၂၀၂၁ခုနစ်အတွက် ဖလားဆုကို TTCက ဆွတ်ခူးရရှိသွားပြီးနောက် အလွန်တရာ စိတ်လှုပ်ရှားနေကြသည့် ပရိသတ်အုပ်စုကြီးမှာ ပြီးခဲ့သည့်တစ်ခေါက် MSIတုန်းကလို သိပ်မကြာခင် TTCအသင်းသားအားလုံး Livestreamလွှင့်ကြမည်အထင်ဖြင့် ကိုယ်စီကိုယ်စီ ပျော်ပျော်ကြီး စောင့်မျှော်နေကြသည်။
သို့ပေမယ့် တစ်ပတ်အကြာမှာလည်း ဘာမှဖြစ်မလာ။
ပရိသတ်အချို့က ငြိမ်ငြိမ်လေး ထိုင်မနေနိုင်တော့ဘဲ TTCတရားဝင်အကောင့်ဆီပြေးကာ မေးခွန်းထုတ်ကြတော့သည်။
[မင်းတို့အသင်းကလူတွေ တစ်နေ့တစ်နေ့ ပိုင်ဆိုင်မှုတွေကို ကြွားလုံးထုတ်တတ်လွန်းလို့ ပြန်ပေးဆွဲခံလိုက်ရပြီလား? အခုချိန်ထိ တစ်ယောက်မှ Liveမလွှင့်ကြသေးဘူး သောက်ရေးမပါလိုက်ပုံများ]
[ကျန်တဲ့သူတွေကိုထားဦး--ငါ့သားဆိုတဲ့ကောင်က Streamerလောကအတွက် စံပြပုဂ္ဂိုလ်လေ! သူ့ရဲ့တစ်ခုတည်းသောရည်မှန်းချက်က သူ့အဖေငါတို့ပိုက်ဆံအားလုံးကို အပြောင်သိမ်းနိုင်ဖို့ပဲ ဒါတောင် သူ့အတွက် နာမည်အကြီးဆုံးဖြစ်နေချိန်မှာ တစ်ပတ်လုံးလုံး Liveမလွှင့်ဘူးတဲ့ ဖြစ်သင့်ရဲ့လား?!]
[ရှောင်ပိုင်တစ်ယောက်လည်း အစရှာမရဘူးလို့ T-T တစ်နေ့တစ်နေ့ Pပေါင်ကို သူလိုက်ကပ်နေတာတွေ မြင်ချင်လှပြီ]
[ဒီက ငိုနေတဲ့တစ်ယောက်က Pineပရိသတ်ပါ။ ဒီအခြေအနေတွေအရဆို ငါ့ယောကျာ်းကို ပြန်မြင်ရဖို့ အနည်းဆုံး တစ်လလောက်စောင့်ရဦးမယ့်ပုံ]
[သူတို့တွေနားနေကြတာမလား? ဖိုင်နယ်အကြိုအင်တာဗျူးမှာ Byeပြောတာတော့ ပြိုင်ပွဲပြီးရင် သူ့မိဘတွေနဲ့အတူ ခရီးထွက်မလို့ဆို? သူBaseတောင်ပြန်ရောက်ပါဦးမလား…]
“ဟူး…အစားများသွားပြီ။ ဒီဆိုင်ကမဆိုးဘူးပဲ…ယွီစုန့်”
“ကျန်းယွီစုန့်?”
Pineက ပြန်သတိဝင်လာပြီး ဖုန်းကြည့်နေရာမှ ခေါင်းမော့လာကာ သူ့သူငယ်ချင်းကို လှမ်းကြည့်လိုက်သည်။
သူ့သူငယ်ချင်းဟောင်းတွေ သူ့ကို ညစာအတူစားဖို့ လှမ်းဖိတ်သည့်နေ့တွင်မှ သူက သူ့အိမ်ကနေ ရှန်ဟိုင်းကို ပြန်ရောက်လာခြင်းဖြစ်သည်။
“ငါတို့တွေဘားကိုသွားကြဦးမှာ မင်းရောလိုက်ချင်လား?” သူငယ်ချင်းက သူ့ပုခုံးကိုပုတ်လိုက်ပြီး “Maskတပ်ထားရင် မင်းကို မမှတ်မိပါဘူး”
Pineက လက်တစ်ဖက်ကို အိတ်ကပ်ထဲထည့်လျက် စီးကရက်တစ်လိပ်ကို နှုတ်ခမ်းတွင်ခဲထားသည်။ သူငြင်းတော့မည့်အချိန် ရုတ်တရက် သူ့ဖုန်းက အသံထမြည်လာသည်။
ဖုန်းခေါ်သူကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူက စီးကရက်ကိုဖယ်လိုက်ကာ ဖုန်းဖြေလိုက်သည်။
ရင်းနှီးကျွမ်းဝင်နေသည့် ကြွပ်ဆတ်ဆတ်အသံက ငြိမ်သက်နေသောညတာကို ထိုးဖောက်ထွက်ပေါ်လာ၏။ “ဝူးဝူးဝူးဝူး Pပေါင်--မြန်မြန်လေး ငါ့ကိုပြန်လာရွေးပါဦး!!!”
