(Unicode)
XIUကတော့ ကျန်းရုန် တစ်လုံးဆိုတစ်လုံးမှ နားမလည်နိုင်သည့်သီချင်းကို ဆက်ဆိုနေဆဲ။
တင်းကောကိုအဆင်သင့်စာပြန်နိုင်အောင် တစ်ချိန်လုံး လက်ထဲကိုင်ထားသည့်ဖုန်းမှာလည်း နောက်ထပ်အားနည်းနည်းသာထပ်ထည့်ပါက နှစ်ခြမ်းကွဲသွားတော့မည့်အလား။
-ငါတော့ဖော်ထုတ်ခံလိုက်ရပြီ။
ထိုအတွေးပေါ်ထွက်လာသည့်အခိုက် ကျန်းရုန်မှာ ကိုယ်တိုင်ပင် ထိတ်လန့်သွားသည်။
XIU၏ ဘေးအခန်းကပင်ကြားနိုင်ပြီး ဓါးတရမ်းရမ်းအလုပ်ခံရနိုင်သော “ဖုတ် ဖုတ် ဖုတ် ဖုတ်လိုက် ဖုတ်လိုက်” ဆိုသည့် အသံကျယ်ကြီးကို ထပ်ကြားလိုက်ရမှပင် ကျန်းရုန် အတွေးနွံထဲက ထွက်လာနိုင်တော့သည်။
ကျန်းရုန် မေးကြည့်လိုက်သည်။
“….ဘာလို့မေးတာလဲ”
ကျန်းရုန်၏မလုံမလဲစိတ်တို့က အထွတ်အထိပ်ကိုရောက်ရှိနေပြီဖြစ်ရာ စကားပြောနေရင်း ဆက်တိုက်ဆိုသလို မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်နေမိသည်။
လုပေါ်ယွမ်က သူပြောသည်ကိုမကြားပေ။ သူက ကျန်းရုန်ဘက်ကို ခေါင်းနည်းနည်းတိုးလာပြီး နောက်တစ်ခေါက်ပြန်ပြောရန် ညွှန်ပြလာသည်။
လုပေါ်ယွမ်ဆီမှယမကာအနံ့က ကျန်းရုန်ကို ရိုက်ခတ်နေလျက် ဆေးလိပ်အနံ့ကပါ ရောယှက်လာတော့ ရင်ခုန်စေသည့်ရနံ့အဖြစ်သို့ ကူးပြောင်းသွားတော့သည်။
ကျန်းရုန် လုံးလုံးလျားလျား အေးခဲသွားပြီး မလှုပ်ရှားနိုင်တော့။
“ကျွန်တော်ပြောတာ…..ဘာလို့မေးတာလဲလို့။ ဟို ဟိုဟာ….တင်းကောမှတ်တမ်းတင်ဖို့ လိုလို့လား? ကျွန်တော် အစောကြီးရည်စားထားမှာ စိုးလို့လေ?”
သူပြောပြီးသွားသည့်နောက် လုပေါ်ယွမ်၏သြရှပြီးတိုးလျသော ခပ်ဟဟရယ်သံက XIU၏ကီးလွဲနေသည့်Rapရွတ်သံကို ဖိနှိပ်ကျော်ဖြတ်ပြီး ကျန်းရုန်၏နားထဲသို့ ရောက်ရှိလာသည်။
ထိုနီးကပ်နေသည့်အကွာအဝေးကို ဆက်လက်ထိန်းသိမ်းထားလျက် လုပေါ်ယွမ်က မျက်နှာမော့လိုက်ကာ ကျန်းရုန်၏နားနားသို့ ကပ်ပြောလာခဲ့သည်။
“သိချင်တဲ့သူကကိုယ်ပါ”
သူကဆက်ပြောလာသည်။
“မင်းက၁၈နှစ်ပြည့်ပြီးသွားပြီလေ။ အစောကြီးရည်းစားထားတယ်လို့ ပြောလို့မရတော့ဘူး”
