ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၄၇)သူမက ကျွန်တွေရဲ့အပြင်းပြဆုံးဆန္ဒဖြစ်သော မျှော်လင့်ချက်ကို ပံ့ပိုးထောက်ပံ့ခဲ့ပါသည်။အခုလို ကိုင်တွယ်ချည်းကပ်ပုံကြောင့် ဘယ်သောအခါမှ သူမအပေါ်တွင် သစ္စာဖောက်ဖျက်မည်မဟုတ်သော ရာနှုန်းပြည့်စောင့်သိမည့် သစ္စာခံဘက်တော်သားတွေရရှိလိုက်ခြင်းကိုတော့ ရှန်ယန်ရှောင် မသိခဲ့ပါလေ။
ဒီနောက်လိုက်နောက်ပါတွေသည် သူတို့အားလုံးရဲ့ စိတ်ဓာတ်တို့ပျက်သုဉ်းနေချိန်မှာ မျှော်လင့်ခြင်းနှင့် လူသားပီသမှုတို့ကို ပေးအပ်ခဲ့သည့် သူမကို ဘုရားတစ်ဆူဂူတစ်လုံးတစ်ဖွယ် ကိုးကွယ်ကာ တစ်သက်တာလုံး စောင့်ရှောက်ကာကွယ်သွားကြမည်ဖြစ်သည်။
“မင်း ဒီလိုဖြစ်လာမယ်လို့ ကြိုတွက်ဆမိပြီးသားလား”လို့ မနေနိုင်သော တူလန်းကမေးလိုက်သည်။
အခုလေးတင်ပဲ လာပို့သွားသော သတ္တုအရိုင်းတုံးအား အကဲဖြတ်နေသော ရှန်ယန်ရှောင်ဟာ တူလန်းစကားကြောင့် ဇဝေဇဝါဖြစ်သွားရသည်။
“ဘာကိုတွက်ဆတာလဲ အရှေ့ပိုင်းဒေသ ဘယ်နေရာမှာ ဘာသတ္တုတွေရှိလဲဆိုတာ ကျနော်မသိပါဘူး။ အဖွဲ့သုံးခုက တူးဖော်ထားတဲ့နေရာတွေကိုပဲ လိုက်ရှာခိုင်းပြီး တူးခိုင်းလိုက်တာလေ”
တူလန်းရယ်လိုက်ပါသည်။ထင်ထားတဲ့အတိုင်းပါပဲ ရှန်ယန်ရှောင်က သူလုပ်လိုက်တဲ့ကိစ္စက ဘယ်လောက်တောင် အကျိုးဖြစ်ထွန်းစေမလဲဆိုတာကို မသိသေးပါဘူး။သတ္တုရိုင်းတွေအနားမှာထိုင်နေသော ပေကျံနေတဲ့ရှန်ယန်ရှောင်ကိုကြည့်ကာ တူလန်း ရယ်လိုက်မိပြန်ပါသည်။
“အား”ဆိုသော စူးရှတဲ့အော်သံတစ်သံက ရုတ်တရက်ထွက်ပေါ်လာသည်။
သေးကွေးကာလှပသောလူရိပ်တစ်ခုက လေပြည်တိုက်သလိုမျိုး လူတွေရှေ့ကို ပြေးထွက်လာပြီးနောက် ရှန်ယန်ရှောင်နားမှာရပ်လိုက်ကာ မိမိ၏ ပုံရိပ်နှင့်မလျော်ညီစွာ မြေပေါ်တွင်ဆောင့်ကြောင့်ထိုင်နေသော မြို့တော်သခင်မအား ဆွဲထူလိုက်သည်။
“သခင်မလေးးးး ဘာဖြစ်လို့ အခုလိုညစ်တီးညစ်ပတ်အလုပ်တွေကို လုပ်နေရပြန်တာလဲ။ဒီအလုပ်တွေကို ကျမတို့လုပ်လည်းရပါတယ် သခင်မလေးက ဒီအလုပ်ကို ထပ်လုပ်စရာမလိုပါဘူး”
မိန်းကလေး၏ ရှည်လျားထင်ရှားလှပသော မျက်ခုံးတွေကအနည်းငယ်ကြုတ်နေသည်။မိန်းကလေးက တောက်ပသောအစိမ်းရောင်စကတ်တစ်ထည်ကို ဝတ်ဆင်ထားတာဖြစ်ပြီး တိတ်ဆိတ်နေသော တက်သစ်နေမြို့တော်ကို ဒေါသတကြီးနိုးထသက်ဝင်သွားစေလိုက်ပါသည်။
မမှတ်မိနိုင်လောက်အောင် ပြောင်းလဲသွားခဲ့တဲ့ ရင်ကျူချန်ကို ရှန်ယန်ရှောင်ပြောစရာစကားမဲ့စွာဖြင့်သာ ကြည့်လိုက်မိပါတယ်။ရင်ကျူချန်က ရှန်ယန်ရှောင်၏ပေကျံနေသောလက်အား လက်ကိုင်ပုဝါဖြင့် ကျကျနနသုတ်သင်ပေးနေပါသည်။
