ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၆၅)သေးသွယ်တဲ့ကိုယ်လုံးလေးတစ်ခု လူအုပ်ထဲကနေ ထွက်ပေါ်လာပြီး ဖြူစင်သော လက်မောင်း လေးက ဝတ်ရုံကိုချွတ်လိုက်တဲ့အချိန်မှာ လေရဲ့ထိတွေ့ကျီစယ်ခြင်းကို ခံလိုက်ရပါတယ်။သူမရဲ့ ပါးစပ်မှာတော့ သရော်လှောင်ပြောင်တဲ့ အပြုံးဖြစ်ပေါ်နေပြီး တောင်ကုန်းပေါ်က လူတွေကို ကြည့်လိုက်ပါတယ်။
“ငါ့တက်သစ်နေမြို့တော်သားတွေကို တိုက်ခိုက်ခဲ့တာ မင်းတို့လား”
ရှန်ယန်ရှောင်က ရှူ့အစွမ်းနဲ့ မြားတွေကို လေထဲမှာ ရပ်တံ့စေခဲ့ခြင်းဖြစ်ပါတယ်။
မှော်ဆန်းကြယ်မြို့တော်အဖွဲ့ မြင်တွေ့နေရသော ထူးဆန်းလှတဲ့ မြင်ကွင်းကြောင့် အကြောက် လွန်ပြီး ပစ်ပြီးတာနဲ့ ထွက်ပြေးဖို့တောင် မေ့သွားခဲ့ကြပါတယ်။တစ်ဖက်လူက သူတို့ကို ရှာတွေ့သွားမှန်း သိလိုက်ရတော့ ချက်ချင်းပဲ တုန်လှုပ်ရာကနေ ပြန်အသိဝင်လာကြကာ ခွန်းတုံ့ပြန်စကားမဆိုဘဲ နောက်ကိုလှည့်၍ ပြေးကြပါတော့လေသည်။
“ထွက်ပြေးချင်တယ်ပေါ့လေ”လို့ သုတ်ခြေတင်နေကြသူတွေကိုကြည့်ကာ ရှန်ယန်ရှောင် လှောင်လိုက်သည်။
သူမရဲ့နှုတ်ခမ်းအစုံက နှလုံးခဲမတတ်အေးစက်သော အပြုံးဖြစ်ပေါ်သွားပြီး လက်ကိုဝှေ့ယမ်း၍ လေထဲမှာရပ်နေသော မြားတွေကို နောက်သို့ပြန်လှည့်စေပြီး သူတို့၏ မူလပိုင်ရှင်တွေကို ချိန်ရွယ်စေလိုက်သည်။
ထို့နောက်မှာတော့ သူမ၏ လက်တစ်ချက်အလှုပ်မှာပဲ မြားရာဂဏန်းတို့ အလင်းရဲ့အလျင်နှုန်းနဲ့ ပျံသန်းသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပဲ ပြေးနေကြသူတို့၏ နောက်ကျောကနေ စိုက်ဝင်သွားခဲ့ပါတော့သည်။
အော်ဟစ်မြည်တွန်သံတွေ ကောင်းကင်ထက်သို့ ရောက်ရှိသွားတယ်။
“တစ်ယောက်ကိုတောင် အလွတ်မပေးကြနဲ့ အကုန်သတ်ပစ်”ဟု ရှန်ယန်ရှောင်က လေးနက်စွာ ပြောလိုက်သည်။
သတ်မိန့်ရလိုက်တာနဲ့ ဝံပုလွေအဖွဲ့သားတွေက မှော်သားရဲတွေကို ခေါ်ထုတ်လိုက်ကြသလို တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေကြတဲ့ နတ်ဆိုးတွေကလည်း မြားမှန်ခံထားရသူတွေဆီ ခုန်အုပ်လိုက်ကြပါတော့သည်။
မကြာခင်မှာပဲ သွေးညှီနံ့က လေထုထဲတွင် ပျံ့လွင့်နေပါတော့သည်။
သနားစဖွယ်အော်ဟစ်သံတွေကြားမှာ စွပ်စွဲပြောဆိုသံတွေကိုလည်း သဲ့သဲ့မျှ ကြားနေရပါတယ်။ ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ရေးအတွက် သူတို့ဟာ မှော်ဆန်းကြယ်မြို့တော်ကဖြစ်ကြောင်း ဖော်ထုတ်ပြောဆိုလာပြီး လေးနိုင်ငံစာချုပ်ကို ဖောက်ဖျက်နေတာဖြစ်ကြောင်း ရှန်ယန်ရှောင်ရဲ့ သတ်မိန့်ကိုရပ်စေဖို့ စွပ်စွဲပြောကြားနေကြတဲ့ အသံတွေပဲဖြစ်ပါတယ်။
