အပိုင်း ၈

222 7 0
                                    

               သူမ costume ဝတ်စုံကြီးဖြင့် တစ်ခန်းဝင်တစ်ခန်းထွက် ပြေးလာခဲ့ပြီးနောက် နောက်ဆုံး ​ရှေ့ဆက်ပြေးစရာ တံခါး မရှိတော့သော အခန်းတစ်ခုရောက်မှ လူကပုံလျက် လဲကျသွားသည်။လူက မောဟိုက်လွန်းပြီး အကြောက်လွန်ခဲ့၍လည်း နေရာမှာပင် လဲကျ မေ့မြောသွားရသည်။
             အချိန်မည်မျှ မေ့မြောသွားသည်မသိတော့ ။နိုးလာတော့ လူက အိပ်မက်ဆိုးကြီးထဲ ဖြတ်ကျော်လာရသူနှယ် အလွန်ပင် အားနဲဖျော့တော့ ချည့်နဲ့လျက် တုန်ရင်နေသည်။
              အလွန်ကျပ်လှသော costume ဝတ်စုံပင် ဆွဲချွတ်ပစ်လိုက်ချင်လဲ ဒီထဲလဲဝတ်စရာ ဘာမှလည်း မရှိ။ဒီ့ထက်ဆိုးတာက အာခေါင်တွေခြောက်ကပ်ပြီး ရေအရမ်းသောက်ချင်နေခြင်းပင်။
              သူမ ဒယိမ်းဒယိုင်နှင့်ပင် ထကာ အခန်းထဲ ရေရှိမလား ရှာမိသည်။
               ကံကောင်းသည်ပင်။အခန်းက ပန်းခြံငယ်လေးနှင့်တူနေပြီး အခန်းအလယ် ရေပန်းငယ်လေးတစ်ခုပင် ရှိနေတော့ ထိုနေရာသွား ရေတွေပင်အငမ်းမရ သောက်လိုက်ရသည်။
                ရေသောက်ပြီး အတန် နေသာသလိုရှိလာကာ ထိုနေရာမှ ထွက်ခွာရန်အခန်းတံခါးရှိရာ လျှောက်လာခဲ့သည်။
                 အခန်းတိုင်းလိုလိုတွင် ရှိတတ်သော ကန့်လန့်ကာကို ဆွဲဖွင့်ပြီး တစ်ဖက်ခန်းကူးမည် ဟန်ပြင်တော့ အခန်းဝက အပိတ်ကြီးဖြစ်နေတာတွေ့လိုက်ရသည်။
               သူမ ထိုအခြေအနေမျိုး တစ်ခါမျှ မကြုံဖူး၍ တအံ့တဩဖြစ်ကာ တံခါးကိုပင် မယုံန်ိုင် ထိကိုင်ကြည့်မိသွားသည်။
               တစ်ဖက်ခန်းတံခါးပေါက်က ပိတ်များနေတာလား။ဒါမှမဟုတ် တစုံတဦးက ပိတ်များထားတာလား။
               ဒီအထဲတော့ တော်တော်များများတံခါးတွေက ကိုယ့်သဘောနှင့်ကိုယ် ပိတ်ထားလို့မရ။ဒါဆိုဒါက ဘယ်လိုဖြစ်တာလဲ။
               သူမတွေးရင်း ရလိုရငြား တံခါးကိုထု အသံပေးမိသည်။
               ' တစ်ဖက်မှာ ဘယ်သူတွေရှိလဲ။ရှိရင် တံခါးဖွင့်ပေးကြပါနော်။ဒီထဲ ကျွန်မပိတ်မိနေလို့။´
               သူမပြောလည်း တစ်ဖက်မှ ဘာမျှမထူး။တံခါးနားကပ် နားထောင်ကြည့်လည်း ဘာလူသံ ဆူသံမျှမကြားရ။ဒီအခန်းထဲမှာလည်း သူမဝင်ခဲ့သော ဒီတစ်ပေါက်မှလွဲ တခြားထွက်ပေါက်မမြင်။ဒါပေမဲ့  ရှိလိုရှိငြား အခန်းနံရံတွေပင် လိုက်ထိကပ် ကြည့်မိသည်။