ခွက်ခနဲ ကျန်းရုန်၏ဦးနှောက်မှာ ကျကွဲသွားပေမယ့် သူ့Livestreamမှအုပ်စုကိုတော့ ကျိန်ဆဲရန် မမေ့ခဲ့ပါချေ။ “သားလေးမင်းကငယ်သေးတယ် အစောကြီးရည်းစားမထားနဲ့နော် ဘဝတက်လမ်းကိုထိခိုက်မယ်ကွ” စသဖြင့် သူ့ကို အမျိုးအမျိုးအဖုံဖုံ ဦးနှောက်ဆေးနေကြသည်များကြောင့် ဒီလိုအဖြစ်အပျက်မျိုး ဖြစ်လာရသည်မလား။
ကျန်းရုန်က ရုပ်ရည်ပုံစံကြောင့် မကြာခဏဆိုသလို “လိင်တူကြိုက်သူ”ဟု အခေါ်ခံရတတ်ပြီး အခေါ်ခံရချိန်တိုင်း “ငါကမင်းအဖေလေ”ဟု မဆိုင်းမတွ ပြန်ပြောပေးတတ်သူပင်။
သို့သော်လည်း အခုချိန်မှာတော့ အငြင်းစကားတစ်ခွန်းမှ မဆိုနိုင်သလို ဆောက်တည်ရာမရပင် ဖြစ်နေသေးသည်။ ‘ရင်မခုန်ကြေးဗီဒီယို’ကို ကြည့်ချိန်တုန်းက လုပေါ်ယွမ်ကိုခိုးကြည့်နေသည်အား လက်ပူးလက်ကြပ်မိတုန်းကလို ခံစားချက်မျိုးက တစ်ကျော့ပြန်ပေါ်လာပေသည်။
အဲဒီအချိန်တုန်းက ခိုးကြည့်မိတာကို လူမိသွားခြင်းဖြစ်သည်။
ဒီတစ်ခေါက်ကတော့ ဘယ်လိုပြောရမလဲ? ဒီတစ်ကြိမ်မှာတော့ သူဘာမှမလုပ်မိပေမယ့် လုပေါ်ယွမ်ကသူ့ကို ကော်လာကနေဖမ်းကိုင်ထားသလို ခံစားနေရသည်…..
လုပေါ်ယွမ်က သူ့လက်ထဲမှခွက်ကို စားပွဲပေါ်ချလိုက်သည်။ ဒီအပြုအမူက အလွန်အမင်းကို သာမန်ဆန်သော်လည်း လိပ်ပြာမလုံသည့်သူ၏ မျက်လုံးထဲမှာတော့ သူ့ကို မြန်မြန်ပြောရန် တွန်းအားပေးနေသလို ထင်မြင်သွားသည်။
ရလဒ်ကတော့ ကျန်းရုန်မှာ ပို၍ပင်ပျာယာခတ်လာပြီး အရှင်းအပ်စပ်မှုမရှိသော မဆီမဆိုင်စကားတွေကို ပြောချလိုက်လေသည်။
“ဘာလို့မေးတာလဲ? ဂေးတွေအပေါ်ခွဲခြားဆက်ဆံတာလား?”
နှစ်စက္ကန့်လောက်ကြာသွားပြီးမှ ကျန်းရုန် တစ်ကိုယ်တည်း တွေးလိုက်မိသည်။
// ဘယ်လိုပေါက်တတ်ကရအဓိပ္ပါယ်မရှိတဲ့မေးခွန်းမျိုးကို မေးလိုက်မိပါလိမ့်။ အပြစ်ဒဏ်အနေနဲ့ ကိုယ့်ဘာသာ သုံးချက်ရိုက်လိုက်ပါ့မယ် //
လုပေါ်ယွမ်၏ အနည်းငယ်ကြောင်အမ်းသွားပုံကို မြင်လိုက်ရတော့ ဒီပြဿနာကိုဖြေရှင်းဖို့ သုံးချက်ကပင် မလုံလောက်သေးဘူးဟု ကျန်းရုန် ခံစားလိုက်ရသည်။
လုပေါ်ယွမ်က ခဏလောက် အံ့အားသင့်သွားခဲ့သည်မှာ မှန်သော်လည်း သူက အလျင်အမြန်ပင် အမူအရာကို ပြန်ထိန်းချုပ်လိုက်သည်။
သူကပြောလာသည်။
“ကိုယ့်ဘာသာပြန်ခွဲခြားဆက်ဆံရမှာလား?”
