part(1)

5.1K 316 14
                                    

Unicode

အချိန်က..... ညမှောင်မှောင်....

အိမ်ရှေ့မြေပြင်ဟာ ဝါပြေပြေအရောင်နဲ့ အမှောင်ထဲမှာ ထင်းနေတယ်။
ပတ်ဝန်းကျင်က သစ်ပင်တွေကြောင့် ပိုပြီးမှောင်မိုက်နေတယ်။အပြင်မှာမှောင်လေ မြေပြင်ကျယ်ရဲ့အရောင်က ဝါဝါထင်းလေပါပဲ။

အိမ်ရှေ့ကွပ်ပျစ်မှာ.... ဦးမိုးမောင်တို့ စကားပြောနေကြတယ်။
ရွာလူကြီး.... ရွာဆေးပေးခန်းကဆရာလေး.... ရွာထဲကစကားဝိုင်းဖွဲ့ပြောနေကျ လူကြီးတစ်ချို့  ထိုင်ပြီးစကားပြောနေကြတယ်။ အဖန်ရေအိုးအပြင် တောကောင်သားခြောက်မီးဖုတ်ပြီး ဆီစိမ်ထားတာကိုမြည်းကြတယ်။

ကွပ်ပျစ်နားက မီးဖိုကြီးမှာ အနံ့တသင်းသင်းနဲ့ ကန်စွန်းဥမီးဖုတ်နဲ့ ပြောင်းဖူးမီးဖုတ်တွေရှိတယ်။
မီးပုံဖိုထားတာ မီးတောက်က သိပ်မကျန်တော့ပါဘူး။
တငွေ့ငွေ့လောင်နေတဲ့ မီးဖိုနားမှာ စကားပြောနေတဲ့ လူကြီးတွေအတွက် အမေနဲ့ဒေါ်လေးစိန်မြက လက်မအားရအောင် အလုပ်များနေတယ်။

ဒေါ်လေးစိန်မြက မီးဖိုထဲကထုတ်ယူထားတဲ့ ပြောင်းဖူးကို အအေးခံထားတယ်။ ကန်စွန်းဥတွေ ပြောင်းဖူးတွေက ရွာမှာ ဝယ်မစားရပါဘူး။
တောကောင်ကတော့ ဦးမိုးမောင်ကိုယ်တိုင် ပစ်တာတွေချည်းပဲ။

သစ်တောအရာရှိ ဦးမိုးမောင်ဟာ ဒီရွာကအပျိုချော မစံပယ်နဲ့ အကြောင်းပါပြီးနောက် ရွာမှာအခြေချခဲ့တာ ကြာပြီ။ ခေတ်ပညာတတ် မြို့သားတစ်ယောက်က ရွာမှာ အိမ်ထောင်ကျပြီး မြို့ကို မပြန်တာကြာခဲ့ပြီ။

ရိုးမတောင်ခြေရွာတွေထဲကမှ...  အလွန်ခေါင်တဲ့ရွာဖြစ်တယ်။ ရွာကနေ နှစ်မိုင်သာသာဆက်သွားရင် တောပဲရှိတော့တယ်။ 

ရိုးမတောကြီး.....

ဒီတောမှာ ဦးမိုးမောင်တာဝန်ကျတာ ဆယ့်ငါးနှစ်ကျော်ကြာခဲ့ပြီ။
ကိုမိုးမောင်ဘဝကတည်းက သစ်တောအရာရှိပေါက်စဘဝနဲ့ ရောက်လာခဲ့တာ။ အခုတော့ ဦးမိုးမောင်က တောခေါင်းဖြစ်သွားပြီပေါ့။

ကျွန်း...တမလန်းနဲ့ အခြားအဖိုးတန်သစ်ပင်ကြီးများစွာကို စောင့်ရှောက်ရတယ်။
သစ်ခိုးထုတ်တာမျိုး မရှိရအောင်ကာကွယ်ရတယ်။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူOù les histoires vivent. Découvrez maintenant