ကောင်းကျိုးမပေးသော သမီးပျို
အခန်း(၅၄၅)ရှန်ယန်ရှောင်က လှည်းအစီးတစ်ရာခန့်အားဝယ်ယူလိုက်ပြီး ကျွန်တွေကိုတင်ဆောင်ပြီး ကျွန်တိုင်းကျွန်တိုင်းအား အဝတ်အစားကိုယ်စီနဲ့အစားအသောက်တွေကိုလည်း ဝေငှပေးခဲ့ပါတယ်။
ကျွန်တွေဟာ သန့်ရှင်းသပ်ရပ်သောအဝတ်အစားတွေအား ဝတ်ဆင်ရပြီး လတ်ဆတ်ကောင်းမွန်သော စားစရာတွေကိုလည်း ကိုယ်စီကိုင်ဆောင်ထားရကာ လှည်းအသစ်တွေပေါ်မှာ စီးနင်းရတာဖြစ်လို့ သူတို့၏ ရီဝေမှုန်မှိုင်းနေသော မျက်ဝန်းတွေမှာ အနည်းငယ်မျှကြည်လင်လှုပ်ရှားသက်ဝင်လာသည့် ပုံစံပေါ်ပါသည်။
သူတို့အနေဖြင့် လူသားတစ်ယောက်ကဲ့သို့ နေထိုင်ရမယ်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိကြပါဘူး။သတိပြုဖို့ လိုတာတစ်ခုကတော့ ခြေရာပျောက်ဒေသမှာ ကျွန်လာဝယ်သူအများစုဟာ သူတို့ဝယ်တဲ့ကျွန်တွေကို လမ်းလျှောက်ခိုင်းကြတာဖြစ်သည်။ရံဖန်ရံခါမှာတော့ ပိုင်ရှင်တစ်ချို့တစ်လေက သူတို့ကို နည်းနည်းလေး ကောင်းမွန်စွာဆက်ဆံလေ့ရှိပြီး သံလှောင်အိမ်တွေမှာထည့်ပိတ်ကာ လှည်းတွေပေါ်တင်၍ ခေါ်ဆောင်ကြပါတယ်။မည်သည့်ကျွန်မှ လှည်းနဲ့ကျကျနနစီးနင်းဖူးခြင်းမရှိပါဘူး။
ရှားပါးလှသော သခင်ကောင်းပိုင်ရှင်ကောင်းနဲ့ ဆုံတွေ့ရတာကြောင့် ကျွန်တွေဟာ ကံကောင်းတာပဲဟု တွေးမိနေကြပါသည်။သူတို့ကို ဝတ်စရာ စားစရာတင်ပေးရုံသာမကဘဲ ရှန်ယန်ရှောင်က သူတို့ကို ဝယ်ယူပြီးသည့်နောက်မှာ သူတို့၏လည်ပင်းတွင်ခတ်ထားသော ကျွန်အမှတ်အသားဖြစ်သော သံကွင်းတွေကိုပါ ဖြုတ်ပေးခဲ့ပါသေးတယ်။
“သူတို့တွေထွက်ပြေးမှာကို မင်းမစိုးရိမ်ဘူးလား”လို့ လှည်းထဲတွင်ထိုင်နေသော ဖူတူက မျက်စိမှိတ်ကာ အနားယူနေသော ရှန်ယန်ရှောင်အားကြည့်ပြီး မေးလိုက်သည်။
ရှန်ယန်ရှောင်က မျက်စိဖွင့်ကာ အသာအယာပြန်ပြောလိုက်သည်မှာ “သူတို့ထွက်ပြေးမယ်လို့ မင်းထင်လို့လား”ဟုပင်။
ဖူတူ ပြုံးလိုက်သည်။
“သူတို့ရဲ့ မာနနဲ့သိက္ခာတရားကို စွန့်လွှတ်ထားဖို့ သင်ထားပေးခံထားရတဲ့ ကျွန်တွေအနေနဲ့ ထွက်ပြေးရမယ်ဆိုတာကိုတောင် သတိမရကြတော့ပါဘူးလေ။သူတို့တွေက စူဟီ၊ရင်ကျူချန်တို့နဲ့ မတူကြဘူး”လို့ဖူတူပြောလိုက်သည်။
စူဟီနဲ့ရင်ကျူချန်တို့မှာ အသက်ရှင်သန်ဖို့အတွက် စိတ်ဆန္ဒရှိကြတာကြောင့် ထွက်ပြေးရမယ်ဆိုတာကို သိကြတာဖြစ်ပြီး အနှိပ်စက်အညှင်းပန်းခံထားရသော ကျွန်သုံးထောင်တို့ကတော့ ဆန္ဒဆိုတာမရှိကြပါဘူး။
“မတူတာ”လို့ ရေရွတ်လိုက်ပြီးနောက် ရှန်ယန်ရှောင် နဖူးရှုံ့ကာ စဉ်းစားခန်းဝင်လိုက်မိသည်။