အသက်အရွယ်မတိမ်းမယိမ်းဖြစ်တာကြောင့်လားတော့မသိ သေးကွေးပိန်လှီသော ကောင်မလေးအား ပစ္စည်းသိုလှောင်ပို့ဆောင်ရေးဖက်မှာ မလုပ်ခိုင်းဘဲ သူမအနားမှာသာခေါ်ထားလိုက်ပါတယ်။
ဒါပေမယ့်…ကလေးထိန်းလေးတစ်ယောက် ရလိုက်မယ်ဆိုတာသာ သူမသိခဲ့မယ်ဆိုရင် အကြောင်းပြချက်တစ်ခုခု ရှာကြံကာ ဒီကလေးထိန်းလေးကို ပစ္စည်းထိန်းသိမ်းရေးဌာနကို ပို့ခဲ့မိမှာသေချာပါတယ်။
ရှန်ယန်ရှောင်၏ကြင်နာမှုကြောင့် ရင်ကျူချန်က သူမဘယ်ကိုပဲသွားသွား အရိပ်လိုအမြဲရှိနေခဲ့သည်။ အခုလိုမျိုး သူမအပေါ်မှာ ဂရုစိုက်နေပေးဖို့ မလိုအပ်ပါဘူးလို့ ဘယ်နှစ်ကြိမ်ပဲပြောသည်ဖြစ်စေ ရင်ကျူချန်ကတော့ တစ်ဖဝါးမခွာရှိနေခဲ့ပါတယ်။ရင်ကျူချန်က သေမင်းနှင့်ရင်ဆိုင်ရတောင် ရှန်ယန်ရှောင်နောက်ကို လိုက်ပါနေဉီးမှာဖြစ်ပါသည်။ရှန်ယန်ရှောင်အနေဖြင့် အနည်းငယ်သော ပင်ပန်းဆင်းရဲမှုကို ကြုံတွေ့ရသည်အား တွေ့မိတာနှင့်တစ်ပြိုက်နက် ရင်ကျူချန်က ကြက်ကလေးတွေအား ကြက်မကြီးကကာကွယ်ပေးသကဲ့သို့ အပြေးအလွှားရောက်ရှိလာမှာဖြစ်သည်။
ရှန်ယန်ရှောင်ငိုချင်သွားသည်။သူမအနားမှာ အရေးမပါသောကိစ္စတွေကို အရေးမထားကြတဲ့ ယောကျ်ားရင့်မာကြီးတွေသာ အမြဲတစေရှိနေခဲ့တာဖြစ်သည်။အခုအချိန်မှာတော့ လှပကျော့ရှင်းသော မိန်းကလေးတစ်ယောက်က ဝုန်းကနဲရောက်ရှိလာပါပြီ သူမ ဒါကို ကျင့်သားမရသေးပါဘူး။
ရင်ကျူချန်က ရှန်ယန်ရှောင်ရဲ့အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးလိုက်ပြီး ခေါင်းကိုငုံ့ကာ တီးတိုးပြောလိုက်ပါသည်။
“သခင်မလေး သခင်မလေးက ကျမတို့ကို ကယ်တင်ပေးခဲ့တာဖြစ်ပြီး ကျမတို့က ပြန်လည်ပေးဆပ်သင့်ပါတယ်။ကျမတို့ကသာ ဒီလိုအလုပ်တွေကို လုပ်ကိုင်ပေးသင့်တာပါ။သခင်မလေးက ဒါမျိုးထပ်လုပ်နေရင် ကျမတို့တစ်တွေ ဘယ်လိုနေရပါ့မလဲ”
ရင်ကျူချန်၊စူဟီနဲ့ကျွန်သုံးထောင်တို့ဟာ ခြေရာပျောက်ဒေသက လာကြတာဖြစ်ပြီး တစ်ယောက်နှင့် တစ်ယောက် အကျွမ်းတဝင်ရှိကြပါတယ်။ရှန်ယန်ရှောင်ရဲ့စေတနာအပေါ်မှာ သူတို့တွေကျေးဇူးတင်မဆုံး ဖြစ်နေကြရပြီး သူမစေခိုင်းတဲ့အလုပ်တွေကို အားကြိုးမာန်တက်လုပ်ပြီးတော့သာ ပြန်လည်ကျေးဇူးဆပ်နိုင်မှာ ဖြစ်ပါသည်။
ရှန်ယန်ရှောင်လည်း ဘာမှမတတ်နိုင်စွာနဲ့ပဲ ခေါင်းမာလှတဲ့ ရင်ကျူချန်ကိုကြည့်လိုက်ပြီးနောက် တစ်ဖက်မှာရပ်နေသော တူလန်းကို လှမ်းကြည့်လိုက်သည်။