သို့သော်လည်းပေါ့ အခုလို သွေးမုန်တိုင်းထဲမှာ ရှန်ယန်ရှောင်က တစ်စစီဆွဲဖြဲခံနေရသော လူတွေကို လက်နှစ်ဖက်ကို နောက်သို့ပစ်၍ အေးအေးလူလူဖြင့် ပြောလိုက်တာကတော့ “လူသေတွေက ဘာဇတ်လမ်းမှ မပြောဘူးတဲ့လေ ဒီတော့ မင်းတို့အကုန်သေသွားတာတဲ့ ငါ ဘာလုပ်ခဲ့တယ်ဆိုတာကို ဘယ်သူမှ မသိတော့ဘူးပေါ့။နောက်ပြီးတော့ မင်းတို့ ဘယ်ရောက် သွားလဲဆိုတာကို ငါ့အနေနဲ့ နည်းနည်းလေးတောင်မှ မသိဘူးပြောမှာပေါ့”ဟု ပြောလိုက်လေသည်။
“မင်း လုပ်လို့မရ…”စတဲ့ ကန့်ကွက်သံတွေက အော်ဟစ်မြည်ကြွေးသံတွေကြားမှာ ဆက်လက်ထွက်ပေါ်နေပြီးနောက်မှာပဲ တိတ်ဆိတ်သွားပါတော့သည်။
သွေးစက်တစ်စက် ရှန်ယန်ရှောင်ရဲ့ ပါးပြင်မှာ စွန်းပေသွားလို့ လက်နဲ့သုတ်ပစ်လိုက်ပါတယ်။
“ငါ့တက်သစ်နေမြို့တော်ကို အနိုင်ကျင့်သူတိုင်း သေမင်းနဲ့တွေ့စေရမယ်”
ယနေ့ စွန့်ပစ်နယ်မြေရဲ့ အရှေ့ဖက်ဒေသအတွင်း ပြင်းထန်သော တိုက်ပွဲများ ဆက်လက်၍ ဖြစ်ပွားနေခဲ့သည်။ညှီစို့စို့သွေးနံ့တွေက လေထဲမှာ ပျံ့နေခဲ့ပြီး မြေပြင်မှာတော့ ဆေးနီရောင် ပက်ဖြန်းထားသည့်အလား ဖြစ်ပျက်နေခဲ့ပါတော့သည်။
ယနေ့ဟာ လူအချို့အတွက် တစ်သက်တာအမှတ်ရနေစေခဲ့သော အိပ်မက်ဆိုးကြီးတစ်ခု ဖြစ်သွားခဲ့ပြီး သူတို့ရဲ့ ဇီဝိန်ချုပ်ငြိမ်းတဲ့နေ့လည်း ဖြစ်ပါတယ်။မနေ့တုန်းက သတ်ဖြတ်သူတွေက ယနေ့မှာတော့ စဉ်းနှီတုံးပေါ်က ငါးတွေအလားဖြစ်ခဲ့ကြကာ ဒဏ္ဍာရီသတ္တဝါတွေရဲ့ ကြောက်မက်ဖွယ်အစွမ်းကို ခံစားခဲ့ကြရပါတယ်။
ညနေခင်းမှာတော့ လူထောင်ချီသတ်ခဲ့ကြတဲ့ ဆယ်ဖွဲ့လုံး တစ်ယောက်မျှ ဘေးမသီရန်မခဘဲ မြို့ကိုပြန်ရောက်လာကြပါတယ်။ငနာတို့က သူတို့၏ ဒဏ္ဍာရီသတ္တဝါတို့နှင့်အတူ ဂုဏ်မြင့်စွာ ပြန်လာခဲ့ကြတာဖြစ်သည်။ကိုယ့်ကိုယ်ကို အဟုတ်ကြီးထင်နေကြသူတွေအားလုံး ဒီလူငယ်လေး တွေရဲ့ လက်အောက်မှာ ဇီဝိန်ကြွေခဲ့ကြပါတယ်။
“ဘယ်လိုလဲ မင်းတို့ရော တိုက်ခိုက်မှုနဲ့ ကြုံခဲ့သေးလား”လို့ မိမိကိုယ်ကို ကျေနပ်အားရနေကြတဲ့ မျက်နှာပေးတွေဖြစ်နေကြသော ဘော်ဒါတွေကို တန်နာဇီက မြို့တံခါးနားမှာ မေးလိုက်တာပါ။
“အဲ့ဒါက ဖြစ်ကိုဖြစ်ရမှာပဲလေကွာ”လို့ ယန်းရှီက ပုခုံးတွန့်၍ ဖြေလိုက်သည်။မိုးပြာနဂါးကြောင့် ရန်သူအားလုံး တမဟုတ်ချင်း သေသွားခဲ့ကြပါတယ်။
“ငါ တစ်ချက်လေးတောင် မတိုက်လိုက်ရတာ ရင်နာတယ် တိုးနယားရဲ့ ခွာအောက်မှာပဲ အကုန်လုံး ပြားကပ်သွားကြတယ်လေ”လို့ ကြူရှီယာက ဘဝင်မကျစွာပြောလိုက်သည်။
“မင်းတို့ကတော့လေ”ဟု ယန်ယုက ရယ်လိုက်မိသည်။