တစ်ညလုံး စကားသိပ်မပြောသလို မျက်နှာအမူအရာ ပြောင်းလဲခြင်းမရှိသည့် လူက ထိုအခိုက် မျက်ခုံးပင့်မိသွားသည်။ သူက ချက်ချင်း ပြန်ချလိုက်သည်ဆိုပေမယ့် သူ့သူငယ်ချင်းမှာတော့ ညမှောင်မှောင်ထဲ ပေါက်ကရတွေမြင်နေသည်ဟုပင် ထင်မိသွားသည်။
Pineက ပါးစပ်အပြည့်ဆေးလိပ်ငွေတွေကို ရှုထုတ်လိုက်ပြီး မေးလိုက်သည်။ “မင်းဘယ်မှာလဲ?”
ရှောင်ပိုင်က ကတ်ပစ်နေရင်း ရပ်သွားပြီး “မာကျောက်နဲ့ပိုကာကစားတဲ့နေရာမှာ လိပ်စာပို့ပေးလိုက်မယ်”
“ဘယ်သူတွေရှိသေးလဲ”
ရှောင်ပိုင် : “ငါ ကျန်းရုန် XIU ငါ့ကော”
Pineက စက္ကန့်ပိုင်းလောက် ရပ်တန့်သွားသည်။ “စိတ်တူကိုယ်တူညီအစ်ကိုတွေက ပိုက်ဆံဝေလည်း အတူတူပဲလား?”
“သောက်ရေးမပါတာ ငါကကံဆိုးနေရုံပဲ ငါ့ကတ်တိုင်းက မကောင်းတာတွေချည်း…” ရှောင်ပိုင်က ကတ်ကိုပစ်လိုက်ရင်း စောဒကတက်နေသည်။ “ငါ့ကောကဝင်မဆော့ဘူး ဒါပေမယ့် ငါ့ကတ်တွေကိုခိုးကြည့်ပြီး ကျန်းရုန်ကို သွားသွားပြောပြနေတယ်!”
လုပေါ်ယွမ်ကြားသွားတော့ သူက ကျန်းရုန်နောက်မှာ သူ့ထိုင်နေသည့်နေရာကနေ ရယ်နေလေသည်။ “ဘယ်သူ့ကိုအပုတ်ချနေတာလဲ? ငါတကယ်ချောင်းကြည့်ရင်တောင် မင်းကတ်တွေကိုမဟုတ်ဘူး မင်းစကေးလေးနဲ့…မင်းတို့နှစ်ယောက်ပေါင်း XIUကိုရှုံးနေတာ ဘယ်လောက်ရှိသွားပြီလဲ? အိတ်ထဲရောပိုက်ဆံကျန်ကြသေးလား?”
