"တတိယမင်းသားက နိုင်ငံအတွက် စွမ်းစွမ်းတမန် ကြိုးစားပေးခဲ့တာကြောင့် ယွဲ့ဘုရင်လို့ အမည်တွင်စေပြီး အပိုင်စား နန်းတော် တစ်ဆောင်ကို ချီးမြှင့်လိုက်တယ်"ဧကရာဇ်ကန်း၏ ကျယ်လောင်သော ကြေငြာချက်က မင်းသားများ၏ မျက်နှာများကို အရုပ်ဆိုးသွားစေသည်။
ဘုရင်ဟူသော ဂုဏ်ပုဒ်မှာ ကစားစရာတစ်ခုမဟုတ်ပေ။ မည်သည့်မင်းသားတစ်ဦးတစ်လေမှ ဘုရင်ဘွဲ့ကို မရခဲ့ဖူးကြကာ ချင်ယွီသည်ပင် ယွီနန်းတော်၌ နေလို့ရရုံအဆင့်သာဖြစ်လေသည်။ ယခုချင်ကျင်းမှာမင်းသားတစ်ပါးအဖြစ်ရှိနေဦးမည်ဖြစ်သော်လည်း လူပုံအလယ်တွင်တော့ ဘုရင်ဟု ခေါ်ဝေါ်သမုတ်ခံရမည်ဖြစ်သည်။
မည်သူတစ်ဦးတစ်ယောက်ကမှ နယ်နှင်ဒဏ်ပေးခံထားရသော ချင်ကျင်းသည် ဤသို့ရုတ်ခြည်း ဘုရင်ဘွဲ့ ချီးမြှင့်ခံလိုက်ရမည်ဟု မထင်ထားခဲ့ကြပေ။
ဧကရာဇ်ကန်းသည် ဘုရင်များကို သတ်ကာစတင် နန်းစံခဲ့ချိန်မှစ၍ မည်သည့် မင်းသားကိုမှ ဘုရင်ဘွဲ့မပေးခဲ့ဖူးသောအချက်က ချင်ကျင်း၏ ဘုရင်ဟူသော ဘွဲ့မှာ မည်မျှ ကြီးမြတ်ကြောင်းကို ဖော်ပြနေသည်။
"စစ်သည်အတွက်ကတော့..."
ကွမ်ယုအား ဧကရာဇ်ကန်းကြည့်လိုက်၏။ သူ့အား မည်သို့ ခေါ်ဆိုရမည်ကို မသိသောကြောင့် လမ်းတစ်ဝက်တွင်ပင် သူ၏စကားရပ်တန့်သွားသည်။
"သူ့နာမည်က ကွမ်ယုပါ"
မည်းတော်ဖြစ်သူ၏ အခက်အခဲကို မြင်နိုင်နေသောကြောင့်ချင်ကျင်းက ကွမ်ယုကို မိတ်ဆက်ပေးလိုက်သည်။
ထိုအချိန်၌ ဧကရာဇ်ကန်း၏ ရှေ့တွင် ကွမ်ယုသည် ဦးညွတ်နေဆဲဖြစ်သည်ဆိုသော်ငြား အပြည့်အဝဦးညွတ်နေခြင်းတော့ မဟုတ်ပေ။ သူစစ်တပ်ထဲတွင်ရှိစဉ်၌ ကောင်းကင်လနိုင်ငံသည် မတည်ထောင်ရသေးသောကြောင့် သူ့အနေနှင့် အလုံးစုံ နှိမ်ချရန် မလိုအပ်ပေ။
"ကွမ်ယုက နှစ်နိုင်ငံ ထိပ်တိုက်တွေ့ဆုံပွဲမှာ ကောင်းကောင်းမွန်မွန် စွမ်းဆောင်နိုင်ခဲ့တာကြောင့် သူ့ကို တတိယအဆင့် စစ်သူကြီး နေရာကို ချီးမြှင့်လိုက်တယ်"
YOU ARE READING
ဂန္တဝင်စနစ်
Adventureဧကရာဇ်တစ်ပါးဖြစ်လာဖို့အတွက် ဖြတ်ကျော်သွားရမည့် အခက်အခဲတွေရှိနေသော်လည်း ကံကောင်းထောက်မစွာဖြင့် ဘုရားသခင်သည် ချင်ကျင်းအား စိတ်ပျက်မသွားစေခဲ့ပါ။ ဂန္တဝင်စနစ်ကို စတင်အသက်သွင်းလိုက်ပါပြီ။ ဒဏ္ဍာရီဂန္တဝင်ထဲက ဇာတ်ကောင်အားလုံးကို ဆင့်ခေါ်နိုင်ပါပြီ။ ကျန်ရှန...