ကျန်းရုန် : “……………………”
နေဦး နေဦး
သူပြောတာကိုသေချာမကြားလိုက်သလိုပဲ
သေချာပေါက်နားကြားလွဲတာနေမယ် မဟုတ်မှ တစ်ခုခုနားလည်မှုလွဲတာများလား
ကျန်းရုန် တိုးတိုးလေး ပြန်မေးကြည့်လိုက်သည်။
“…..ဘာပြောလိုက်တာ?”
ကျန်းရုန်၏စကားသံတိုးတိုးမှာ XIU၏အသံအောက်တွင် ပျောက်ပျောက်သွားပြီး လုပေါ်ယွမ်ပင် မျက်မှောင်ကျုံ့လာတော့သည်။
ကျန်းရုန်လည်း အသံကိုပိုကျယ်လိုက်ပြီး ထပ်မေးလိုက်သည်။
“ခုဏကဘာပြောလိုက်တာ…..”
သူစကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် သီချင်းသံကလည်းပိတ်သွားပြီး ကျန်းရုန်နှင့်သိပ်မဝေးသည့်နေရာမှ ကောင်မလေးတစ်ယောက်က ကွက်တိဆိုသလို မိုက်ခ်ကိုဖွင့်လိုက်သည်။
“ခုဏက….
ဘာပြော….
ပြော…..”
ကျန်းရုန်၏အသံမှာ သီးသန့်အခန်းထဲ ပဲ့တင်ထပ်သွားလေသည်။
အခန်းထဲရှိလူတိုင်းက သူ့ကိုလှမ်းကြည့်လာကြသည်။ ကျန်းရုန်မှာ လုပေါ်ယွမ်၏ဘေးတစ်စောင်းပုံရိပ်ကို ငေးကြည့်နေရင်း ဒီKTVကပြန်သည်နှင့် ဟွမ်ဖူမြစ်ဆီ တက်စီငှားကာ သွားတော့မည်ဟု ဆုံးဖြတ်လိုက်တော့သည်။
ခွင့်ပြုချက်မရှိဘဲ သီချင်းကိုပိတ်လိုက်သည့်UUက ပထမဦးဆုံး ဣန္ဒြေပြန်ဆည်သွားသူပင်။ သူက မိုက်ခ်Standဘေးနားကသူကို လှမ်းဆဲလိုက်သည်။
“သူများတွေနားလည်နိုင်မယ့်သီချင်းပဲ ဆိုလို့မရဘူးလား?”
XIUကမိုက်ခ်ကိုကိုင်ထားလျက်ဖြင့်
“….မင်းဘာသိလို့လဲ။ ဒါကိုhip hopလို့ခေါ်တယ်ကွ!!!”
“ဘာတွေစောက်ရမ်းhypeနေတာလဲ။ သူများတွေRapရွတ်ရင် အဲ့တာhip hop မင်းဟာကစာကျက်နေတဲ့အတိုင်းပဲ။ အသံထွက်တောင်လွဲနေပြီးတော့”
XIUက ပွစိပွစိပြောရင်း မိုက်ခ်ကိုချသွားသည်။ သိပ်မကြာခင်မှာပဲ ခပ်အေးအေးသီချင်းတစ်ပုဒ်ကို ပြောင်းဖွင့်လိုက်ပြီး လူတိုင်းမှာ အခုမှပင် နားဒုက္ခဘေးမှ လွတ်မြောက်သွားတော့သည်။
ထိုလူတိုင်းဆိုသည့်အထဲတွင် ကျန်းရုန်တော့မပါချေ။
အခုအချိန်တွင် တစ်ယောက်ယောက်သာ သူ့နားရွက်ကြားထဲသို့ စီးကရက်တစ်လိပ် လာထားပါက မီးထတောက်လောက်မည့် အနေအထားသို့ ရောက်နေပေသည်။
XIUက သူတို့ဆီလျှောက်လာရင်း UUကိုပါ လည်ပင်းဖက်လျက် ဆွဲခေါ်လာသည်။ ပါးစပ်ကလည်း မကျေမနပ်နှင့် တစ်ဗျစ်တောက်တောက်ပြောနေဆဲ။
