part(19)

1.6K 190 24
                                    

Unicode

သူကပြောပြတယ်......

သူ့အမေ နေမကောင်းဖြစ်နေတယ်တဲ့။
သူက သူ့အမေဆီကိုသွားချင်တယ်တဲ့။
ဒီဂူနဲ့မဝေးတဲ့နေရာမှာ သူ့အမေနေတဲ့ရွာရှိတယ်တဲ့။

ဒီအကြောင်းအရာလေးတွေသိရဖို့ သူရော မိုးသစ်တောပါကြိုးစားပြီး မေးကြ ဖြေကြရတယ်။
အမေလို့ သူ့နှုတ်က တစ်ခါတစ်ရံထွက်လာတယ်။
စပြီး စကားပြောကာစလိုမျိုး အမေဆိုတာကို ခက်ခက်ခဲခဲမပြောရဘဲ နည်းနည်းချောမွေ့အောင် သူပြောနိုင်လာတယ်။

အမေဆိုတာတစ်လုံးကလွဲရင် ကျန်တာသူမပြောနိုင်သေးတာကြောင့် လက်ဟန်ခြေဟန်နဲ့ပဲ ကြိုးစားပြီးပြောပြရှာတယ်။
သူ့အမေအကြောင်းကို ပြောတဲ့အခါမှာတော့ သူ့မျက်ဝန်းရေကြည်အိုင်လေးဟာ ဆွေးမြေ့ပြီး တော်တော်သနားဖို့ကောင်းတယ်။
ပြောနေရင်းပဲ ရှိုက်နေရှာတယ်။

တကယ်ပါ..... မိုးသစ်တောရဲ့ဘဝမှာ ဒီလောက်သနားစဖွယ် ငိုနေတဲ့ယောကျားတစ်ယောက်ကို မမြင်ဖူးပါဘူး။
ကိုယ်တိုင်ယောကျားတစ်ယောက်ဖြစ်ပြီး စိတ်ခံစားချက်တွေပြိုလဲလို့ ငိုချင်လာရင် ငိုချတတ်တဲ့သူပါပဲ။
ယောကျားတစ်ယောက်မို့ မျက်ရည်မကျရဘူးလို့ အဖေရော အမေပါ တစ်ခါမှမတားမြစ်ဖူးဘူး။
အသက်ကြီးလာတော့ ကိုယ့်ခံစားချက်တွေကို ကိုယ်တိုင်ထိန်းချုပ်လာတတ်တာကြောင့် မကြာခဏငိုတာမျိုး မလုပ်ဖြစ်တော့တာပဲရှိတာ။
အကယ်လို့များ မိုးသစ်တောငိုစရာရှိလို့ ငိုမိခဲ့ရင်တောင် သူ့လို သနားစရာကောင်းလွန်းတာမျိုး ဖြစ်နေမယ်မထင်ပါဘူး။

အဖေကတော့စိတ်ဓာတ်အနေနဲ့ မိုးသစ်တောထက် မာကြောသူဖြစ်တာကြောင့် ငိုတာ မျက်ရည်ကျတာမတွေ့ရဖူးပါဘူး။
ရွာက ယောကျားတော်တော်များများလဲ မာကြောကြံ့ခိုင်တဲ့ပုံစံတွေချည်းပဲမို့ ငိုတာ မမြင်ဖူးဘူး။

သူ့လို မာကြောကြံ့ခိုင်တဲ့လူတွေထက်ပိုပြီး ကြံ့ခိုင်တယ်ထင်ရတဲ့သူတစ်ယောက် ငို​နေတာကတော့..... မခံစားနိုင်ဘူး။

အခုတော့ ငိုနေတဲ့ သူ့ကိုကြည့်ပြီး မိုးသစ်တော အရမ်းကိုသနားမိတယ်။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now