part(22)

1.5K 191 37
                                    

Unicode

"ဟေဝန်....."

"မို......"

နံနက်ခင်းရဲ့နေရောင်ခြည်က ဖွင့်ထားတဲ့ဂူပေါက်သေးသေးလေးကတဆင့် မိုးသစ်တောလှဲလျောင်းနေရာကျောက်သားမြင့်လေးပေါ် ထိုးကျလာတာနဲ့ မိုးသစ်တောက ဟေဝန့်ကို အော်ပြီးခေါ်တယ်။
ထုံးစံမပျက် သူ့အသံလေးလေးဝါဝါကြီးက မို လို့ ပြန်​ပြီး အသံပေးတတ်တယ်။

မိုးသစ်တော မျက်လုံးအစုံကို မဖွင့်ကြည့်ရသေးပေမဲ့ ဟေဝန် ဘာလုပ်နေတယ်.... ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ရှိနေတယ်ဆိုတာကို အလွတ်ရတယ်။
ပြုံးမိတယ်... အိပ်ယာနိုးပြီလားဆိုရင်  မို..... ဆိုတဲ့ပြန်ထူးသံကြီးကို ကြားရင် မပြုံးဘဲ တကယ်မနေနိုင်ဘူး။

ဒီနေ့ဆိုရင် ဟေဝန်နဲ့အတူ ဂူလေးထဲမှာ နားနေရတာ သုံးရက်မြောက်နေ့ဖြစ်ပြီ။
သတိမေ့နေတာနဲ့ ပေါင်းရင် ဒီဂူထဲမှာနေတာ သီတင်းတပတ် ပြည့်တော့မယ်ပေါ့။
မိုးသစ်တောရဲ့ခါးနဲ့ခြေထောက်က ဒဏ်ရာတွေကလဲ သက်သာနေပြီ။ ဟေဝန်က တောထဲမှာ ဆေးပင်ဆေးဥ ရှာပြီး သေသေချာချာ ကုပေးနေတယ်။
မိုးသစ်တောအတွက် စားစရာအနေနဲ့ကတော့ ထည့်ယူလာတဲ့ မုန့်ခြောက်နဲ့အမေ့ထမင်းခြောက်တွေကို ကြော်ယူလာခဲ့တာ အတော်လေးအဆင်ပြေတယ်။
ဟေဝန်ရှာပေးတဲ့ သစ်သီးနဲ့ မျှပြီးစားနေရတာပေါ့။
ခက်တာက ဒီဘက်တောမှာ စားစရာသစ်သီးသစ်ဖု သိပ်ပြီးမပေါများပါတဲ့.... ဟေဝန်က ပြောပြတာ။
သူနေထိုင်ရာ ဟိုးတဖက်မှာ သစ်သီးသစ်ဥတွေသိပ်ကိုပေါများတယ်တဲ့လေ။

ဟေဝန်က အသက် ငါးနှစ်ကျော်အရွယ်ကလေးဘဝကတည်းက အခုအရွယ်ထိ ဒီတောကြီးထဲမှာ သစ်သီးသစ်ဖုတွေကိုသာ စားသုံးရင်းနေခဲ့တာတဲ့လေ။
ဒါကြောင့် ဟေဝန်ရဲ့ကိုယ်နံ့ဟာ ထူးဆန်းတာ။
ဟေဝန်ရဲ့ ခံတွင်းနံ့ကလဲ ထူးဆန်းနေတာပေါ့။
သစ်သီးသစ်ဖုတွေကိုပဲ သီးသန့်စားနေရပြီး ဒီလောက်ကြီးမားတာ ဗိုက်ရောဝရဲ့လားဆိုတော့ ခေါင်းညိမ့်ပြတယ်။

မိုးသစ်တောက မျက်လုံးတွေကို လက်ဖဝါးနဲ့ကာပြီး ဂူပေါက်ကို လှမ်းကြည့်လိုက်တယ်။

ဟေဝန်က ဂူပေါက်နားမှာ ထိုင်နေတယ်။
မိုးသစ်တောကို ဟေဝန် ထိုင်ပြီးငေးနေတာ။
ဟေဝန်က အဲ့လိုပဲ.... မိုးသစ်တော အိပ်ယာမနိုးခင်မှောင်ရိပ်ရှိနေဆဲ အာရုံတက်ချိန်မှာ စားစရာထွက်ရှာတယ်။ ရေ သွားယူတယ်။ ပြီးရင် မိုးသစ်တောကို ထိုင်ပြီး ကြည့်နေတော့တာပဲ။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူDonde viven las historias. Descúbrelo ahora