(Unicode)
ကျန်းရုန်မှာ ရက်စက်ယုတ်မာသောပြစ်မှုတစ်ခုကို ကျူးလွန်မိသလို ခံစားလိုက်ရသည်။ ထို့အပြင် နစ်နာသူကသူ့အား လက်ပူးလက်ကြပ်မိကာ နားရင်းပင်အုပ်သွားသေးသည်။
အခုချိန်မှာ သူသာ ဟန်ကိုယ့်ဖို့လုပ်ကာ သဘာဝကျကျနှင့် အကြည့်ပြန်ရုတ်သိမ်းလိုက်သရွေ့ အရာအားလုံး အဆင်ပြေသွားမည်ကို သိသည်။ သို့သော်လည်း အဆုံးမှာတော့ လုပေါ်ယွမ်ကသာ ရယ်လျက် အရင်ဆုံး အကြည့်လွှဲသွားသူပင်။
ကျန်းရုန် ကို့ရို့ကားယားနှင့် ခပ်တောင့်တောင့်ကြီး ခေါင်းပြန်လှည့်လိုက်မိချိန် ရှောင်ပိုင်ကလည်း ဗီဒီယိုကိုကြည့်နေရာမှ အပြင်ထွက်လိုက်သည်။
"ဘာလို့ဗီဒီယိုထဲမှာကျန်းရုန်မပါတာလဲ"
ယွမ်ချန်ကခေါင်းငြိမ့်လိုက်ပြီး
"အေးလေ တို့ဖူးတောင်ပါတာကို"
Pineက ဗီဒီယိုတင်ထားသည့်ရက်စွဲကို လှမ်းကြည့်လိုက်သည်။
"ဒါကမနှစ်ကသြဂုတ်လတုန်းကတင်ထားတာလေ သူအသင်းဆီမရောက်သေးဘူး"
ရှောင်ပိုင် သဘောပေါက်သွားသည်။ သူ ကွန်ပျူတာကိုပိတ်လိုက်ပြီး မတ်တပ်ထရန်ပြင်ကာမှ သူ့နောက်မှာလူတစ်ယောက်ရှိနေသေးမှန်း သိလိုက်ရသည်။ သူ တအံ့တသြဖြင့် မေးကြည့်လိုက်သည်။
"ဘာလို့ဒီမှာရပ်နေသေးတာလဲ? သွားမအိပ်သေးဘူးလား.....မင်းမျက်လုံးတွေဘာလို့တအားနီနေတာလဲ?"
နောက်ဆုံးကစားသည့်ပွဲတွင် ကျန်းရုန် အရမ်းအိပ်ချင်နေခဲ့သည်မို့ သူ့မျက်လုံးတွေကို အကြိမ်အနည်းငယ် ပွတ်ထားမိသည်ပင်။
သူ ခပ်မြန်မြန် နောက်ပြန်ဆုတ်လိုက်ကာ ရှောင်ပိုင် ထိုင်ခုံဆွဲထုတ်လို့ရအောင် နေရာဖယ်ပေးလိုက်၏။ ကျန်းရုန် ပါးစပ်ဟလိုက်ကာ ရှင်းပြတော့မည့်အချိန်....
လုပေါ်ယွမ်ကပြောလာသည်။
"ကြည့်တာအရမ်းကြာသွားလို့"
လေ့ကျင့်ရေးအခန်းထဲမှ တစ်စက္ကန့်ကို မီတာပေါင်းများစွာအလျင်နှင့် ကျန်းရုန် ထွက်ပြေးဖို့အတွက် စဥ်းစားပြီးသွားချိန် လုပေါ်ယွမ်ကတော့ လေအေးလေးနှင့်ပင် ဆက်ပြောလာသည်။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~