ကျန်းရုန်ကတော့ သူ့လက်ထဲကကတ်တွေကို တင်းတင်းဆုပ်လျက် သူ့မှာရှိနေသည့် ကတ်အစုတ်ပလုတ်တွေကြောင့် ခေါင်းကိုက်သည်အထိ စိတ်ဆိုးမာန်ဆိုး ဖြစ်နေလေသည်။ “ရှုံးတော့ဘာဖြစ်လဲ ကျွန်တော့်မှာပိုက်ဆံရှိတယ်”
XIUက အော်ရယ်လိုက်ပြီး ရှောင်ပိုင်၏ဖုန်းဆီ လှမ်းအော်ပြောလာသည်။ “ဒီမှာ မွဲတေနေတာ မင်းရဲ့Supportလေးတစ်ယောက်ပဲ ကျန်တော့တယ်ကွ။ သူ့အိတ်ထဲ အကြွေစေ့တောင်မကျန်တော့ဘူး ငါ့ဆီမှာလည်း ၂၈ယွမ်အကြွေးတင်နေသေးတယ်။ မြန်မြန်လာပြီး သူ့အတွက် အကြွေးလာဆပ်ဦး။ ငွေသားပဲလက်ခံတယ်နော်”
ကျွမ်းရိပိုင်ကိုပြန်သွားခေါ်ဖို့ရာ မာကျောက်နှင့်ပိုကာဆိုင်ဆီ Pineရောက်သွားသည့်အချိန် ကျွမ်းရိပိုင်၏အကြွေးက ၈၁ယွမ်နှင့် ပြား၄၀အထိ မြင့်တက်နေချေပြီ။
Pineက တံခါးဆွဲဖွင့်လိုက်သည့်ခဏ တစ်စုံတစ်ယောက်က သူ့ဆီ ပစ်ဝင်လာပြီး စိမ်းသက်မနေသည့် နှစ်လိုဖွယ် အဝတ်လျှော်ဆပ်ပြာရနံ့က သူ့နှာခေါင်းထဲ တိုးဝှေ့လာသည်။
ရှောင်ပိုင်က Pine၏လည်ပင်းကို သူ့လက်မောင်းတစ်ဖက်နှင့် ချိတ်တွယ်လာခြင်း။ သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးက အလိုလို လျော့ကျသွားလျက် Pineသာ ငုံ့ကြည့်လိုက်ပါက ရှောင်ပိုင်၏မျက်တောင်တွေကို မြင်နေရသည့် အနေအထား။
ကျွမ်းရိပိုင်၏မျက်တောင်တွေက ရှည်လျားသည့်အပြင် ထူထဲသည်ကြောင့် ပရိသတ်အများစုက ‘သမိုင်းဝင်မျက်တောင်များ’ ဟု ခေါ်တတ်ကြသေးသည်။
ငွေကြေးထောက်ပံ့သူရောက်လာတော့ ရှောင်ပိုင်က ရင်ကော့လျက် XIUဆီ ပြန်လှည့်ကြည့်လိုက်ပြီး “လာလာလာ ကျွန်တော့်ပေါင်ပေ့လေးရောက်လာပြီ ဘယ်လောက်အကြွေးတင်နေတာလဲ? ထုတ်သာပြောလိုက်!”
XIU : “ကွက်တိပဲထားပေးလိုက်မယ် ယွမ်၈၀”
Pineက အကြည့်ပြန်လွှဲလိုက်ပြီး ပိုက်ဆံအိတ်ကိုထုတ်ကာ တစ်ရာတန်ကိုရှာလိုက်သည်။ “အကြွေပြန်အမ်းစရာမလိုဘူး”
XIUက အားရဝမ်းသာ ဟီးဟီးဟားဟား လုပ်လိုက်ပြီး “ကျေးဇူးပါ သူဌေး!”
သူတို့တွေ ဆိုင်ထဲမှထွက်လာကြပြီးနောက် XIUက တက္ကဆီခေါ်ကာ တစ်ယောက်တည်း ပြန်သွားသည်။
အချိန်က ဒီဇင်ဘာလအစောပိုင်းဖြစ်ရာ ရှန်ဟိုင်းမြို့၏ညချမ်းလေက အရိုးစိမ့်မတတ် ချမ်းလွန်းလှသည်။
အနွေးထည်ထူထူကြီးနှင့် ရှောင်ပိုင်က သူ့လက်မောင်းကို Pine၏လက်မောင်းပေါ် ထပ်လိုက်ပြီး လုပေါ်ယွမ်ကို မေးလာသည်။ “ကော ကားဘယ်မှာရပ်ထားတာလဲ?”