               နောက်ဆုံးသူမ ပထမလ်ိုပင် အခန်းနံရံမှာမှီ ပျော့ခွေကျသွားရသည်။သူမ သူ့ကိုသိပ်သတိရနေသည်။ဒီအချိန် သူမနား သူရှိနေလျင် ဒီလိုအားပျော့နေမည်ပင် မထင်။ သူ့ကိုထားခဲ့ပြီး ပြေးခဲ့မိတာ နောင်တရသလို ဖြစ်လာရလည်း စိတ်ကို တင်းထားရသည်။
               .. ဒီလို ပြေးခဲ့ရမှာပေါ့။သူက သူများနှင့် ရှိနေပြီပဲဟာ။သူကမှ သူမ မလိုအပ်တော့တာ။
               .. ဒီလိုပဲလား။ယောင်္ကျားသားတွေက ဒီလောက်ပျော့ညံ့ကြတာလား။ဒီလောက်အတွေ့ထိကို မငြင်းပယ်နိုင် သာယာမိသွားကြတာလား။
               အချစ်စစ်ထက် သွေးသားဆန္ဒနောက် ကောက်ကောက်ပါ လိုက်တတ်ကြတာလား။ရွံစရာပင်။
               သူမစိတ်က နောက်ထပ် ဘယ်သူ့ကိုမှ ယုံကြည်လို့ မရတော့တာနှင့်အတူတူ ဒီလိုတစ်ယောက်ထဲပဲ နေလိုက်တာ ပိုကောင်းမည်။သူမ တွေး နုံးခွေနေရင်း အခန်းထောင့် နံရံလေးမှာမှီ ပြန်အိပ်ပျော်သွားရပြန်သည်။
                ဒီတခေါက် နိုးလာတော့ ဝမ်းကတကြုတ်ကြုတ်နှင့်မြည်အောင်ဆာလောင်နေသည်။ဒီအခန်းထဲ စားစရာတော့ရှိမည်မထင်။ ထလာပြီး ရေထွက်ရာ ရေပန်းလေးနား လာတော့ ရေက ထွက်မနေတော့။ရေပန်းက ပျက်သွားတာပဲလား။ရေက မလွှတ်တော့တာပဲလားမသိတော့။
               သူမ ကြံရာမရ တစ်ဖက်ခန်းကူးရန် တံခါးနေရာလာ စမ်းသပ်မိပြန်သည်။
              တံခါးက ပထမတစ်ခါလိုပင် ပိတ်နေပြန်တော့ နေရာမှာပင် ပုံခွေကျသွားပြီး တရှုံ့ရှုံ့ ငိုနေမိပြန်သည်။
               ဘယ်လိုလုပ်ရမည်လဲ။ဒီထဲ ကူကယ်မည့်သူ မရှိ ၊စားစရာ သောက်စရာလည်း မရှိ သေရတော့မှာများလား။
                စိတ်ဓာတ်တွေက ဆိုးဆိုးဝါးဝါး ပြိုဆင်းကျကုန်သည်။ ဆာဆာနှင့် မေ့ခနဲ အိပ်ပျော်သွားပြီး နိုးလာတော့ မှီထားမိသော အပိတ်တံခါးကြီးက မရှိတော့ပဲ သူမက ဝင်ပေါက်မှာပင် ကန့်လန့်ဖြတ် လဲကျလျက်ရှိနေတာ တွေ့လိုက်ရသည်။
                .. အမလေး ငါတော့ တံခါးအပိတ်အဖွင့် ညပ်သွားတော့မှာပဲ။
                စိုးရိမ်မြန်မြန် တစ်ဖက်ခန်း၌ ကျန်ခဲ့သောခြေထောက်ကို ရုပ်လိုက်တော့ မျက်စိရှေ့မှာပင် တံခါးပေါက်က နံရံကြီးဖြစ်သွားသည်။
                သူမ မယုံကြည်နိုင်၍ လက်နှင့်ပင် စမ်းသပ်ကြည့်မိသေးသည်။တကယ့် ထူထူထဲထဲ နံရံကြီးပင်။
                 သူမထိုနေရာမှ ထလာကာ ရောက်လာသော အခန်းသစ်ထဲ ဝေ့ကြည့်တော့ အခန်းထောင့် စာပွဲမှာ စားစရာတချို့ ရှိနေတာတွေ့ မြန်မြန်ပြေးစားမိသည်။ စားနေရင်းပင် ဒီထဲလူများရှိနေမလား စိုးရိမ်ကြည့်လည်း မမြင်၍ စိတ်သက်သာရာ ရသွားသည်။
