(Unicode)
နားနေခန်းထဲ၌ လူတွေ ရှင်းလင်းသွားသည်။ လုပေါ်ယွမ်ကတော့ ဆိုဖာပေါ်မှီလျက် ပြိုင်ပွဲတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေပေသည်။
အသင်းနှစ်သင်းလုံးက စင်ပေါ်တက်လာပြီး ကင်မရာကလည်း ကစားသမားတစ်ယောက်ချင်းစီတိုင်းကို အနီးကပ်ရိုက်ကူးပြနေသည်။ နောက်ဆုံးရိုက်ချက်ကတော့ ကျန်းရုန်ဖြစ်သည်။
ကျန်းရုန်၏ရှေ့ဆံပင်တွေက ရေစိုနေလျက် နဖူးပြင်တွင် ကပ်နေသေးသည်။ နေရာတွင်ထိုင်လိုက်ပြီးနောက် သူက မျက်နှာသေနှင့်ပင် ခေါင်းငုံ့ကာ ပစ္စည်းတွေကို စတင်စစ်ဆေးနေသည်။ ပြိုင်ခဲ့ရသမျှ ပွဲစဥ်တွေကြောင့် ဒီလုပ်ငန်းစဥ်ကို သူအရမ်းရင်းနှီးနေချေပြီ။
ကျန်းရုန်၏ စင်ပေါ်မတက်ခင် တစ်မိနစ်လောက်အလိုအတွင်း သန့်စင်ခန်းဆီ တစ်ဟုန်ထိုးပြေးသွားပုံကို လုပေါ်ယွမ် ပြန်မြင်ယောင်မိတော့ မတတ်သာဘဲ သူရယ်ချင်လာတော့သည်။
သို့ရာတွင် သူ့ကိုအနီးကပ်ရိုက်ကူးနေသည့် ကင်မရာကရှိသေးသည်ကြောင့် နှုတ်ခမ်းမြင့်တက်သွားရုံသာ ပြုံးလိုက်ပြီး သူ့ကိုယ်သူ ထိန်းထားရသည်။
ဒီနေ့အတွက် ရှင်းလင်းတင်ဆက်သူနေရာတွင် တာဝန်ယူထားသူများက ထုံးစံအတိုင်း မျက်နှာဟောင်းများသာ။ ရှင်းလင်းတင်ဆက်သူတွေအဖို့ အသက်ကန့်သတ်ချက်မရှိသဖြင့် လူအပြောင်းအလဲနှုန်းက ခရုထက်ပင် နှေးသေးသည်။ လူသစ်တွေခမျာလည်း အမှားသေးသေးလေးတွေကိုပင် ဆက်တိုက်အပြစ်တင်ခံနေရပြီး အရေးကြီးပြိုင်ပွဲတွေဆိုသည်နှင့် ရှင်းလင်းတင်ဆက်သူအဟောင်းတွေကိုသာ လွှတ်ကြတော့သည်။
"ရှင်းလင်းတင်ဆက်သူတွေ အခုနေ ဘာတွေပြောနေကြမယ်ဆိုတာ နားကြပ်တပ်ထားရင်းတောင် ခန့်မှန်းနိုင်တယ်" ရှောင်ပိုင်က ချောင်းဟမ့်လိုက်ပြီး အသံကို တတ်နိုင်သလောက် နှိမ့်လိုက်သည်။ "အကြိုဗိုလ်လုပွဲမှာ Roadရဲ့ပျက်ကွက်မှုက TTCအတွက် ကြီးမားတဲ့ရိုက်ခတ်မှုဖြစ်ပါတယ်ခင်မျာ။ ဒါပေမယ့် စိတ်မပူကြပါနဲ့။ ဒီတစ်ကြိမ်တော့ Moonက ပြောင်မြောက်တဲ့ကစားကွက်တွေနဲ့ သူ့အင်အားကို အသင်းဆီ ဖြန့်ဝေပေးနိုင်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်...."
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~