လုပေါ်ယွမ် : “မင်းတို့ တက္ကဆီငှားပြီး အရင်ပြန်နှင့်လိုက်ပါလား”
ထိုစကားကြောင့် ခေါင်းငုံ့ကာ လုပေါ်ယွမ်၏အမေဆီ စာပြန်နေသည့် ကျန်းရုန်တစ်ယောက် မသိမသာ ခေါင်းမော့လာသည်။ ပြီးနောက် သူက လက်နှစ်ဖက်လုံးကို အိတ်ကပ်ထဲ ထည့်လိုက်သည်။
ချက်ချင်း ရှောင်ပိုင်က နားလည်သဘောပေါက်စွာဖြင့် မျက်ခုံးပင့်သွား၏။ “ဒါဆို…ကောတို့နှစ်ယောက် သာယာတဲ့ညချမ်းလေး ပိုင်ဆိုင်ဖို့ မျှော်လင့်ပါတယ်နော်”
ကျန်းရုန် : “…လစ်”
ရှောင်ပိုင်က ပုခုံးချင်းယှဥ်ကာ လျှောက်ထွက်သွားကြသည့် သူတို့အသင်းမှ Junglerနှင့် Mid Lanerအား ကြည့်နေလိုက်သည်။ သူက ပါးစပ်ထဲမှ အဖြူရောင်အငွေ့တွေကို မှုတ်ထုတ်လိုက်ပြီးနောက် ခေါင်းပြန်လှည့်လာတော့ Appတစ်ခုတွင် တက္ကစီခေါ်နေသည့် Pineကို တွေ့လိုက်ရသည်။ ခပ်မြန်မြန် သူလက်လှမ်းကာ Pine၏ဖုန်းထဲမှ တန်းစီထားသည့်နေရာကို ဖျက်ပစ်လိုက်စဥ် သူတို့နှစ်ယောက်၏လက်တွေက ခဏလောက် ထိမိသွားကြသည်။
Pineက ရှောင်ပိုင်ကို စိတ်ကြိုက်လုပ်ခွင့် ပေးထားပြီး သူက လှည့်သာ မေးလာသည်။ “ဘာဖြစ်လို့လဲ?”
“ခဏနေမှ ပြန်ကြရင်ရော?’ ရှောင်ပိုင်က သူ့ဗိုက်ကိုပွတ်လိုက်ပြီး “ငါဗိုက်ဆာနေလို့”
Pineက မျက်မှောင်ကျုံ့သွားပြီး “ခုဏကတုန်းကဆိုင်မှာ ဘာမှစားစရာမရှိဘူးလား?”
“ရှိပါတယ်” ရှောင်ပိုင်က ပွစိပွစိ ရေရွတ်လာသည်။ “ဒါပေမယ့် ကစားတဲ့နေရာမှာ အရမ်းအာရုံရောက်သွားတော့ တစ်လုတ်နှစ်လုတ်ပဲ စားလိုက်မိတယ်။ ပြီးတော့ အဲ့ဆိုင်က စားလို့လည်းမကောင်းဘူးလေ။ မင်းရောဗိုက်ဆာနေလား…သြော် မေ့သွားတယ် ဒီည မင်းသူငယ်ချင်းတွေနဲ့ အပြင်ထွက်စားထားတာမလား…ဒါဆို ပြန်ပဲပြန်ကြတာပေါ့။ ပြန်ရောက်တော့မှ အော်ဒါမှာစားလိုက်မယ်”
ရှောင်ပိုင်က ပြောနေရင်းဖြင့် Pine၏ဖုန်းဆီ လက်လှမ်းလာပြန်သည်။
အခုတစ်ခါတော့ Pineက သူ့လက်ကိုဖမ်းချုပ်လိုက်ပြီး နေရာရွှေ့သွားသည်။
Pineက Appထဲမှထွက်လိုက်ပြီး ပြောလာသည်။ “ဘာစားချင်တာလဲ”
ရှောင်ပိုင် : “မင်းစားပြီးပြီမဟုတ်ဘူးလား?”
“ဗိုက်မပြည့်သေးဘူး”
ရှောင်ပိုင်၏မျက်ဝန်းတွေက လခြမ်းသဖွယ် ကွေးညွတ်သွားတော့သည်။ “ဒါဆို ဒီကိုကိုက ဟိုဘက်လမ်းက ဂျပန်စားသောက်ဆိုင်မှာ လိုက်ကျွေးမယ်! အရမ်းအရသာရှိတာနော်!”
Pineက သူ့ကို ဒီအတိုင်း ဆက်ကြည့်နေပြီးမှ ပြန်ပြောလာသည်။ “ငါ့ဖင်ကို ကိုကိုလား မင်းအသက်ဘယ်လောက်ရှိပြီလဲ?”