“ခွေးသား ငါသတိထားမိတာကြာပြီ။ မင်းနဲ့တွေ့တိုင်း သီချင်းလည်းကောင်းကောင်းမဆိုရ စကားလည်းကောင်းကောင်းမပြောရနဲ့။ ဒီညမင်းကိုအသေမူးအောင်မတိုက်နိုင်ရင် နောက်ထပ်လာမယ့်ငါ့ပြိုင်ပွဲမှာ အာရုံစိုက်နိုင်မှာမဟုတ်ဘူး”
XIUနှင့်UUတို့နှစ်ယောက် သူတို့ဆီရောက်မလာခင် လုပေါ်ယွမ်က အစောပိုင်းကစကားလုံးတွေကို ပိုပြီးတိကျပြတ်သားစွာဖြင့် ထပ်ပြောလာခဲ့သည်။
“ကိုယ်ယောကျာ်းတွေကိုကြိုက်တယ်လို့ပြောတာ”
သူကဆက်ပြောသည်။
“အခုချိန်မှာပေါ့”
ကျန်းရုန်တစ်ယောက် အံ့သြမှင်သပ်နေရာမှ ပြန်ရုန်းမထွက်နိုင်သေးခင် XIUက လုပေါ်ယွမ်ဘေးရှိ ထိုင်ခုံပုလေးပေါ်တွင် ထိုင်ချလိုက်သည်။
XIUကအရက်တစ်ခွက်ငှဲ့လိုက်ပြီး
“ခုဏကတုန်းက ငါဟိုကနေလှမ်းကြည့်တော့ မင်းတို့နှစ်ယောက်နမ်းနေတယ်ထင်သွားတာ”
ကျန်းရုန် : “………..”
UU : “?”
လုပေါ်ယွမ်က နဂိုပုံစံအတိုင်း ကိုယ်ကိုနောက်ပြန်ဆုတ်သွားသည်။
သို့သော်လည်း တစ်ယောက်နှင့်တစ်ယောက် အလွန်နီးနေဆဲဟု ကျန်းရုန်ခံစားနေရသည်။ သူ့ရင်ခုန်သံတွေကို လုပေါ်ယွမ်ကြားသွားမှာစိုးသည်ကြောင့် သူ့ရင်ဘတ်ပေါ်ရှိကုတ်ကိုပါ အလိုအလျောက် ဆွဲစိနေမိလေသည်။
UUကလှမ်းစ,သည်။
“ရူးနေလား။ ယောကျာ်းကြီးနှစ်ယောက်က ဘယ်လိုနမ်းမှာလဲ?”
တစ်စုံတစ်ရာအား မတော်တဆ ထုတ်ပြောမိသည်ကို နားလည်သွားသည်နှင့် XIUက လည်ချောင်းရှင်းလိုက်ပြီး
“ဘာလို့နမ်းမရမှာလဲ? မင်းကဘိုးတော်ဘုရားခေတ်ကလူလား? ကိတ်ကလည်းဘာလို့မရောက်သေးပါလိမ့် စောင့်နေရတာတစ်သက်လောက်ရှိပြီ”
“ဧည့်သည်များတဲ့ပိတ်ရက်လေကွာ။ ဝိတ်တာလာဖို့တောင်မနည်းစောင့်လိုက်ရတာ။ နည်းနည်းစောင့်လိုက်ဦး။ ဘာတွေလောနေတာလဲ?”
UUက လုပေါ်ယွမ်၏နောက်ကလူကို ပြုံးပြလာသည်။
“Soft ကိုယ့်ကိုကိုယ်ထိန်းမထားနဲ့။ အရက်မသောက်နိုင်ရင် သီချင်းဆိုလေ။ သွား သီချင်းတစ်ပုဒ်သွားရွေး တန်းစီစရာမလိုဘူး”
အခန်းထဲကအလင်းရောင်က မှုန်ပျပျဖြစ်နေ၍သာ တော်တော့သည်။
ကျန်းရုန် ခေါင်းငုံ့ကာ မျက်နှာကိုဝှက်ထားရင်း ဝိုးတဝါး ပြန်ဖြေလိုက်၏။
“တော်ပြီ သီချင်းမဆိုတတ်ဘူး”
UUက မျက်ခုံးပင့်သွားသည်။
“မင်းstreamerမဟုတ်ဘူးလား? သီချင်းမဆိုတတ်ဘူးပေါ့?”
