Part 65

9.6K 129 2
                                        

""တီ!""

လှုပ်လှုပ်ရှားရှားဖြင့် သူမနာမည်လေးအားရေရွတ်မိလေတော့ တစ်ဖက်ကဖုန်းလိုင်း ချက်ချင်းပြတ်တောက်သွားလေ၏။သေချာသည်။ဒါဟာ သူမဆီကဆက်သွယ်မှုဆိုတာမလွဲမှန်း သူ့နှလုံးသားကအသေအချာကို သိလိုက်ပြီမို့ စိတ်တွေလည်းယောက်ယတ်ခတ်လာကာ ခြေလှမ်းကျဲတွေက အခန်းကျယ်တစ်ပတ် ရှုတ်ယှတ်ခတ်အောင်လျှောက်နေမိရင်း ထိုနံပါတ်လေးအား အကြိမ်ကြိမ်ပြန်ဆက်သွယ်နေမိသည်။သို့သော် လုံးဝမကိုင်တော့သည့်အပြင် powerပါပိတ်ပစ်လေတော့ စိုးရိမ်ခြင်းဒီဂရီက တဝုန်းဝုန်းဆောင့်တက်လာ၏။

သူနားကြားမမှားခဲ့ဘူးဆိုလျှင် တစ်ဖက်မှာ သူမငိုနေသည်။ချစ်ကြိုး...!ချစ်ကြိုးတစ်ခုခုဖြစ်နေပြီ။

ဘယ်လိုပင်လမ်းခွဲခဲ့ကြပါစေ၊နေလအတွက်ကတော့ သူမသည်သာ အရာရာစိုးမိုးနေဆဲပါပင်။ထို့ကြောင့် ငိုနေတယ်ဆိုသောအသိလေးတစ်ချက်ကတောင် လူကိုရူးမတတ်ပူလောင်သွားစေသည်။ကိုယ်ကလည်း ရေခြား၊မြေခြားမှာရှိနေသည်မို့ အနားကိုချက်ချင်းပြေးသွားလို့မှမရတာလေ။ဘာတွေဖြစ်လဲ?ဘယ်သူ့ကြောင့်၊ဘာအတွက်ကြောင့်နဲ့များ သူမမျက်ရည်တွေကျနေရပြန်သလဲ?ဘယ်လိုအပြစ်တွေထပ်ကျူးလွန်ပြီး တစ်ယောက်တည်းနာကျင်နေရပြီလဲ?

လိမ္မာပါလို့ ကိုယ်ပြောခဲ့သားနဲ့အချစ်ရယ်...
မင်းကိုယ့်ကို ရင်ပူရအောင်လုပ်ပြန်ပြီပဲ။

~~~~ 🍬 ~~~~

တစ်ဖက်တွင်လည်း ငြိမ်သက်တိတ်ဆိတ်သွားသောဖုန်းလေးထံငေးစိုက်ကြည့်ရင်း မျက်ရည်တွေကျနေမိသည်က ချစ်ကြိုး။ဘာကိုမှမဆင်ခြင်ပါဘဲ သူ့အသံကိုကြားချင်မိရုံသက်သက်နဲ့ အတ္တဆန်စွာ သူ့ကိုဝေဒနာပေးမိပြန်ပါပြီ။မနှောင့်ယှက်သင့်တော့ဘူးလို့ သိစိတ်ဝင်သည်နှင့်ချက်ချင်းဖုန်းချလိုက်ပေမယ့် ဘယ်သူခေါ်မှန်းအတပ်သိကာ နာမည်ကိုပင် တန်းခေါ်လိုက်လေတော့ အံ့လည်းအံ့သြခဲ့ရသည်။

ချစ်ကြိုးနဲ့ပတ်သက်ရင် အရာရာကိုမှတ်မိနေတုန်းပဲ၊သူ့အချစ်နဲ့မထိုက်တန်တဲ့ မိန်းမသားအပေါ် သူစိုးရိမ်ပေးတတ်နေတုန်းပဲ။ဘာစကားမှမပြောခဲ့တာတောင် နာမည်ကိုခေါ်လိုက်တဲ့အသံမှာ စိုးရိမ်မှုတွေအပြည့်နဲ့...။

🍬ကိုကို့...ချစ်သည်းရှင်🍬(Completed)Место, где живут истории. Откройте их для себя