                  အစားအသောက်တွေက မကောင်းလှလည်း စားလို့ ဗိုက်ပြည့်သွားပြီး ရေချိုင့်ထဲမှ ရေကိုလည်း နင်မတတ် မော့သောက်လိုက်ရသည်။
                   ခုမှ ဝမ်းမီးက ငြိမ်းသွားတော့သည်။ဒါပေမဲ့ အဆာလွန်ခဲ့၍ လူက ကတုန်ကယင် ဖြစ်နေဆဲပင်။
                  ဝတ်ထားသော ဒီ costume ဝတ်စုံကြီးလည်း လဲချင်လှပြီ။ဒါကြီး ဝတ်ထားကတည်းက လူက မအီမသာနှင့် ကျပ်ထုပ်ပြီး နေရတာ မလွတ်လပ်တော့။သူမတွေးရင်း ထတော့ တစ်နေရာမှာ အဝတ်ဟောင်းလေးတစ်စုံ ခေါက်လျက် ရှိနေတာ တွေ့လိုက်ရတော့ ဝမ်းသာသွားသည်။
                    ဘယ်သူ့ဟာလဲ။ဘယ်သူ့ အဝတ်အစားလဲ မစဉ်းစားနိုင်တော့ ကောက်ယူ လဲဖယ်ပစ်လိုက်ရသည်။
                    .. ဟား  ခုမှ နေရထိုင်ရ လွတ်လပ်သွားတော့တယ်။
                    .. သွား !ဒီလောက် ငါ့ကောင်းကျိုးမပေးတဲ့အဝတ်အစား။
                   သူမ တခြားမဲစရာမရှိ အဝတ်အစားပင်မဲ ခြေနှင့်ကန်ထုတ်ပစ်လိုက်သည်။နောက် လူတစ်ယောက်၏ အခြေခံလိုအပ်ချက်များ ပြည့်သွား၍ နံရံမှာမှီ အမောဖြေရင်း အခန်းအနေအထား ကြည့်နေမိသည်။
                   အခန်းက ခုန အခန်းလိုတော့ တစ်ပေါက်ထဲရှိ အခန်းမဟုတ်တော့။ နံရံ(၃)ဖက်မှာ တံခါးပေါက် (၃)ပေါက်ပင် ရှိနေသည်။ ဒါတောင် ခုန သူမ ထွက်လာခဲ့သောအခန်းက အပိတ်နံရံကြီး ဖြစ်သွားလို့ပင်။
                  ဘာပဲဖြစ်ဖြစ် ရှေ့ဆက်သွားရဦးတော့မည်။
                 သူမတွေးလျက် ရှေ့တည့်တည့်မှ အပေါက်ပင် အရင်စမ်းသပ် ကြည့်လိုက်သည်။ထင်သည့်အတိုင်းပင် တံခါးဝရှိနေလည်း သူမအတွက် အပိတ်ကြီး ဖြစ်နေသည်။
                  လာနောက်နေတာလား ?
           လှောင်ရယ်ပင် ရယ်လိုက်မိသည်။တွေ့ကြသေးတာပေါ့။ နောက်တံခါးတစ်ခု သွား ထပ်စမ်းသပ် ကြည့်လိုက်ပြန်သည်။
                ဒါလည်း အပိတ်ကြီးပင်။သူမခေါင်းညိတ်မိရလျက် ကျန်တံခါးပေါက် လျှောက်လာ ခဲ့ပြန်သည်။လူက စိတ်တင်းထားလည်း ခန္ဓာကိုယ်က သိပ်မလိုက်နိုင်တော့။အဖျားတက်သလို ကတုန်ကယင်ဖြစ်နေသည်။
                   ခုန သူမ စားသောက်ခဲ့သော အစားအသောက်တွေက date များလွန်နေလို့လား။ စားတုန်းကတော့ ဆာလွန်း၍ ဘာမှမကြည့်နိုင်ပဲ စားသောက်မိလိုက်သည်။
                    ဒါပေမဲ့ ဘယ်လိုလုပ်ရမလဲ။နောင်ခါလာ နောင်ဈေးပဲပေါ့။သူမ အံကြိတ် တင်းခံရင်း နောက်ဆုံးတစ်ပေါက်ရှိရာ အားတင်းလာခဲ့သည်။