“သူ့Livestreamမှာက ပရိသတ်ပိုများအောင် သီချင်းဆိုပြစရာမှမလိုတာ”
XIUကUUခွက်ထဲကို အရက်အပြည့်ငှဲ့ပေးလိုက်ပြီး
“လျှောက်မွှေမနေနဲ့တော့။ သောက်စရာရှိသောက်”
လုပေါ်ယွမ်၏ခွက်သည်လည်း အပြည့်ဖြည့်ခံလိုက်ရသည်။ သူက ဘာမှမပြောဘဲ ခွက်ကိုကိုင်လိုက်ကာ XIU၏ခွက်နှင့် တိုက်လိုက်သည်။
ခေါင်းငုံ့လျက်သားနှင့်ပင် ကျန်းရုန် အလျင်အမြန် စိတ်ပြန်ငြိမ်သွားသည်။
လုပေါ်ယွမ်သာ ယောကျာ်းတွေကိုကြိုက်တယ်ဆို…...ဘယ်သူ့ကိုကြိုက်တာလဲ။
စစချင်းမှာတော့ ကျန်းရုန် သူကိုယ်တိုင်ဟု ထင်သွားသည်။
သို့သော်လည်း ဆိုဖာပေါ်မှီကာ စကားတွေမလိုအပ်ဘဲ တစ်ယောက်နှင့်တစ်ယောက် အထာနပ်စွာဖြင့် XIUနှင့်ခွက်ချင်းတိုက်နေသော လုပေါ်ယွမ်ကို မြင်ပြီးသည့်နောက်….သူအတွေးလွန်နေသလို ခံစားလိုက်ရသည်။
သူတို့လောက၏အားလုံးနီးပါးက ယောကျာ်းလေးတွေဖြစ်သည်။ အသစ်ဝင်လာသူတွေ၊ သင်တန်းသားတွေသာမက သူတို့အသင်း၏အစားထိုးJunglerသည်ပင် လုပေါ်ယွမ်၏ပရိသတ်ပင်။ LPL၏ နာမည်ကြီးကစားသမားတွေနှင့်လည်း လုပေါ်ယွမ်က ရင်းနှီးပြီး သူနှင့်တွဲဖက်ကစားချင်သည့် အနုပညာရှင်တစ်ချို့ပင် ရှိသည်။
သူတို့တွေထဲကမည်သူ့ကိုမဆို လုပေါ်ယွမ် သဘောကျနိုင်သည်။
ပြီးတော့ အရက်တွေလည်းသောက်ထားပြီး မူးနေပုံလည်းရတာမို့ ရုတ်တရက် ကျန်းရုန်ဆီ သူ့လိင်တိမ်းညွှတ်မှုကို ဖွင့်ပြောမိသွားသည်က မထူးဆန်းပေ။
ကျန်းရုန်၏နှလုံးခုန်သံတွေက မြန်နေဆဲဆိုပေမယ့် သူ့အမူအရာကတော့ ပြန်လည်တည်ငြိမ်သွားချေပြီ။ လုပေါ်ယွမ်က XIUနှင့်စကားပြောနေသည့်အချက်ကို အခွင့်ကောင်းယူလိုက်ပြီး မျက်နှာကို ပွတ်သပ်လိုက်သည်။
XIUက စကားလမ်းကြောင်းဦးတည်ရာကို ပြောင်းသွားသည်။
“သြော် ဟုတ်သား….ပြီးခဲ့တဲ့အပတ်က ငါတို့ပြိုင်ပွဲပြီးသွားတော့ Saviorက မင်းရဲ့Mid Lanerအကြောင်း တောက်လျှောက်ပြောနေတာ”
သူ့အသံကမကျယ်ပေ။ သို့သော် လက်ရှိဖွင့်ထားသည့်သီချင်းက တိုးဖျော့ဖျော့မို့ ကျန်းရုန် သူပြောသည်ကို ကြားနိုင်သေးသည်။
လေးလေးနက်နက် ဆင်ခြင်သုံးသပ်မှုတွေကြားတွင် ကျန်းရုန် သူ့စကားတွေကို နားမထောင်အားသည်မို့ XIUက ‘မင်းရဲ့Mid Laner’ဟု ရွေးချယ်သုံးနှုန်းလိုက်သည်အား မကြားလိုက်ရှာပေ။
လုပေါ်ယွမ်က သူ့အရက်ခွက်မှ တစ်ငုံသောက်လိုက်သည်။
“ဘာတွေပြောတာလဲ?”
