ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၈၃)“ကျွန်မရဲ့ နမော်နမဲ့နိုင်မှုကြောင့် ဖြစ်သွားတာပါ”လို့ ဒီနေ့မှာ စိတ်လက်ကြည်လင်နေပုံရတဲ့ ရှန်ယန်ရှောင်က အေးဆေးစွာပြောလိုက်သည်။
ဇာမဏီတွေးနေတာက ရှန်ယန်ရှောင်တစ်ယောက်တော့ အပေါ်ယံဟန်ဆောင်မှုကို ချွတ်ပစ်ကာ ကြမ်းပြမယ့်အချိန်ရောက်ပြီဟလို့ ဖြစ်သော်လည်း သူမကတော့ ဟန်မပျက် ပြုံးရင်း ပြောနေဆဲ ဖြစ်ပါသည်။
ဒီလူက ငါ့ဆရာသမားရော ဟုတ်သေးရဲ့လားဟု ဇာမဏီ သံသယဝင်မိသွားသေးသည်။ငါ့ အာစရိက ဘယ်တုန်းကများ ဒီလောက်သဘောကောင်းသွားတာလဲ…
“အိုး နမော်နမဲ့နိုင်တာလား ကဲ ဒီကိစ္စတစ်ခုတင် မင်း နမော်နမဲ့နိုင်တာမဟုတ်ဘူး။ငါမင်းကို မေးဦးမယ် တက်သစ်နေမြို့တော်ရဲ့ မြို့ရိုးတံတိုင်းတွေကို မီးသင့်ကျောက်နဲ့ ဆောက်ထားတာ လား”ဟု မြို့ရိုးကိုမြင်ပြီးကတည်းက ဒီအကြောင်းကိုပဲ တွေးမိနေတဲ့ လီချီက မေးလိုက်သည်။
“ဟုတ်တယ်”လို့ ရှန်ယန်ရှောင်ပြောလိုက်သည်။
“မင်းက မီးသင့်ကျောက်ကို ကိုယ်ကျိုးအတွက် အသုံးချပြီးတော့ မြို့ရိုးတံတိုင်း ဆောက်ရဲတယ် ပေါ့”လို့ လီချီက ဒေါသတကြီးပြောလိုက်ပြီးနောက် “စွန့်ပစ်နယ်မြေရဲ့ ဒီအရှေ့ဖက်ဒေသက သယံဇာတအားလုံးကို ဧကရာဇ်မင်းကြီးပိုင်ဆိုင်တယ်ဆိုတာကိုတော့ မင်းသိထားသင့်တယ်။ ဒီမှာရှိတဲ့ သယံဇာတတွေကို အသုံးမပြုခင်မှာ မင်းကြီးဆီ လျှောက်တင်ပြီး ခွင့်ပြုချက် အရင်တောင်းရမယ်ကွ။ဒီအစား မင်းက မီးသင့်ကျောက်တွေကို ခိုးသုံးပြီးတော့ မြို့ရိုးတံတိုင်း ဆောက်လိုက်ပြီး ဖြုန်းတီးပစ်လိုက်တယ်။လောင်းရွှမ်ပြည်ရဲ့ သယံဇာတတွေကို မင်း ဘယ်လောက်တောင် ဖြုန်းတီးလိုက်သလဲဆိုတာ မင်းသိလား”ဟု ဆက်ပြောလိုက်သည်။
လီချီလေသံက ဖြောင့်မတ်မှုနဲ့ မခံမရပ်နိုင်ဖြစ်မှုတို့ဖြင့် ပြည့်နှက်နေသည်။ရှန်ယန်ရှောင်ရဲ့ အဆင်အခြင်မရှိ သုံးစွဲမှုတို့ကို မုန်းတီးခံပြင်းနေသယောင်ဖြစ်နေပါသည်။
ဒေါကန်နေတဲ့ လီချီကို ရှန်ယန်ရှောင်က အပြုံးမပျက် ကြည့်လိုက်ပါသည်။ သို့သော် သူမရဲ့ အပြုံးက အသက်မပါတော့ပါလေ။
မြို့တံတိုင်းပေါ်ကနေ နားထောင်နေကြတဲ့ ဝံပုလွေအဖွဲ့သားတွေဟာ လီချီရဲ့ စွပ်စွဲ ပြောဆိုမှုကို ကြားလိုက်ရတော့ လောကကြီးထဲမှာ အခုလိုမျိုး ကျိုးကြောင်းမသင့်တဲ့ လူတွေ ရှိနေတာကို မယုံနိုင်ဖြစ်သွားခဲ့ရသည်။