                    ဒီအပေါက်က အခန်းတွင်းရှိနောက်ဆုံးအပေါက်ဝပင်။ ဒီတံခါးမှ မပွင့်လျင် ခုနအခန်းလိုပင် သူမပိတ်မိနေပြန်ဦးမည်။ထင်သည့်အတိုင်းပင်။တံခါးအားလုံးက သူမအတွက်ပိတ်နေလေပြီ။
              ငါ အတော် ကံဆိုးနေတယ်ပေါ့။
              သူမတွေးရင်း သင့်တော်ရာနေရာလေးတစ်ခုရွေးကာ လှဲနေလိုက်သည်။လူက အဖျားတက်သလို ဖြစ်နေ၍ ချမ်းစိမ့်တက်လာသည်။ခြုံစရာ စောင်လည်းမရှိ၍ ခုန သူမခြေနှင့် ကန်ပစ်ခဲ့သော ဝတ်စုံကိုပင် ပြန်ဆွဲယူကာခြုံ အိပ်နေရသည်။
                ငါ့ အခြေနေက တော်တော်ရယ်စရာကောင်းပြီး စိတ်ပျက်ဖွယ်အခြေအနေပါလား။
                 တွေးရင်း လူက မှုံရီဝေဝါးကာ စိတ်အစဉ်က အရင်ဝင်္ကပါထဲ မဝင်ခင် မိသားစုနှင့်နေခဲ့ချိန်တွေ သတိရလာသည်။ သတိရမိဆုံး သူကတော့ အမေ !
                 အမေရှိတုန်းကတော့ သူမဘဝက လုံခြုံနွေးထွေးသော အချိန်များပင် ။လွန်ခဲ့သော ၃နှစ်လောက်က အမေဆုံးသွားခဲ့သည်။ ဒါပေမဲ့ အမေက သူမကို မိန်းမကောင်းလေးဖြစ်အောင် သင်ကြားပေးနိုင်ခဲ့သည်။
                ခိုးမစားဖို့၊ဝှက်မစားဖို့၊လုမစားဖို့နှင့် အရှက်တရား အကြောက်တရားတွေ ရှိဖို့ပေါ့။ ကိုယ့်သိက္ခာ၊ ကိုယ့်အရည်အချင်း ကိုယ့်တန်ဖိုးနှင့် မားမားမတ်မတ် ရပ်တည်ပြီး မိန်းမကောင်းလေးဖြစ်လာဖို့ပေါ့။
                 သူမ ပြုံးမိရသည်။ အမေသင်ပေးခဲ့သည့်အထဲမှာ ကိုယ်က တန်ဖိုးရှိရှိနေလည်း၊မိန်းမကောင်းဖြစ်အောင် သူများပိုင်ဆိုင်ရာ မလုယှက်ပဲ နေခဲ့လည်း တခြားသူတွေက၊ သူမပိုင်ဆိုင်ရာ သူမတန်ဖိုးထားရာတွေ လာ လုယှက်ရင် ဘယ်လိုတုန့်ပြန်ရမလဲ မသင်ပေးခဲ့။
                အမေကတော့ ခေတ်ကောင်း မှီခဲ့သကို။
                သူနှင့်ကျန်ခဲ့မည်ဖြစ်သော၊ ဒီ ဝင်္ကပါရှိရာ ပွဲဈေးထဲ ခေါ်လာခဲ့သော အဖော်မိန်းကလေးအကြောင်း ခေါင်းထဲရောက်လာသည်။
                 ပုံလေးက ရိုးပုံရိုးရဲ့ အေးပုံအေးရဲ့လေးနှင့်မို့ အဖေနှင့် အကိုတို့က သူမနှင့်သူငယ်ချင်းအဖြစ်ပေါင်းဖို့ ခွင့်ပြုထားသည်။သူမနှင့်အတူဆို ဘယ်နေရာပဲသွားသွား ညအိပ်ညနေပင်စိတ်ချ ခွင့်ပေးတတ်တော့ သူမကလည်း ထိုမိန်းကလေးကို ညီမရင်းတစ်ဦးနှယ် ခင်မင်ခဲ့သည်။
               ခုတော့ အဲ့ဒီ အေးပုံအေးရဲ့လေးက ဆန်းပုံ ဆန်းရဲ့လေးဖြစ်သွားပြီး သူမ ချနင်းသွားပေပြီ။သူမ ကွဲလျှလျှရယ်နေမိသည်။
