၍ သူ့ဘေးထိုင်ခုံပေါ် ယောင်နန ထိုင်လိုက်မိသည်။မျက်လှည့်ဆရာက ဦးထုပ်ထဲမှ ယုန်ငယ်တစ်ကောင်ကို ထုတ်ပြနေသည်။သိပ်စိတ်ဝင်စားစရာ မကောင်းလှလည်း သူကလက်ခုတ်တီးလျက် အပီအပြင် အားပေးနေသည်။
         အတန်ကြာမှ သူမကိုလှည့်ကြည့်တော့ ငိုင်နေတာတွေ့ ပြုံးကာ
         ' မင်းကြည့်။ဒီထဲမှာနေရတာ မျက်လှည့်ပြပွဲ တစ်ခုထဲရောက်နေသလိုနဲ့ ဆင်တူတယ်။ ခု မင်းရှေ့ တစ်စုံတစ်ခု မရှိဘူး။ဒါပေမဲ့ ရုတ်တရက်ဆိုသလို တစ်စုံတစ်ခုရောက်လာနိုင်တယ်။
       မင်းရှေ့မှာ တစ်ခုခုရှိနေလဲ သိပ်မကြာခင် အဲဒီအရာက ပျောက်ကွယ်သွားနိုင်တယ်။ဒီမှာ ဘယ်အရာမျှ ပုံသေမရှိနိုင်ဘူး။´
          ' ဒါဆိုရှင်ကော ?´ သူမမေးတော့ သူကအနည်းငယ်ပြုံး သူမကိုငေးကြည့်ကာ
          ' ဒါတော့ မင်းနဲ့ပဲဆိုင်တယ်။ မင်းငါနဲ့အတူ ရှိနေချင်ရင် ရှိနေမှာပေါ့။´ ဟု ဆိုသည်။သူမလည်း
          ' ရှင့်ကို ရှိနေစေချင်တယ်။´ ဆိုတော့ သူကသူမ လက်ကလေးညင်ညင်သာသာ ဆုတ်ကိုင်လိုက်လျက်
          ' ဒီလိုဆို ငါ့လက်တွေကို မဖြုတ်လိုက်ပါနဲ့။ အထူးသဖြင့် ခုန ငါပြောခဲ့သလို တစ်ဖက်ခန်းကူးတော့မယ်ဆိုတိုင်း ငါ့လက်ကိုတွဲဖို့ မမေ့လိုက်ပါနဲ့။´ ဟု ဆိုလိုက်တော့သည်။

                    သူမမောနေပြီ။တစ်နေရာပြီး တစ်နေရာ၊တစ်ခန်းပြီးတစ်ခန်း အလျင်စလို ကူးလာခဲ့၍ လူကမောဟိုက်နေသည်။အခန်းတွေထဲမှာ အမျိုးမျိုးအထွေထွေ တင်ဆက် ပြသနေတာတွေကလည်း သူမစိတ်ကို မဆွဲဆောင်နိုင်။
         သူမက ဝင်္ကပါထဲမှ အပြင်ပြန်ထွက်ရေးကိုသာ အာရုံစိုက်နေသည်။သူမနောက်မှ တချိန်လုံးလိုက်နေရသော သူလဲမောနေပြီ။
        ' ဒီမှာ။ မင်းဘာတွေအလျင်စလို ဖြစ်နေတာလဲ။ ခဏ နားကြရအောင်။´
             သူ့စကားကြောင့် သူမမှာ မောရသည့်ကြားထဲ စိတ်တိုကာ၊ သူ့လက်တွဲထားတာကို ဖြုတ်ချရင်း
         ' ဘယ်လို လုပ်မလဲ ? ဘယ်လို လုပ်ရမလဲ ? ကျွန်မဒီက အမြန်ပြန်ထွက်ချင်နေပြီ။ဒီအထဲမှာ တစ်စက္ကန့်တောင် ထပ်မနေချင်တော့ဘူး။