ရှောင်ပိုင်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ပြော၏။ “ငါ့အသက်ဘယ်လောက်ဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မင်းထက် ငါက ၂နှစ်ကြီးနေဦးမှာပဲ”
Pineက ရယ်လိုက်ပြီး လှည့်ထွက်လာလိုက်သည်။ လူကူးမျဥ်းကြားဆီ သူလျှောက်သွားတော့မည့်အချိန် သူ့ညာဘက်လက်က ဖမ်းဆွဲခံလိုက်ရသည်။
ရှောင်ပိုင်က သူ့လက်ကို အတော်ကြာအောင် အိတ်ထဲထည့်ထားသည်မို့ သူ့လက်က Pine၏လက်ကိုထိသွားသည့်အခါ အနွေးဓါတ်ကို ခံစားရစေသည်။
Pineဘက်က ပြန်မတုံ့ပြန်နိုင်သေးခင် ရှောင်ပိုင်က လက်ကိုယှက်နွယ်လိုက်ပြီး Pine၏လက်ကိုပါ သူ့အိတ်ကပ်ထဲ ထည့်ထားလိုက်သည်။
“ခုဏတည်းကပြောချင်နေတာ--မင်းလက်တွေ ဘာလို့အရမ်းအေးနေတာလဲ?” ရှောင်ပိုင်က သူ့လက်ချောင်းတွေနှင့် Pine၏လက်ဖမိုးကို ပွတ်သပ်လိုက်ပြီး “မင်းလိုလူငယ်လေးက ကိုယ်တွင်းအပူချိန်မြင့်သင့်တာ မဟုတ်ဘူးလား?”
Pine၏လည်ချောင်းက လှုပ်ခတ်သွားသည်။ လမ်းမီးရောင်တွေအောက်တွင် ခက်ထန်သည့် သူ့မျက်နှာသွင်ပြင်က အနည်းငယ် နူးညံ့သွားသယောင်။ ညင်ညင်သာသာ သူ့လက်ကို ပြန်ဆွဲထုတ်ကြည့်ပေမယ့် အောင်မြင်မှုမရခဲ့။
ရှောင်ပိုင်က မီးပွိုင့်ကို ကြည့်လိုက်ပြီးနောက် “အာ”ဟု အသံထွက်လာကာ Pineကို ဆွဲခေါ်သွားသည်။ “မြန်မြန် မီးစိမ်းနေပြီ!”
ဂျပန်စားသောက်ဆိုင်ထဲမှာ အပူပေးစက်ဖွင့်ပေးထားသည်ဖြစ်ရာ သူတို့နှစ်ယောက်လုံး အနွေးထည်တွေကိုချွတ်ကာ သီးသန့်ခန်းထဲရှိ ဗီဒိုထဲတွင် ချိတ်ထားကြသည်။
ရှောင်ပိုင်က ကြမ်းပြင်ပေါ်တွင် တင်ပျဥ်ခွေလျက် ထိုင်နေသည်။ ဆာရှီမီတစ်ခုကို မြိုချပြီးတော့မှ သူ့ပုံစံက အပြည့်အဝ အသက်ပြန်ရှင်လာပုံရသည်။ “ဘာဖြစ်လို့ ဒီတစ်ခေါက် ခဏပဲ အိမ်ပြန်တာလဲ?”