                ယောင်္ကျားသားတွေက လည်း အချစ်စစ် အချစ်မှန်ထက် ဒီလိုအပေါစား အချစ်ကို ပိုနှစ်သက်ကြတာလား။
              အရိပ်တကြည့်ကြည့် ချစ်ရသည့် ချစ်သူထက်လည်း တွေ့တာနှင့် ခန္ဓာကိုယ် ထိုးကျွေးတတ်သည့် မိန်းကလေးမျိုးတွေ ပိုသဘောကျကြတာလား။
               ဝါးလုံးအရှည်ကြီးနှင့်သိမ်းကျုံးမရိုက်ချင်လဲ ဒီလိုပင်ဖြစ်သွားရသည်။
               တချို့လူတွေပြောသည့် ဖူးစာဆိုတာ ဦးရာလူဖြစ်သည် ဆိုတာ ဒါပဲဖြစ်မည်။
             .. ဟင်း ဟင်း။သူမခြောက်ကပ်ကပ်လေး ရယ်နေမိသည်။တကယ်တန်းတော့ သူမမှာ လူမသိ သူမသိ အသဲကွဲနေခြင်းပင်။
              ညကပို စိမ့်အေးလာသည်။ သူမသိသည်။ဒီလိုပင်ဆက်နေလို့ကတော့ သူမခန္ဓာက မနက် တောင့်ပြီး သေနေတော့မည်။
              .. ငါ ဒီလိုနဲ့သေရတော့မှာများလား။
              အလုံပိတ်ပြီး အေးစက်နေသော အခန်းထဲ တစ်ယောက်ထဲ သေရတော့မှာများလား။
               သေခြင်းကို နှဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရမည်ဆိုတော့ အတော်ကြောက်ရွံ့လာသည်။
               အားတင်းထရပ်လိုက်ပြီး ပိတ်နေသော အခန်းတံခါးတွေ ထပ်စမ်းသပ်ကြည့်လိုက်မိသည်။
                ပထမ တစ်ခုထဲမှာပင် တံခါးကပွင့်နေတော့ ဘာမှစဉ်းစားမနေတော့ပဲ ရွေးချယ်မနေတော့ပဲ တစ်ဖက်ခန်းကူးလာလိုက်တော့သည်။
      
                   တစ်ဖက်ခန်းက Toilet တစ်ခုဖြစ်နေ၍ အဆင်ပြေသွားသည်။အပေါ့အပါး စွန့်ပြီး ဘေဇင်မှန်ရှေ့မှာရပ် သူမပုံကြည့်တော့ သရဲမ မြင်တွေ့လိုက်သလို ရုတ်ခနဲလန့်သွားရသည်။
                   မိတ်ကပ်ထူတွေ ခြယ်သခဲ့ပြီး တငိုငို တရီရီဖြစ်ခဲ့၍ မိတ်ကပ်တွေပျက်ကာ ထိတ်လန့်စရာပုံပင် ဖြစ်နေတော့ မြန်မြန်မျက်နှာသစ်လိုက်ရသည်။လူက ညချင်းပိန်ချုံး ကျသွားသည်။
                  ခုနအခန်းထဲ လဲဖယ်လာသောအဝတ်ကလည်း အတော်ရွဲနေသည်။ မသိလျင် သူမပုံက အမယ်ကြီးကျနေသည်။
                  သူမ ကိုယ့်ပုံကိုယ်ကြည့် စိတ်ပင်ပျက်ရလည်း မတတ်နိုင်တော့။တွေးရင်း toilet တံခါးကိုဖွင့် အပြင်ပြန်ထွက်လိုက်သည်။
                    နောက်ထပ် ခြေချမိသောအခန်းရောက်တော့ အဝတ်ပုံကြီး တစ်ပုံတွေ့၍ အံ့ဩ မော့ကြည့်မိသွားသည်။
                    ...ဩ ငါ့ ဒီထဲ မမြင်ရသည့် တစုံတဦးက စောင့်ရှောက်ပေးနေတာများလား။မဆီမဆိုင် တွေးမိလိုက်သေးသည်။
