၅၆၃

2.4K 335 1
                                    

ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၆၃)

မှော်ဆန်းကြယ်မြို့တော်ရှိ ကန်းတီကတော့ သူ့လက်အောက်ငယ်သားတွေထံမှနေ အခုလေး တင် သတင်းလက်ခံရရှိလိုက်ပါတယ်။ရက်အနည်းငယ်လောက် မှုန်သုန်နေခဲ့သော မျက်နှာမှာ အပြုံးပန်းရွှင်လန်းနေပါပြီ။
“မင်းတို့က လူတစ်ရာကျော်လောက် သတ်ခဲ့တယ်ပေါ့ ဟုတ်လား ဟား ဟား ဟား ကောင်းတယ်”
ဘေးမှာရှိတဲ့ ကျူရူကလည်း နားထောင်နေရင်းနဲ့ ကျေနပ်နေသော်လည်း ကန်းတီရဲ့ နည်းစနစ်ကို ချီးကျူးမြှောက်ပင့်နေလိုက်ပါတယ်။
“မြို့တော်သခင်ကြီးက တစ်ကယ့်ကို အမြော်အမြင်ကြီးမားလှပါတယ်။သူတို့ဖက်ရဲ့ ဆုံးရှုံးမှုက မသေးလှပါဘူး”
ကန်းတီက လက်ခါပြလိုက်ပြီးနောက် “ငါတစ်ယောက်တည်းနဲ့ ဘယ်လိုလုပ် ရပါ့မလဲ ကျန်တဲ့နှစ်ဖွဲ့ကလည်း ဒီအတိုင်းလုပ်ခဲ့ကြတယ်လို့ ငါသတင်းရထားတယ်။ငါတို့သုံးဖွဲ့ အခုလို အတူတူလုပ်ရမယ်လို့ ငါမမျှော်လင့်ထားခဲ့ဘူး။ဒီလို သုံးဆထိချက်နာသွားပြီးတဲ့နောက် ရှန်ယန်ရှောင် တောင့်ခံနိုင်သေးလားဆိုတာကို စောင့်ကြည့်ရတာပေါ့ကွာ။စွန့်ပစ်နယ်မြေထဲမှာ သူက မြို့တော်တည်ချင်တယ်ဆိုရင် ငါတို့ရဲ့ ခွင့်ပြုချက်ကို အရင်စောင့်ရမယ်ကွ”လို့ ပြောလိုက်သည်။
ကျူရူက ချက်ချင်းပဲ ချီးကျူးပြောလိုက်တာက “ဒီလို ခပ်ကြောင်ကြောင်ကောင်မလေးက မြို့တော်သခင်ကြီးကို ဘယ်ယှဉ်နိုင်မှာလဲ။ဒါပေမယ့် အဖြေကိုဆန်းစစ်လိုက်ရင် မြို့တော်သခင် ရဲ့ တစ်ခြားနှစ်ဖွဲ့ကို သတင်းပေးလိုက်တဲ့အချက်ကြောင့်သာ သူတို့ကလည်း အဲ့ကိုလူလွှတ်ပြီး စောင့်ကြည့်ခိုင်းကြတာပါ”ဟူ၍ပင်။
ကန်းတီက သတင်းမပေးခဲ့ရင် နတ်လေမဟာမိတ်အဖွဲ့နဲ့ ခုနှစ်ပြည်ထောင်တို့က အရှေ့ဖက်ရဲ့ အခြေအနေကို ကောင်းကောင်းသိကြဦးမှာမဟုတ်ဘဲ ရှန်ယန်ရှောင်ရဲ့ ရည်ရွယ်ချက်ကိုလည်း နှောင့်နှေးအောင်လုပ်ကြဦးမှာ မဟုတ်ပါဘူး။
“ဒီလိုအရာမျိုးကတော့ ပြောပြရမှာပဲကွ။မြောက်ဖက်နဲ့အနောက်ဖက်က နှစ်ယောက်က ငါ့ထက်အရင် မြို့တော်တည်ထားခဲ့ကြတာပဲ။သူတို့က မှော်ဆန်းကြယ်မြို့ထက်တောင် ခြေကုပ်အား ပိုကောင်းကြတာပဲ။အခုလိုတိုက်ခိုက်ခြင်းအားဖြင့် ငါ့ပြဿနာတွေလည်း လျော့သွားတာပေါ့။မနေ့တုန်းကလုပ်ခဲ့သလိုမျိုး ဆက်ပြီးနှောက်ယှက်ထားကြဖို့ ပြောလိုက်။ ဒီလိုဖြစ်ပြီးတဲ့နောက် ရှန်ယန်ရှောင် သူ့လူတွေကို မြို့ပြင်လွှတ်ရဲသေးလား ကြည့်ကြတာပေါ့” လို့ ကန်းတီကရယ်ရင်းပြောလိုက်သည်။
အဖွဲ့သုံးဖွဲ့ရဲ့ ကြားဖြတ်တိုက်ခိုက်ခြင်းက ပေါ့ပေါ့တန်တန်ကိစ္စမဟုတ်ပါဘူး။ဒီလို လုပ်ခြင်းအား ဖြင့် တက်သစ်နေမြို့တော်နဲ့ ပြင်ပလောကကို အဆက်အသွယ် ဖြတ်တောက်ထား ပြီး ဖြစ်သွားပါ တယ်။ဒီလိုနဲ့ အချိန်ကြာလာရင် ဘယ်သူမှ မြို့ပြင်ကို ခြေတစ်လှမ်းတောင် ထွက်ရဲမှာ မဟုတ်တော့ပါဘူး။မြို့ထဲကို ဝင်မယ့်ထွက်မယ့်သူမရှိတော့ရင် မြို့တည်မယ့် ရှန်ယန်ရှောင်ရဲ့ ရည်ရွယ်ချက်ကို ဖျက်စီးလိုက်တာနဲ့အတူတူပါပဲ။