      ကျွန်မဘယ်လို လုပ်ရမလဲဟင်။ကျွန်မ အပြင်ပြန်ရောက်ချင်တယ်။´
            သူက တရစပ်ပြောပြီး အရူးမီးဝိုင်းသလို ချာချာလည်ဖြစ်နေသော သူမကို ထိန်းကာ
           ' နေပါဦး။နေပါဦး။ စိတ်အေးအေးထားပါ။ငါလည်းမင်းလို ပဲ အပြင်ပြန်ထွက်ချင်သူပါ။ ဒါပေမဲ့ မင်း ဒီလိုလုပ်နေလို့တော့ မရဘူး။ အေးအေးနားပြီး စဉ်းစားကြရအောင်ပါ။ ´
            သူပြောတော့ သူမလည်း ခဏငြိမ်သက်သွားရကာ နေရာမှာပင် မောမောနှင့်ထိုင်ချတော့ သူလည်း သူမအနီး ခြေပစ်လက်ပစ် ထိုင်လိုက်ရသည်။ခဏအနားယူပြီး သူက
         ' မင်းက ဒီထဲရောက်တာ တစ်ရက်မရှိသေးဘူး။ ငါက နှစ်နဲ့ချီနေပြီ။ ဒီလိုပြောတော့ မင်းယုံမှာ မဟုတ်ဘူး။ ငါလည်းမင်းလိုဖြစ်ခဲ့ပါတယ်။
         ထွက်ပေါက်ကို အသဲအမဲ လိုက်ရှာခဲ့မိတယ်။ဒါပေမဲ့ မတွေ့တော့ စိတ်ဓာတ်ကျတယ်။ ဒီလိုနဲ့ ကိုယ့်ကံကြမ္မာကို လက်ခံလိုက်ပြီး တခန်းဝင်တွေ့နိုး၊တစ်ခန်းထွက်တွေ့နိုးနဲ့ ပုံမှန်လျှောက်နေရတော့တာပဲ။´
         ' ကျွန်မကတော့ အဖော်တွေနဲ့ရော ဒီထဲလိုက်ဝင်လာမိတာကိုက မှားတာ။ကျွန်မ ကိုယ့်လမ်းကိုယ်ရွေးခဲ့သင့်တာ။´
         သူက သက်ပြင်းချပြီး ' ဒီလိုလဲမဟုတ်ပါဘူး။ဒီလိုပဲ ငါတို့က ကံကြမ္မာစေရာ ပါလာတဲ့ လူသားတွေပဲလေ။ ငါတို့ဖြစ်ချင်တိုင်းလည်း မဖြစ်နိုင်သလို ငါတို့ မဖြစ်ချင်တာတွေလည်းကြုံတွေ့ရတာပါပဲ။
        ဒါပေမဲ့ ကြုံတွေ့ရတာတိုင်းကလည်း အဆိုးချည်းပဲတော့ မဟုတ်ပါဖူး။ခု ငါတို့ ဆုံတွေ့ခဲ့ကြတာပဲကြည့်လေ။ငါတို့က တစ်ဦးနဲ့ တစ်ဦးတွေ့ဖို့ ကံ ပါလာတယ်ပဲဆိုရမလား။´
            သူပြောတော့ သူမကခေါင်းညိတ်မိရင်း
          ' ဒါတော့ ဒါပေါ့။ကျွန်မသာ သူငယ်ချင်းတွေနဲ့ရော ဒီထဲမဝင်မိရင် ရှင်နဲ့တွေ့ဖို့ မဖြစ်နိုင်ဘူး။
         နောက် ဒီထဲ တွေ့ကြုံရတဲ့ ထူးဆန်းတဲ့အဖြစ်အပျက်တွေ။ တွေ့ဆုံရတဲ့လူတွေ။ နောက် ..အပြင်မှာပဲနေခဲ့မယ်ဆို ဒီထဲ ဒီလိုလူတွေရှိနေမယ်ဆိုတာ သိလိုက်မှာတောင်မဟုတ်ဖူး။´