                   ဒါမှမဟုတ် သူပြောခဲ့သလို ကိုယ်က ဝတ်စရာလိုနေလို့များ ဒီလို တောင်လောက်မြင့်သည့် အဝတ်ဟောင်းပုံကြီးရှိသည့်ထဲ ခြေချမိတာလား။
                   ဒါပေမဲ့ ဘာလို့  အဝတ်အစားသစ်တွေ ရှိသည့်နေရာတော့ ခြေမချမိရတာလဲ။ဒီလိုတွေးမိတော့ သူမ မှိုတက်စာတွေပေးပြီး၊အဝတ်လည်း သူတောင်းစားသာသာပေးသော တစုံတခုကို ကျေးဇူးပင်မတင်ချင်တော့။
                      ဘာပဲဖြစ်ဖြစ် ဒီထဲကြွယ်ဝချမ်းသာသူတွေ ထည်လဲ ဝယ်ဝတ်ပြီး ပစ်သွားကြသည့် အဝတ်ပုံကြီးတွေ့ရတော့  ခုဝတ်ထားတာထက် ပိုအဆင်ပြေသော အဝတ်အစားရနိုင်၍ ရှာကြည့်လိုက်သည်။အဆင်ပြေရာသိပ်မတွေ့လည်း အဆင်ပြေဆုံးအရာနှင့်ပင် ကျေနပ်လိုက်ကာ နွေးထွေးမည့် အပေါ်ထပ်အဝတ်လည်း ထပ်ရှာ ဝတ်ဆင်ပြီး ထိုနေရာမှထွက်ရန် နောက်တံခါး ရှာလိုက်တော့သည်။
                        သူမ ဒီလိုပင် ဒီထဲ တဝဲလည်လည် ဖြစ်နေတာ လနှင့်ချီနေပြီ။သူပြောခဲ့သလို နှစ်များချီနေပြီပဲလား။အချိန်တွေပင် မသိနိုင်တော့။ လူကလည်း ကောင်းကောင်းမစားရ မဝတ်ရ မအိပ်ရ၍ ရောဂါကထူချင်လာသည်။သွားနေစဉ်လည်း လူဟူ၍ တစ်ဦးတစ်လေမျှပင် မတွေ့တော့ အံ့ဩလာရသည်။
                ဒီနေရာက သူမရောက်ခဲ့ဖူးသော နေရာတွေနှင့် အပုံကြီးခြားနားနေသည်။ လူတွေလည်း တစ်ယောက်ဆိုတစ်ယောက်မျှ မတွေ့ရတော့ ဒီဝင်္ကပါထဲ ငါတစ်ယောက်ပဲ ကျန်နေတော့တာများလား။အားလုံးများ ထွက်ပေါက်တွေ့ ထွက်သွားကြပြီလား။တွေးမိသေးသည်။
                တံခါးတွေကလည်း သွားလေ အပိတ်တွေချည်း တွေ့လေ ဖြစ်နေတော့ လူက အားပြတ်လာသည်။စိတ်ရှည်ရှည်ထားလဲ ဒီ့ထက်ပို စိတ်မရှည်ချင်တော့။အားလုံးကို ကန်ဆောင့်ပစ်လိုက်ချင်သည်။
                စားစရာကလည်း တစစ ရှားပါးလာ၍ နဂိုလို ခြေလွတ်လက်လွတ် မသွားနိုင်တော့ပဲ တွေ့သမျှ အစားအသောက် ပစ္စည်းလေးတွေပင် ထည့်ထားရန် လက်ဆွဲ suitcase ဟောင်းလေးတစ်လုံးပင်တွေ့ ဆွဲယူလာခဲ့ရသည်။
                ထိုအထဲ သူမနေ့စဉ်အသုံးလိုသော ပစ္စည်းလေးများစု ထည့်လာခဲ့တော့ သူမပုံမှာ ခြေသလုံးအိမ်တိုင် လျှောက်သွားသူတွေနှင့် ပိုတူလာသည်။
                 ရေချိုးခန်း အိမ်သာရောက်တိုင်းလည်း မှန်ထဲ အပြောင်းလဲကြီး ပြောင်းလဲသွားသော သူမပုံပင် ထပ်မကြည့်ချင်တော့။ ဘယ်တော့ ဝင်္ကပါအပြင် ပြန်ရောက်မလဲ လည်း မမျှော်လင့်ချင်တော့ပဲ ဒီထဲ လုံးလုံး ပိတ်မိကာ နေလေတော့သည်။
     
                    ..ဂျုံးဂျုံး  ဂျုံးဂျုံး.."