“နောက်တစ်ခေါက်ကျရင် ကျန်းရုန်ကို Midမှာသေချာပေါက်နိုင်မယ်လို့ ပြောနေတာပဲ”
XIUကတော့ ကျန်းရုန်ဆီမှ သရော်သံတွေကို လက်ခံရရှိဖို့ ကြိုတင်ပြင်ဆင်ပြီးသွားချေပြီ။ သို့သော်လည်း သူမမျှော်လင့်ထားသည်က သူတို့စကားဝိုင်းမှအဓိကဇာတ်ဆောင်မှာ စိတ်နှင့်ကိုယ်နှင့်မကပ်ဘဲ အဝေးကိုငေးကြောင်ကြောင်ကြည့်နေပြီး ယုတ်စွအဆုံး နှာမှုတ်သံလေးတစ်ချက်ပင် ပေးမလာခဲ့။
“စိတ်ကူးယဥ်နေပြန်ပြီ”
XIUက အံ့အားသင့်သွားပြီး လုပေါ်ယွမ်ကို ကြည့်လာသည်။
“ဘာပြောတာ?”
အခန်းတံခါးကပွင့်သွားသည်။ဘောလုံးနှစ်လုံးချည်ထားသည့် တွန်းလှည်းပေါ်တွင် ကိတ်မုန့်ကိုတင်ထားပြီး ဝန်ထမ်းတစ်ယောက်က တွန်းလှည်းကိုတွန်းကာဖြင့် ဝင်လာသည်။
“Playoffsထိစောင့်လိုက်ဦး”
လုပေါ်ယွမ်က သူ့ကိုပုခုံးပုတ်လိုက်ပြီး
“ဖယောင်းတိုင်သွားမှုတ်လို့ရပြီ”
XIU : “…….”
သောက်ကျိုးနည်း။ မသိရင် ပုခုံးပုတ်လိုက်ပုံက ‘သားကြီး မင်းရဲ့နောက်ဆုံးခရီးမတိုင်ခင် ဒါနောက်ဆုံးကျွေးနိုင်တဲ့တစ်နပ်ကွာ’လို့ ပြောနေသလိုပဲ။
ဖယောင်းတိုင်တွေကိုမှုတ်ပြီးနောက် ကျန်းရုန်လည်း ကိတ်တစ်ပိုင်းရလိုက်သည်။ ခရင်မ်ပေါ်က ချယ်ရီသီးလေးကိုစားလိုက်ပြီး ကျန်သည့်ကိတ်ကိုတော့ လုံးဝမထိပါချေ။
လုပေါ်ယွမ်နှင့်UUတို့ပြောနေသမျှ အတိတ်အကြောင်းတွေကိုသာ ငြိမ်နားထောင်နေပြီး သတင်းအသစ်တွေကို မှတ်သားနေလိုက်သည်။
အခန်းတစ်ခုလုံးက အနားယူထားသည့်ကစားသမားတွေနှင့် ပြည့်နှက်နေကာ လုပေါ်ယွမ်နှင့်XIUကလွဲလျှင် အခြားသူများက အနားယူသွားကြပြီပင်။ သူတို့တွေက ပြိုင်ပွဲနယ်ပယ်ကိုမရောက်ခင်ကတည်းက သိလာကြသူတွေဖြစ်ပြီး တရားမဝင်အင်တာနက်ဆိုင်တွေမှာ အတူတူကစားလာကြသူများ ဖြစ်သည်။ ထိုအချိန်တုန်းက လုပေါ်ယွမ်နှင့်သူ့အဖေက ပြဿနာတတ်နေသည်ကြောင့် လုပေါ်ယွမ်က အင်တာနက်ဆိုင်တွင်သာ နေသည်ဟုပြောရမည်….
