ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၂၅)
အဆင့်မြင့်နတ်ဆိုးနှစ်ကောင်ရဲ့ အပြုံးတို့ပျောက်ကွယ်သွားပြီးနောက် ကောင်းကင်ပေါ်က မီးငှက်ကြီး သုံးကောင်အား မျက်နှာအပျက်ပျက်ဖြင့် မော့ကြည့်လိုက်ကြသည်။
“ဖီးနစ်နဲ့ဇာမဏီ အဲ့ဒီမှော်သားရဲတွေက ဒဏ္ဍာရီသတ္တဝါတွေပါလား”
အဆင့်မြင့်နတ်ဆိုးနှစ်ကောင်ရဲ့ လေသံတွေက သူကောင်းမျိုးနွယ်တို့၏ လေသံကနေပြီး ထိတ်လန့်သော လေသံအဖြစ်ပြောင်းလဲသွားကြသည်။
ဇာမဏီတို့သုံးယောက်၏အဆင့်က မနိမ့်လှမှန်းကို သူတို့ရိပ်မိသော်လည်း ဒဏ္ဍာရီသတ္တဝါအဆင့်မှန်းတော့ သူတို့မသိခဲ့ကြပါဘူး။
အဆင့်မြင့်နတ်ဆိုးတွေဟာ စွမ်းအားကြီးပေမယ့် ဒဏ္ဍာရီသတ္တဝါ၏ အစွမ်းကိုတော့ ယှဉ်ပြိုင်နိုင်စွမ်း မရှိပါဘူး။နောက်ပြီးတော့ သုံးကောင်တောင်မှပဲ….
“ဒဏ္ဍာရီသတ္တဝါတွေကို လူတစ်ယောက်ထဲက ပိုင်ဆိုင်နိုင်ရလောက်အောင် ဘယ်အချိန်ကစပြီး လူသားတွေက စွမ်းအားကြီးသွားကြတာလဲ”
သူတို့နှစ်ယောက်ကို သတ်ရင်တောင် လောကကြီးထဲမှာ ဒဏ္ဍာရီသတ္တဝါသုံးကောင်အား တစ်ချိန်ထဲမှာ စေခိုင်းနိုင်တဲ့ လူသားတစ်ယောက်ရှိနေတယ်ဆိုတာကို ယုံမိကြမှာမဟုတ်ပါဘူး။
တစ်လောကလုံးမှာ မသိုးထမင်းမသိုးဟင်းနဲ့ လိုက်ရှာရင်တောင် မရှိတော့ပြီဖြစ်တဲ့ နတ်မျိုးနွယ်ကလွဲရင် ဒဏ္ဍာရီသတ္တဝါသုံးကောင်ကို တစ်ချိန်ထဲမှာ ထိန်းချုပ်စေခိုင်းနိုင်တဲ့လူကို ရှာတွေ့မှာမဟုတ်ပါဘူး။
ရှန်ယန်ရှောင်ဆီမှာ နတ်ရိပ်နတ်ယောင်လည်းမရှိပါဘူး။နတ်ဆိုးတွေဟာ သားရဲစာချုပ်အပြင် မိတ်ဆွေဆိုသော အရာက ဒဏ္ဍာရီသတ္တဝါတွေကို စေခိုင်းနိုင်သေးတယ်ဆိုတာကိုတော့ မသိကြပါဘူး။
“အိုး ဒီက မိန်းမပျိုလေးရေ ကျနော်တို့ကြားမှာ နားလည်မှုလေး လွဲသွားတယ်လို့ ထင်ပါတယ်။ကျနော်တို့က မိန်းကလေးတို့ကို လာကြိုဆိုတာဖြစ်ပြီးတော့ စောစောကပြောတာလေးတွေက စလိုက်နောက်လိုက်တဲ့ သဘောပါ။ကျနော်တို့ နတ်ဆိုးတွေမှာလည်း ကိုယ်ကျင့်သိက္ခာဆိုတာ ရှိပါတယ်။လူသားမစားတာ နှစ်ပေါင်းရာကျော်နေပြီဖြစ်လို့ အခုချိန်ကျမှ ဘာဖြစ်လို့ အရသာမရှိတဲ့ လူသားကို စားနိုင်ဉီးမှာလဲ”