သူမလက်အောက်မှာ လူအများကြီးရှိရင်တောင် ဘာအရင်းအမြစ်မှမရှိဘဲနဲ့ အလုပ်မဖြစ်ပါဘူး။ အချိန်ကြာလာတာနဲ့အမျှ မြို့ထဲမှာ ရိက္ခာပြတ်သွားမယ် ထွက်လမ်းလည်းပိတ်သွားမယ် သူတို့ကို မျှော်လင့်ချက်မဲ့သွားအောင်ထိ ဖိအားပေးနိုင်မယ်။မြို့တည်ဖို့မပြောနဲ့ စွန့်ပစ်နယ်မြေထဲမှာ ဆက်ပြီးနေနိုင်မလားဆိုတာ ပြောလို့မရပါဘူး။
အမိန့်ရပြီးတာနဲ့ အစောင့်တပ်သားတွေလည်း ပြန်ထွက်သွားခဲ့ကြပါတယ်။ကန်းတီရဲ့ အမိန့်အတိုင်း ဆက်လက်တိုက်ခိုက်ဖို့ သတင်းဆက်ပို့လိုက်ကြပါတယ်။
တက်သစ်နေမြို့တော်ကို ဝိုင်းရံထားတဲ့ ဗျူဟာက ဆက်လက်ပြီး အကောင်အထည်ဖော်နေပါပြီ။
ထို့နေ့ နေ့လည်ခင်းမှာပဲ တက်သစ်နေမြို့တော်ရဲ့ သတ္တုရှာအဖွဲ့တွေ ပြန်ထွက်လာကြပါတယ်။ မြို့ပြင်ကနေ စောင့်ကြည့်နေကြသော မှော်ဆန်းကြယ်မြို့ကလူတွေဟာ မြို့တံခါးကနေ ထွက်လာကြတဲ့ အဖွဲ့တွေကိုတွေ့တာနဲ့ ချုံခိုတိုက်ခိုက်ကြမယ့်သူတွေဆီ အချက်ပြပေးပို့ လိုက်ကြပါတယ်။
“မနေ့တုန်းက အတော်လေးခံထားရတာတောင် သူတို့က မကြောက်ကြဘူးလား။မြို့ထဲကနေ ထွက်ရဲကြသေးတာပဲ”လို့ မှော်ဆန်းကြယ်မြို့ကတစ်ယောက်ဟာ အရှေ့ဖက်ခြမ်းကလာသော အချက်ပြမှုကိုမြင်ပြီးတဲ့နောက် အထင်သေးစွာပြောလိုက်ပါသည်။
“မြို့ထဲကနေမထွက်ရင်‌သူတို့ဘာဆက်လုပ်လို့ရမလဲ။တည်ဆောက်ရေးကို ပစ်ထားရမှာလား။ မြို့ထဲနေမထွက်ရင် တည်ဆောက်ရေးကို ဆက်လုပ်လို့ရမယ်လို့ ငါတော့မထင်ပေါင်”လို့ နောက်တစ်ယောက်ကပြောသည်။
“ဘာပဲဖြစ်ဖြစ်လေ အထဲပဲနေနေ အပြင်ပဲထွက်ထွက် မထူးခြားပါဘူး။သူတို့တွေ ဘယ်လောက်ပဲ ရုန်းကန်ကြိုးစားနေပါစေ စွန့်ပစ်နယ်မြေထဲမှာ မြို့တည်နိုင်တဲ့ လောင်းရွှမ်ပြည်သား ဘယ်တုန်း က ရှိခဲ့ဖူးလို့လဲ။ဒီလိုအချိန်မှာမှ ရောက်လာကြတဲ့ သူတို့ကံကိုပဲ သူတို့အပြစ်တင်ကြရုံပေါ့ စွန့်ပစ် နယ်မြေက သူတို့တွေခြေချလို့ရတဲ့ နေရာတစ်ခု မဟုတ်တော့ဘူး”
“ဟားဟား မြို့ပြင်ကနေစောင့်ကြည့်နေကြတဲ့ ညီအစ်ကိုတွေဆီက ငါကြားထားတာက တက်သစ်နေမြို့တော်သခင်က အရမ်းလှတဲ့မိန်းကလေးတစ်ယောက်တဲ့ဟ”
“မိန်းမတစ်ယောက်ဟုတ်လား စွန့်ပစ်မြေထဲမှာလာပြီးတော့ မြို့တော်သခင်လုပ်ရဲတဲ့ မိန်းမတစ်ယောက်ပေါ့လေ ကောင်မလေးက အသက်မရှင်ချင်တော့လို့ပဲဖြစ်မယ်”
လူတစ်စုက တက်သစ်နေမြို့တော်အကြောင်း အတင်းအုပ်နေကြတာကြောင့် လူတစ်စု သူတို့ဖက်ကို ချည်းကပ်လာတာကို ချက်ချင်းသတိမပြုမိခဲ့ကြပါဘူး။

ကောင်းကျိုးမပေးသော သမီးပျို Part-3Where stories live. Discover now