Pineက သူ့လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး တည်တည်ငြိမ်ငြိမ်သာ ပြောပြလာသည်။ “မင်းစိတ်အနှောင့်အယှက်ပေးလွန်းလို့”
သူ အိမ်ကို သုံးရက်ပြန်ဖြစ်သည်။ ထိုကာလအတွင်း ကျွမ်းရိပိုင်က တစ်နေ့ကို သုံးကြိမ်တိတိ ဖုန်းဆက်တတ်သည်။ မနက်ခင်းတွင် အိပ်ရာထပြီလားဟု ဖုန်းဆက်ကာ နေ့ခင်းဘက်တွင် နေ့လည်စာစားပြီးပြီလားဟု ဖုန်းဆက်ပြန်သလို ညဘက်တွင်လည်း ဂိမ်းဆော့ဖို့အချိန်ရှိလား ဖုန်းဆက်မေးပြန်သည်။
သို့ဖြစ်ရာ မနေ့ညက သူ့မိဘတွေကို သူတို့မွေးရပ်မြေယူနန်ဆီ လေယာဥ်တင်ပေးပြီးသည်နှင့် သူ့အတွက် ရှန်ဟိုင်းသို့ လက်မှတ်ဝယ်ကာ ပြန်လာလိုက်တော့သည်။
“ငါအနှောင့်အယှက်ပေးလို့ မင်းပြန်လာတယ်ဆိုတာသာ ငါစောစောသိရင် တစ်နေ့ကို ခုနစ်ခါလောက် ဖုန်းဆက်ပါတယ်။ ငါတစ်ယောက်တည်း Baseမှာနေရတာ ပျင်းသေတော့မလို့။ ငါ့မိဘတွေကလည်း အရမ်းလွန်တာပဲ ဒီလိုအဖိုးတန်အမျိုးမှန်သားလေးကိုတော့ သူတို့နဲ့ခေါ်မသွားဘဲ အာကျယ်အာကျယ် အသက်ကြီးကြီး ခရီးသွားအုပ်စုနဲ့ သွားကြတယ်တဲ့…အဟွတ် အဟွတ် အဟွတ်…သေစမ်း…”
ရှောင်ပိုင်တစ်ယောက် စကားမဆုံးသေးခင် ဝါဆာဘီကြောင့် မညှာမတာ သီးသွားကာ သူ့လက်ဖမိုးနှင့် ပါးစပ်ကိုကာလျက် အပြင်းအထန် ချောင်းဆိုးနေရင်း ခပ်မြန်မြန် ခွက်ထဲသို့ လက်ဖက်ရည်တွေ ငှဲ့ပြီးတော့မှ လက်ဖက်ရည်အိုးထဲရှိ ရေတွေက သောက်မရအောင်ပူနေမှန်း သိလိုက်ရသည်။
သူ အလိုလို Pineဆီ လက်ဖြန့်ပြမိတော့ အေးနေပြီဖြစ်သည့် လက်ဖက်ရည်တစ်ခွက်က သူ့လက်ထဲ ရောက်ရှိလာသည်။
Pineက ရှောင်ပိုင့်ကို တစ်စုံတစ်ခု သတိပေးတော့မည်အပြု သူ့မျက်နှာချင်းဆိုင်မှ ရှောင်ပိုင်က ခွက်၏မည်းနက်ကာ စိုစွတ်နေသောနေရာကို ပါးစပ်နှင့်ထိလိုက်ကာ လက်ဖက်ရည်အားလုံးကို တစ်ကျိုက်တည်း မော့ချပစ်လိုက်သည်။
ချောင်းဆိုးလိုက်ရသဖြင့် ရှောင်ပိုင့်မျက်လုံးတွေက နီရဲနေသည်။ ပြန်အဆင်ပြေသွားသည်နှင့် သူက ခေါင်းမော့ကာ မျက်ရည်ဝဲဝဲဖြင့် တိုင်တန်းလာသည်။ “Pပေါင် ဒီဆိုင်က LoLရဲ့ကမ္ဘာ့ဖလားချန်ပီယံကို အဆုံးစီရင်ချင်နေတယ်”
Pine : “.”
Pineက ခွက်ထဲ လက်ဖက်ရည်ကို ထပ်ဖြည့်လိုက်ပြန်သည်။ “မင်းကအရူးလား? စားတာတောင် လမ်းကြောင်းလွဲပြီး မြိုချရအောင်?”
“မင်းရဲ့အဖိုးတန်Supportလေးကို ဒီလိုမျိုးပြောသင့်တယ်ထင်လား?” ရှောင်ပိုင်က ခွက်ပြန်ပေးလိုက်ပြီး “ဘာလို့ဘာမှမစားတာလဲ?”
ဗိုက်ပြည့်နေပြီမလို့လေ။
Pineက သူတို့နှစ်ယောက်ရှေ့မှ ဆာရှီမီပန်းကန်ကို အတော်ကြာကြာ ကြည့်နေပြီးမှ တူကိုလှုပ်ရှားလိုက်ကာ အသေးဆုံးတစ်ဖတ်ကို ကောက်ယူလိုက်သည်။
ကျေနပ်စွာဖြင့် ရှောင်ပိုင်က အဝကြိတ်တော့မည့်အချိန် စားပွဲပေါ်ရှိ သူ့ဖုန်းက ထမြည်ပြန်သည်။
ရှောင်ပိုင်က ခေါ်ဆိုသူနာမည်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖုန်းကိုင်လိုက်ကာ စပီကာပါ ဖွင့်ထားလိုက်သည်။
“မား”
မာမားကျွမ်းက မေးလာသည်။ “အခုဘာလုပ်နေလဲ?”