စွန့်ပစ်နယ်မြေရဲ့ အရှေ့ဖက်ဒေသက သယံဇာတတွေကို လောင်းရွှမ်ပြည်က ပိုင်တယ်ဆိုတာ ဘာသဘောလဲ သယံဇာတတွေကို မသုံးခင်မှာ ခွင့်ပြုချက်အရင်တောင်းရမယ်ဆိုတာကရော ဘာသဘောလဲ…
ဒီကောင်က လူတွေကိုဖြေဖျော်မယ့် မျောက်ကြီးများလားဟ…
ငါတို့ မြို့တော်သခင်မရှိရင် လောင်းရွှမ်ပြည်က စွန့်ပစ်နယ်မြေထဲက သယံဇာတတွေကို ထုတ်ယူနိုင်လို့လား ဟာသပဲဟေ့ ထုတ်ယူဖို့မပြောနဲ့ စွန့်ပစ်နယ်မြေထဲ ခြေချတာနဲ့တင် နတ်ဆိုးတွေဗိုက်ထဲ ရောက်နေလောက်ပြီ…
စွန့်ပစ်နယ်မြေထဲလာခဲ့သူတွေထဲမှာ လောင်းရွှမ်ပြည်ရဲ့ အစွမ်းကုန် ထောက်ပံ့ပေးမှုကို မရခဲ့တာ ဘယ်သူလဲ ရှန်ယန်ရှောင်ကလွဲရင် ကျန်သူအားလုံး အကူအညီတွေ ရရှိခဲ့သည်။
နယ်မြေအပိုင်စားသတ်မှတ်ပေးတဲ့ အမိန့်စာကလွဲရင် ကျန်တာဘာတစ်ခုကိုမှ သူမ မရရှိခဲ့ပါဘူး။
ဒါကို ဒီအထူးတမန်တော်ဆိုတဲ့ကောင်က မျက်ခွက်ပြောင်ပြီးတော့ ရှန်ယန်ရှောင်ကို လက်ညှိုးထိုး တာက တက်သစ်နေမြို့တော်ကို ပြန်သိမ်းပိုက်ပြီးနောက် စွန့်ပစ်နယ်မြေထဲက သယံဇာတတွေကို ကိုယ်ကျိုးရှာသုံးစွဲလို့ဆိုပဲ။
“ငါ အခုမင်းကို အမိန့်ပေးလိုက်မယ် တက်သစ်နေမြို့တော်ရဲ့ မြို့တံတိုင်းတွေကို လူအင်အား သုံးပြီး ချက်ချင်းဖြိုချလိုက် ပြီးတာနဲ့ မီးသင့်ကျောက်တွေကို နေပြည်တော်ဆီ ပို့ရမယ်”ဟု ပြောသမျှစကား မှားတယ်လို့မထင်တဲ့ လီချီက မောက်မောက်မာမာပြောလိုက်ပြန်သည်။
မြို့တံတိုင်းကို ဖြိုချရမယ် ဟုတ်လား…
မြို့ရိုးပေါ်က ဝံပုလွေအဖွဲ့သားတွေ အပေါ်ကနေ ပြုတ်ကျမတတ်ဖြစ်သွားခဲ့ကြသည်။
ဒီမြို့တံတိုင်းတွေ တည်ဆောက်နိုင်ဖို့အတွက် သူတို့တွေ ဘယ်လောက်တောင် ကြိုးစားခဲ့ရသလဲ ဒါကို ဒီငတုံးက အခုလို လာပြောနေတာဖြစ်သည်။
ဝံပုလွေခြောက်ကောင်သာ တားမထားခဲ့ရင် မြို့ရိုးပေါ်က ကြေးစားတွေဟာ ဒီဓားပြတွေကို တစ်စစီဆွဲဖြဲပြီးလောက်ပါပြီ။
ရှန်ယန်ရှောင်ကတော့ တစ်ခွန်းမှ မပြောသေးဘဲ ပြုံး၍သာ လီချီကို ကြည့်နေတာဖြစ်ပြီး သူမဆီမှာ ဒေါသရိပ်ဒေါသရောင် မတွေ့ရပါဘူး။
“နောက်ပြီးတော့လည်း နောင်ကျရင် စွန့်ပစ်နယ်မြေထဲက မင်းတို့ တူးဖော်ရသမျှ သယံဇာတတွေကို စောနိုင်သမျှစောအောင် နေပြည်တော်ကို ပို့ပေးရမယ်။မင်းကြီးက ခွင့်ပြုတော် မမူမချင်း ဘာကိုမှ မသုံးစွဲရဘူး။မဟုတ်ရင် ပုန်ကန်မှုနဲ့ စီရင်ချက်ချခံရမယ်”လို့ နည်းနည်းတောင် ငြင်းဆန်ချင်းမပြုသော ရှန်ယန်ရှောင်ကို ကြည့်ကာ ကြိတ်ရယ်နေသော လီချီက ပြောလိုက်တာ ဖြစ်သည်။