အံ့သြထိတ်လန့်စွာဖြင့် ကျန်းရုန်တစ်ယောက် ချက်ချင်း အတွေးနွံထဲက ထွက်လာတော့သည်။
UUကတော့ အတိတ်အကြောင်းတွေကို ပြန်ပြောပြနေဆဲ။
“နေ့တိုင်း အိပ်ဖို့ငါအိမ်ပြန်ရင် သူက အင်တာနက်ဆိုင်မှာ Rankကစားနေတုန်း။ ငါနိုးလာရင်လည်း အင်တာနက်ဆိုင်မှာ Rankကစားနေတုန်းပဲ။ မင်းနဲ့ဟိုခိုးခိုးပြီးစာလုပ်တဲ့ ထိပ်ဆုံးကျောင်းသားတွေနဲ့ ဘာများကွာတော့လို့လဲ?”
လုပေါ်ယွမ်က ဝင်ခနဲ့သည်။
“ငါသာခိုးပြီးလေ့ကျင့်ချင်တယ်ဆို မင်းရှာတွေ့မယ်များထင်နေတာလား?”
“စကားမစပ် အဲဒီတုန်းက သူ့အဖေသူ့ကို အင်တာနက်ဆိုင်မှာလာလာရှာရင် ဝတ်စုံပြည့်တွေနဲ့လူတွေကိုလည်း ခေါ်ခေါ်လာတာလေ။ ငါဆိုကြောက်လိုက်တာမှ”
“ဟုတ်ပ ငါမှတ်မိပြီ။ အဲဒီအင်တာနက်ဆိုင်သေးသေးလေးရှေ့မှာ စျေးကြီးကြီးကားတွေအတန်းလိုက်ကြီး ရပ်ထားတာလေ။ လမ်းသွားလမ်းလာတွေဆို ရပ်ရပ်ပြီးပါကြည့်ကြတာ!”
“ငါ့မိသားစုရဲ့စီးပွားရေးအခြေအနေသာ ဒီလိုဆိုရင် ငါတော့ဂိမ်းကစားမနေတော့ဘူး….”
ကျန်းရုန်မှာတော့ ဆက်နားထောင်လေလေ ထိတ်လန့်လာလေလေ ဖြစ်နေတော့သည်။
လုပေါ်ယွမ်၏မိသားစု ချမ်းသာသည်ကိုတော့ သူသိသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ပါပါးလုရော မာမားလုနှစ်ယောက်လုံးက ပညာတတ်လူချမ်းသာတွေမှန်း သိသာပေသည်။ ဒါပေမယ့်…..လုပေါ်ယွမ်က အိမ်ပေါ်ကဆင်းဖူးတာလား?
သူ ခေါင်းငုံ့လျက်နားထောင်နေတုန်း ခရင်မ်ပေနေသည့်ချယ်ရီသီးတစ်လုံးက သူ့ကိတ်မုန့်ပေါ် ရောက်ရှိလာသည်။
လုပေါ်ယွမ်က သူ့သူငယ်ချင်းတွေနှင့် ဆက်လက်စကားပြောနေသည်။ သူ့ချယ်ရီသီးကိုပေးလိုက်ပြီးနောက် ကိတ်မုန့်ကိုလည်း ချထားလိုက်တော့သည်။
“တော်ပြီ အခြားပြောစရာမရှိကြတော့ဘူးလား?”
ကိတ်တွေအသီးသီးစားပြီးကြသည်နှင့် UUဆီမှမပြန်သေးရန်ပြောသည့်စကားတွေကို လုပေါ်ယွမ် လစ်လျူရှုလိုက်ပြီး ကျန်းရုန်နှင့်အတူ ပြန်လာခဲ့ကြသည်။
KTV၏အပြင်ဘက်တွင် Taxiသမားတွေခြေရှုပ်နေကြသည်ကြောင့် ကြုံရာတစ်စီးကိုငှားလိုက်ပြီး ကံကောင်းချင်တော့ သူတို့နှင့်ကြုံသည့်ကားဆရာက စကားများသူမဟုတ်ပေ။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~