အဆိုပါလူငယ်က ရင်ကျူချန်ကို ဝယ်ယူနိုင်ဖို့ကို ဘာလို့စိတ်ထက်သန်နေရတာလဲ။သူမကို ထိုလူငယ် ဝယ်မသွားနိုင်ဖို့ကိုရော စူဟီကဘာကြောင့် အတင်းဆန့်ကျင်နေရတာလဲ။
“ဒီကျွန်တွေကို ငါတို့ပြန်ခေါ်သွားတဲ့အခါ မြို့တော်ကို တစ်ကယ်ပဲ ပြန်တည်ဆောက်နိုင်ကြမှာလား”လို့ လှည်းတစ်စီးထဲမှာ စီးနင်းလာသော ကြမ်းကြုတ်ဝံပုလွေက ရှန်ယန်ရှောင်ကို စိတ်မချဟန်ဖြင့် မေးလိုက်သည်။
“သူတို့ကို ဉီးလေးကြူဆီ အပ်လိုက်ရင် ဘာပြဿနာမှ မရှိနိုင်ပါဘူး”လို့ ရှန်ယန်ရှောင်ပြန်ပြောလိုက်သည်။
ထို့နောက်မှာတော့ မည်သူမှစကားမပြောကြတော့ဘဲ လှည်းထဲမှာပဲ တိတ်ဆိတ်စွာဖြင့် ထိုင်လိုက်လာကြပြီး စွန့်ပစ်နယ်မြေအတွင်းမှာ ခရီးဆက်လိုက်ကြပါသည်။ရက်အချို့ခရီးနှင်ပြီးတဲ့နောက်မှာတော့ ရှည်လျားသောမြင်းလှည်းတန်းကြီးလည်း တက်သစ်နေမြို့တော်၏ မြို့တံခါးဝမှာ ရပ်တံ့လိုက်ကြပါတယ်။
ကျွန်သုံးထောင်နှင့်အတူ ပြန်လာသော ရှန်ယန်ရှောင်ဟာ လိုအပ်နေသော လူအင်အားပြဿနာကို ဖြေရှင်းလိုက်နိုင်ပါပြီ။
တက်သစ်နေမြို့တော်၏ အပြင်ဖက်ပိုင်းရှိ နေရာသုံးနေရာတွင် ပုန်းအောင်းနေကြသော လူအုပ်စုသုံးစုက ရှည်လျားလှသော လှည်းတန်းရှည်ကြီးအား မြင်တွေ့ရပြီးသည့်နောက် မကြာခင်မှာပဲ စွန့်ပစ်နယ်မြေရှိ မြို့တော်သုံးခုထံ သတင်းပို့လိုက်ကြပါသည်။
အလုပ်သမားတွေ ရောက်ရှိလာသည့်နောက် တက်သစ်နေမြို့တော်အား ပြန်လည်တည်ဆောက်ခြင်း လုပ်ငန်းခွင်ကို တရားဝင်စတင်လိုက်ပါတော့သည်။
စွန့်ပစ်နယ်မြေအတွင်းတွင် မကုန်မခမ်းနိုင်သော သယံဇာတအရင်းအမြစ်တို့ လွန်စွာပေါကြွယ်ဝလှပြီး ဒေသထွက်ပစ္စည်းတို့ကို ရယူသုံးစွဲရခြင်းက လောင်းရွှမ်ပြည်မှနေ သယ်ယူရတာထက် ပိုမိုမြန်ဆန်ပါသည်။
မြို့တစ်ခုတည်ဆောက်ဖို့ ကျောက်တွေ၊အုတ်ခဲတွေနဲ့သစ်သားတွေလိုအပ်ပါတယ်။ရှန်ယန်ရှောင်က အလုပ်တွေကို ကျွန်သုံးထောင်အတွက် သတ်မှတ်ခွဲဝေပေးလိုက်ပါတယ်။
လူတစ်ထောင်က အရှေ့ဖက်ပိုင်းဒေသအတွင်း သတ္တုတူးဖော်နိုင်သော နေရာတွေကို ရှာဖွေရမှာဖြစ်ပြီး ကျောက်တုံးကျောက်ခဲစသည်တို့ကို တူးဖော်ပေးရမှာဖြစ်ပါသည်။ဉီးလေးကြူတို့ရွာသားအုပ်စုနှင့်အတူ ကျွန်ငါးရာက မြို့တော်အပြင်ဖက်ပိုင်းတွင် ဆန်နှင့် အခြားစားပင်သီးပင်များ စိုက်ပျိုးနိုင်ဖို့ လယ်မြေများ ချဲ့ထွင်ရမှာဖြစ်သည်။ကျန်ရှိသော ကျွန်တစ်ထောင့်ငါးရာအနက် ငါးရာက အမျိုးသမီးများဖြစ်ပြီး ရှန်ယန်ရှောင်က အထူးရွေးချယ်ဝယ်ယူလာခြင်းဖြစ်ကာ သူတို့က ပစ္စည်းများသိုလှောင်ခြင်းနဲ့ စားစရာများ ချက်ပြုတ်ပြင်ဆင်ဖို့ လုပ်ဆောင်ကြရမှာဖြစ်သည်။