“ညစာစားနေတယ်”
မာမားကျွမ်းက “အိုက်ယိုး”ဟု အသံထွက်လာပြီး “ပြန်လာမှဆက်စား သား မြန်မြန်လေး လေယာဥ်ကွင်းဆီ သွားမှရမယ်”
ရှောင်ပိုင် : “မား ဘာကောင်ကြီးနဲ့ယှဥ်ယှဥ် အစားအသောက်က အရေးအကြီးဆုံးပဲ…”
“ပေါက်ကရတွေမပြောစမ်းနဲ့” မာမားကျွမ်းက ပြောလာ၏။ “ကောင်မလေးရဲ့လေယာဥ်က ရှန်ဟိုင်းမှာ ဆိုက်တော့မှာ။ အခုသွားရင် အချိန်မှီသေးတယ်!”
Pineက ဝါးနေရာမှ အရှိန်လျော့သွားသည်။
ရှောင်ပိုင်သည်လည်း လန့်ဖျန့်သွားပြီး “ဘာကြီး?”
“မားပြောတာ နှစ်သစ်ကူးတုန်းက မားတို့မိတ်ဆက်ပေးထားတဲ့ ဦးလေးလီရဲ့သမီးလေ--”
“အဲဒီဘလိုင်းဒိတ်လား?” ရှောင်ပိုင်က မျက်မှောင်ကျုံ့သွားပြီး “မား သားနဲ့သူနဲ့ Wechatမှာ အားလုံးပြောပြီးသား။ သားတို့နှစ်ယောက်က မသင့်တော်ဘူး…”
“Wechatကနေ ဘာများပြောလို့ရမှာလဲ?” မာမားကျွမ်းက ရာဇသံထုတ်လာသည်။ “ဘာပဲဖြစ်ဖြစ် သူ့ကို သားသွားကြိုမယ်လို့ ဦးလေးလီကို ပြောပြီးသွားပြီ။ သားမသွားရင် ကောင်မလေးက အဲဒီအတိုင်းပဲ တစ်ယောက်တည်း ထိုင်စောင့်နေရတော့မှာ”
ဖုန်းကျသွားသည့်နောက် ရှောင်ပိုင်မှာ စိတ်ညစ်ညစ်နှင့် သက်ပြင်းချလိုက်မိသည်။
“ဘလိုင်းဒိတ်လား?”
ရှောင်ပိုင်က ခေါင်းမော့လာတော့ Pine၏မျက်ဝန်းတွေနှင့် သွားဆုံသည်။ “အာ…မင်းကိုမပြောပြရသေးဘူးလား?
“ငါ့မားကို လမ်းပေါ်ကအောင်သွယ်တော်တွေ ဘာပြောလိုက်လဲမသိဘူး နှစ်အစကတည်းက အတင်းဘလိုင်းဒိတ်သွားခိုင်းနေတာ…ကောင်မလေးကတော့ ပြောရဆိုရလွယ်ပါတယ်။ အချိန်တစ်ခုအထိ ချစ်သူမထားချင်သေးဘူးလို့ ငါပြောလိုက်တာနဲ့ ငါ့ကိုထပ်လာမရှာတော့ဘူး ဒီလောက်နဲ့ပြီးသွားပြီထင်တာ…”
Pineက မရည်ရွယ်ပါဘဲ ခွက်ကို သူ့လက်ချောင်းတွေနှင့် ထိလိုက်သည်။ “ဘယ်လိုပုံစံလဲ”
“မမြင်ဖူးသေးဘူး Wechatမှာလည်း Momentကို ငါကြည့်လို့ရအောင် ဖွင့်မထားဘူးလေ။ မားကတော့ သူ့ဓါတ်ပုံနှစ်ပုံသုံးပုံပြဖူးတယ် တော်တော်လေးလှပါတယ်” ရှောင်ပိုင်က ခေါင်းတစ်ခါခါနှင့် သက်ပြင်းချလိုက်၏။ “ကံမကောင်းစွာနဲ့ပဲ အဲဒီအချိန်တုန်းက နောက်အနှစ်၃၀လောက်အထိ LPLမှာပဲ ဆက်ရှိနေဖို့ အစီအစဥ်ဆွဲနေတာ…”
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~