part(16)

1.9K 228 31
                                    

Unicode

ညက စိတ်ချလက်ချ အိပ်ပျော်သွားမိတယ်။

မိုးသစ်တောရဲ့မျက်နှာပေါ်ကို နေရောင်ခြည်နွေးနွေးလေးထိနေတယ်။
မနက်လင်းပြီ။

အလင်းရောင်က မှိန်မှိန်ဖျော့ဖျော့လေး ဝင်လာနေတယ်။ အေးစိမ့်စိမ့်ပတ်ဝန်းကျင်က အနံ့အသက်လဲသိပ်တော့ ကောင်းတာမဟုတ်ဘူး။
မိုးသစ်တော အိပ်ပျော်နေရာက နိုးလာပြီ။
တဖြည်းဖြည်းပွင့်လာတဲ့ သူ့မျက်ဝန်းတွေ...

မျက်နှာပေါ်က နေခြည်နွေးနွေးက ဘယ်ကနေရောက်လာတာလဲ ဆိုတာကိုချက်ချင်းစူးစမ်းတယ်။

"အ့.....ကျွတ်...ကျွတ်..."

ထ ထိုင်လိုက်တာနဲ့ တစ်ကိုယ်လုံး နာကျင်မှုတွေက အချက်ပြတယ်။
ဂူတစ်လုံးပဲ.... ညက ထင်ထားမိတဲ့အတိုင်း ဂူတစ်လုံးထဲကို​ရောက်နေတာပါပဲ။
ဂူက ကျဥ်းပြီး မှောင်တယ်။
အလင်းရောင်ကတော့.... ဖွင့်ထားတဲ့ဂူပေါက်ကလေးကနေ ဝင်နေတာ။
သေးသေးလေးပဲဖွင့်ထားတဲ့ ဂူပေါက်ကို မိုးသစ်တော လှမ်းပြီးတွေ့တယ်။
ညက အဲ့ဒီဂူပေါက်ကိုပိတ်ထားတာဖြစ်နိုင်တယ်.... ပိန်းပိတ်အောင် မှောင်နေတယ်လေ။
အခု မနက်မိုးစင်စင်လင်းနေပေမဲ့ အလင်းရောင်က မှိန်ဖျော့ဖျော့ပဲ ဝင်လာနိုင်တယ်။
ဂူက သိပ်သည်းကျဥ်းမြောင်းလွန်းတယ်။

မိုးသစ်တော ရှိနေတဲ့နေရာက နည်းနည်းမြင့်တယ်။
ဂူရဲ့အောက်ခြေမှာ စိုစိစိမြေသားနဲ့ကျောက်သား​ရောနေတဲ့ အောက်ခြေရှိတယ်။ မိုးသစ်တော အိပ်မိတဲ့နေရာက ကျောက်ဖျာလိုနေရာ.... လူတစ်ကိုယ်စာ သေးသေးလေး.... အလုံးစုံချောမွေ့နေတာတော့မဟုတ်ဘူး။ ကျောက်သားကြမ်းကြမ်းကြီးနဲ့ဖုထစ်နေတာပါ။ ဒါပေမဲ့ ဘာကြောင့် လှဲအိပ်လို့ရနေတာလဲ။
ထိုကျောက်သားမညီမညာပေါ်မှာ သစ်ရွက်တွေ ထူထူထပ်ထပ်ခင်းထားတယ်။ တော်တော်များတယ်.... ပြီးတော့ သစ်ရွက်တွေပေါ်မှာ သားရေချပ်တစ်ချပ်လဲရှိနေတယ်။ အရမ်းတော့ မကြီးဘူး။ ခပ်ပျော့ပျော့ကိုမှ သားရေသားက ပြောင်ချောနေတယ်။ တစ်စုံတစ်ယောက်က ဒီသားရေချပ်ကို အမြဲအသုံးပြုခဲ့ပုံရတယ်။

တစ်စုံတစ်ယောက်....
အင်း...... ညက....သူ ရော....သူ ဘယ်မှာလဲ.... သူ ဘယ်ရောက်သွားတာလဲ....
မိုးသစ်တော ဂူတစ်ခုလုံးကို ပတ်ချာလည် ကြည့်မိတယ်။
အရိပ်အယောင်မှ မတွေ့ရဘူး။

- နှလုံးသား​စေညွှန်ရာ ... နာခံလေသော ချစ်သူWhere stories live. Discover now