part(61)

514 28 1
                                    


လူတွေအများကြီးပဲရှိနေတယ်။
ရန်ကုန်မြို့ရဲ့အဓိကလမ်းမကြီးများပေါ်မှာ လူတွေတစ်ရက်ထက်တစ်ရက်ပို​များလာပါတယ်။
တစ်တိုင်းပြည်လုံးရဲ့ရင်ထဲမှာလဲ ဖွဲမီးလို တအုံနွေးနွေးပါပဲ။

ဇုံဇုံတို့က တက္ကသိုလ်ကျောင်းသားလူငယ်တွေနဲ့ပေါင်းစည်းမိသွားတာကြောင့် အမေရိကန်သံရုံးရှေ့မှာ ရှိနေတယ်။ တက္ကသိုလ်ရိပ်သာလမ်းဟာ သံရုံးတွေအများစုရှိနေတာကြောင့် လှည်းတန်းနဲ့လဲမဝေးတာကြောင့် လူတွေ ပိုများတယ်။
အရေးအကြောင်းဆို စုစည်းမိဖို့ပိုလွယ်တဲ့ဆန္ဒပြစုရပ်ဖြစ်ပါတယ်။ ပြေးရလွှားရတော့သိပ်မလွယ်ဘူး။ နှစ်ဘက်ညှပ်ပိတ်လိုက်လို့ရတယ်လေ။

ဇုံဇုံတို့အဖွဲ့ ဒီနေ့မှာ တက္ကသိုလ်ကျောင်းသားတွေစုပေါင်းလှူဒါန်းကြတဲ့ ထမင်းဗူးနဲ့ရေဗူးတွေကို သယ်လာကြရတယ်။ တစ်ရက်ထက်တစ်ရက် လူတွေများလေ... စီမံခန့်ခွဲရတဲ့ကိစ္စတွေများလေပါပဲ။
ဦးဆောင်သူမရှိ ခေါင်းဆောင်သူမရှိကြပေမဲ့ မိုက်ကိုင်ပြီး မတ်တပ်ရပ်ကာ ကြွေးကြော်သံတိုင်ပေးတဲ့လူငယ်တွေရှိကြပါတယ်။ ထမင်းဗူးဝေဖို့ ရေဝေဖို့ ကြွေးကြော်သံစာရွက်တွေဝေဖို့ လူများလာရင်နေရာတကျထိုင်လို့ရစေဖို့.... ဒါတွေကိုလဲ လူငယ်တွေကပဲ ကြိုးစားစီမံ​နေကြပါတယ်။
အမှိုက်ကောက်တာလဲ လူငယ်တွေပါပဲ။
လမ်းမပေါ်မှာ နေ့စဥ်လူပေါင်း သိန်းသောင်းချီဆန္ဒထုတ်ဖော်နေပေမဲ့ အမှိုက်တစ်စမကျန်စေရအောင် လူငယ်တွေက တာဝန်ယူပါတယ်။
လူငယ်ဟာ ခေတ်အဆက်ဆက်သမိုင်းပေးတာဝန်ကို မရှောင်မလွဲ ပခုံးနဲ့ထမ်းနေကြဆဲပါပဲ။

"ဇုံဇုံရေ.... ဟိုးနောက်ကိုဝင်သွားပေး.... လက်ဆင့်ကမ်းလိုက်မယ်"

အမေရိကန်သံရုံးရှေ့တည့်တည့်ကသစ်ပင်ကြီး အရိပ်အောက်မှာ ဆန္ဒပြအိမ်ရှင်မအုပ်စုရှိတယ်။ အန်တီကြီးတွေ အယောက်နှစ်ဆယ်လောက်ပေါ့လေ.... စုပြီးထိုင်နေတာ။ သူတို့လက်ထဲမှာ ထမင်းဗူးမရသေးဘူး။ ငယ်ရွယ်သူတွေကို ဦးစားပေးပြီး လက်ဆင့်ကမ်းနေကြတာကြောင့် သူတို့အတွက်မရသေးတာ။
အေးလေးက မျက်စိလျင်လျင်နဲ့မြင်ပေလို့ပေါ့။ မဟုတ်ရင်ကျော်သွားမိတော့မှာ။ ထမင်းဗူးမရသေးတဲ့လူရှိသေးလားလို့မေးပေမဲ့ အန်တီကြီးတွေက ဖြေမှမဖြေတာ။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူOnde histórias criam vida. Descubra agora