          သူကလည်းခေါင်းညိတ်ရင်း
       'ငါလည်း ဒီလိုပဲ။ငါလည်းဒီထဲရောက်ခါစ မင်းလိုပဲ အပြင်ပြန်ထွက်ဖို့ပဲ စိတ်အားထက်သန်နေခဲ့တယ်။
       ဒီထဲ အိပ်နေ၊စားနေ၊ပျော်နေတဲ့ သူတွေကြည့်ပြီး နားမလည်နိုင်ခဲ့ဘူး။သူတို့က အပြင်ပြန်ထွက်ဖို့ထက် ဒီထဲမှာ နေပျော်နေသလိုပဲ။
        ငါလည်း သူတို့ကိုကြည့်ပြီး ဒီထဲမှာ နေပျော်အောင်ကြိုးစားနေပါတယ်။ဒါပေမဲ့ တစ်နေ့တော့ အပြင်ပြန်ထွက်ကို ထွက်ရမယ်လို့ ရည်ရွယ်ချက်ထားတယ်။
         မင်းလည်းဒီလိုပဲ လုပ်ကြည့်ပါ။အကျိုးများပါလိမ့်မယ်။´
           သူ့စကားကြောင့် သူမက စိတ်ပျက်သွားပုံ ပျော့ခွေကျသွားတော့ သူက စာနာဟန်နှင့်ငုံ့ကြည့်သည်။သူမက နံရံမှာ ခပ်လျှောလျှောမှီထိုင်လျက် စဉ်းစားနေရာမှ ခပ်မတ်မတ် ပြန်ထိုင်လိုက်ရင်း
        ' မဖြစ်ဘူး။ကျွန်မနဲ့တော့ ဘယ်နည်းနဲ့မှ မဖြစ်ဖူး။ကျွန်မ ဒီအထဲက မြန်မြန် ထွက်ကိုထွက်ရမှဖြစ်မယ်။ကျွန်မ ဆက်သွားမယ်။ဒါပေမဲ့ ဘယ်သွားရမှာလဲ။ရှေ့လား နောက်လား။´
        ' ဒီမှာ ရှေ့ရယ်။နောက်ရယ် မရှိဘူး။နောက်ကြောင်းပြန်လျှောက်လို့ ဝင်ပေါက်လဲ ပြန်ရောက်မယ် မထင်နဲ့။ ရှေ့လျှောက်လို့ ထွက်ပေါက်လည်း ရောက်မယ်မထင်နဲ့။ကျွန်တော်အကုန်လုပ်ကြည့် ပြီးသွားပြီ။´
          သူမက သက်ပြင်းချသည်။နောက် ထရပ်လိုက်လျက်
         ' ဒါပေမဲ့ ရပ်နေလို့ကတော့ ဘယ်ကိုမှ ရောက်မှာမဟုတ်ဖူး မဟုတ်လား။ကျွန်မ ဆက်သွားတော့မယ်။´
        သူမဆိုတော့ သူကလည်း သူမနှင့်အတူ ထရပ်ပြီး (၄)ဖက်(၄)တန်ရှိသော အပေါက်တွေကို လှည့်ကြည့်ကာ
        ' တချို့ အခန်းတွေမှာ နှစ်ပေါက်၊ တချို့အခန်းတွေမှာတော့ အပေါက်က (၂)ပေါက်ထက်မက (၃)(၄)ပေါက်တောင် ရှိနေတတ်တယ်။ဒီတစ်ခါ ကိုယ်တို့ ဟိုအပေါက်ကို စမ်းကြည့်ကြရအောင်လား။´ ဟု ဆိုတော့ သူမလည်း ခေါင်းညိတ်လိုက်လေတော့သည်။

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now