                   ထူးဆန်းသော မြည်ဟီးသံကြီးနှင့် မဟာပထဝီမြေကြီး လှုပ်ရှားမှု့ကြောင့် သူမ သွားနေရာမှ လဲပြိုကျသွားရင်း အလွန်လည်း ကြောက်ရွံ့ထိတ်လန့်သွားရသည်။
                    ဘာဖြစ်တာလဲ။ငလျင်ပဲလှုပ်သွားတာလား။ မသိနိုင်တော့။ထိုအသံကြားပြီး လှုပ်ရှားမှု့ဖြစ်သွားချိန် အရာအားလုံး မှောင်အတိကျသွားခဲ့သည်။
                     သူမ ဒေါင့်လေးတစ်ခုမှာ ကြောက်ကြောက်လန့်လန့် ကပ်နေရပြီး အရာအားလုံးပြန် တည်ငြိမ်သွားလည်း အလင်းရောင်က လုံးဝ မရတော့။
                      သူမ သွားရင်း တွေ့ခဲ့၍ suitcase ထဲ လိုရမယ်ရ ထည့်ခဲ့သော ဓာတ်မီးလေးရှာ ထွန်းလာခဲ့ရသည်။တခန်းရောက်တော့ အခန်းထဲ မှန်ကွဲစတွေ စုပုံနေသည်။သူမ ထိုမှန်ကွဲစတွေ အတတ်နိုင်ဆုံး ရှောင်လာလည်း ဖိနပ်လေးက ပါး၍ ပေါက်ထွက်ပြီး ခြေထောက် မှန်ကွဲစ ဆူးသွားသည်။
                  မှန်ကွဲစ ပြန်နှုပ်ပြီး ရှိသည့်ဆေးလေးလိမ်း အဝတ်စနှင့်စည်းလာလည်း အနာကပိုးဝင်လာပြီး စဖျားတော့သည်။
                လူက ရှေ့ဆက်မသွားနိုင်တော့။အစားအသောက် ရေနှင့် ဆေးဝါးပစ္စည်းလဲ မရှာနိုင်တော့။ တ​ဖြည်းဖြည်း ဓာတ်မီအလင်းရောင်ကလည်း မှိန်ဖျော့လာပြီး မှောင်အတိကျသွားသည်။
               ထိုအချိန် သူမ တွေးမိတာက ငါက ဘာလုပ်မိခဲ့လို့လဲ။ ငါ့ဘဝ ဒီအခြေထိဖြစ်အောင် ကံဆိုးရတာ ဘာကြောင့်များလဲ။ ငါ အသက်ဆက်များ ဆက်ခဲ့ရင် အလုပ်ချင်ဆုံးကဘာလဲ။တွေးရင်း မျက်လုံးလေးတွေက မှေးစင်း လာရသည်။
                ထိုအချိန် ခပ်လှမ်းလှမ်းမှ အလင်းရောင် မှိန်မှိန်လေးတစ်ခုမြင်လာရ၍ တမလွန်မှ လာခေါ်သောအလင်းများလားဟုပင် ထင်လိုက်မိသည်။
                  အလင်းက မြူတွေထဲမှလို ဖြစ်နေ၍ အလွန်လည်း ဖျော့တော့မှုံဝါးနေသည်။သူမ ထိုအလင်းရှိရာ မျှော်ကြည့်ရင်း လက်ကလေးတွေပင် ကမ်းပေးလိုက်မိသည်။
                  ...သူမကို ဒီဝင်္ကပါထဲမှ ခေါ်ထုတ်သွားကြပါတော့။
                  တွေးလိုက်ရင်း မျက်လုံးလေးတွေက မျက်ရည်လေးတွေ စိုစွတ်လာသည်။ အတတ်နိုင်ဆုံးလည်း အလင်းရောင်ကို မျက်​ခြည်မပြတ် စိုက်ကြည့်နေမိသည်။
                   အလင်းရောင်ကလည်း သူမနား အလွန်နီးကပ် ရောက်လာပြီး နောက်ဆုံး ကြိုးစားကြည့်မိချိန် ထွက်ပေါ်နေသော အလင်းတန်းက လက်ဆွဲ မီးအိမ်ငယ်တစ်လုံးမှ ဖြစ်နေပြီး ထိုမီးအိမ်ကို ကိုင်ဆောင်ထားသော လူငယ်တစ်ဦးကလည်း သူမအနားရောက်လာသည်ကို ဝေဝေဝါးဝါးမော့ကြည့်မိရင်း မေ့မြောသွားရလေတော့သည်။
    

                            

     

ဝင်္ကပါထဲကအချစ် (MAZE)Where stories live. Discover now