အပိုင်း(၁၂၅)
<< Chronobreak >>
စင်အနောက်ဘက်ရှိ ကားပါကင်သို့သွားရာလမ်း၌ ကျန်းရုန်က လုပေါ်ယွမ်၏အင်္ကျီစကို လှမ်းဆွဲလိုက်သည်။
ကျန်းရုန်က ညင်ညင်သာသာ မေးလာသည်။ “စောစောက အင်တာဗျူးမှာ ဘာတွေပြောခဲ့တာလဲ?”
“ကိုယ်….” လုပေါ်ယွမ်က ရပ်သွားပြီး “နားနေခန်းထဲမှာ ဘာသာပြန်ရှိတယ်မဟုတ်ဘူးလား?”
“တင်းကောက ကျွန်တော့်ကိုကျတော့ ဘာသာပြန်ကို ပြောမပြခိုင်းဘူး” ကျန်းရုန်မှာ ချက်ချင်း မှုန်ကုပ်သွားပြီး “သူပြောတာက ကျွန်တော်ဘဝင်မြင့်သွားမှာစိုးလို့တဲ့”
လုပေါ်ယွမ် : “သူအတွေးလွန်နေတာပါ”
ကျန်းရုန်တစ်ယောက် “ဟုတ်ပ”ဆိုပြီး ထောက်ခံတော့မည့်အချိန် လုပေါ်ယွမ်က ဆက်ပြောလာသည်။ “မင်းက ဒီထပ်ပိုပြီးပဲ ဘဝင်မြင့်နိုင်ဦးမလား?”
ကျန်းရုန် : “…..လစ်လိုက်တော့”
သူပြောလိုက်တော့ လုပေါ်ယွမ်က လက်လှမ်းကာ ကျန်းရုန်ကို သိုင်းဖက်လာပြီး သူ့အနားကို ဆွဲလိုက်သည်။ သူက သဘောတကျ မေးလာသည်။ “ကိုယ့်ကိုထွက်သွားခိုင်းတယ်ပေါ့? Rankမမြှင့်ပေးချင်တော့ဘူးလား?”
အရှေ့ကလူတွေမှာ မထိန်းနိုင်ဘဲ သူတို့ဆီ လှည့်ကြည့်မိကြသည်။
ယွမ်ချန်က မနာလိုစွာ ပြောလာသည်။ “…..ငါ့မိန်းမကိုလွမ်းလိုက်တာ”
ရှောင်ပိုင် : “အရမ်းမုန်းတယ်!!!”
“လွှတ်သာထားလိုက်ပါတော့” တင်းကောက တရားရနေပုံ။ “တရုတ်မှာတောင် ထိန်းမနိုင်သိမ်းမရဖြစ်နေတာ ပြည်ပမှာဆို ဘယ်သူတားနိုင်တော့မှာလဲ…”
ထိုအချက်အပြင် သူတို့ကို တင်းကော လိုက်လျောပေးနေသည့် အခြားအကြောင်းရင်းတစ်ခုလည်း ရှိသေးသည်။
ဟိုတယ်ရှေ့တွင် ဘတ်စ်ကားရပ်သွားသည်နှင့် ဆင်တူနားကြပ်ကို တပ်ထားလျက် အလွန်အမင်း ပူးပူးကပ်ကပ် ထိုင်နေကြသည့် လူငယ်နှစ်ယောက်က ကပျာကယာ ဆင်းသွားကြသည်။
ကျန်းရုန်နှင့်လုပေါ်ယွမ်အတွက် ဘတ်စ်ကားကသာ အနီးကပ်ဆုံးရှိနိုင်သည့် ရှားရှားပါးပါး တည်နေရာပင်။ ကားပေါ်မှဆင်းလိုက်သည်နှင့် သူတို့တွေမှာ လေ့ကျင့်ရေး သို့မဟုတ် ပြိုင်ပွဲတွေက အသင့်ရှိနေသည်။ အထူးသဖြင့် ညဘက်တွေပင် ၊ လေ့ကျင့်ရေးပြီးသည့်နောက် အားလုံးက မလှုပ်နိုင်ဖြစ်ကုန်ကြပြီး ကျန်းရုန်သည်လည်း ရေမချိုး အင်္ကျီပင်မလဲနိုင်ကာ အိပ်ရာပေါ်သာ တန်းတန်းမတ်မတ် ရောက်သွားဖြစ်သည်။
ဒီနေ့ပြိုင်ပွဲမှာ သူတို့အသင်းက နိုင်လာခြင်းဖြစ်ရာ သူတို့ကို အင်တာဗျူးရန် သတင်းထောက်အများအပြားက စိတ်ဝင်စားနေကြသည်။ အသင်းသားတွေကို စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှု ရှိသွားမှာ ကြောက်သည့်အတွက် တင်းကောက တစ်ယောက်တစ်လေကိုမျှ သဘောတူထားခြင်းမရှိ။ သို့ဖြစ်ရာ ထိန်းမနိုင်သည့် တစ်ချို့သတင်းထောက်တွေက ဟိုတယ်အပေါက်ဝတွင် သူတို့ကို ဓါတ်ပုံရိုက်ရန် လာစောင့်နေကြသည်။
အသင်းသားငါးယောက်က တိတ်တဆိတ်သာ ကားပေါ်မှ ဆင်းလိုက်ကြပြီး စကားတစ်ခွန်းမှမဆိုဘဲ ဟိုတယ်ဆီ ပြန်ခဲ့ကြသည်။ သူတို့တွေက ပြိုင်ပွဲကို ပြန်ဆန်းစစ်ရန် လေ့ကျင့်ရေးအခန်းဆီ တန်းသွားလိုက်ကြပြီး ကိုယ်ပိုင်အခန်းတွေဆီပင် မသွားဖြစ်။
လက်ထောက်မန်နေဂျာက သူတို့တွေအတွက် ပီဇာမှာထားပြီးသားမို့ အဆင်သင့် ထိုင်စားလိုက်ရုံသာ။ ထိုနည်းလမ်းဖြင့် နှောင့်နှေးခြင်းမရှိဘဲ အစာစားရင်း ပြိုင်ပွဲကို ပြန်လည်ဆန်းစစ်နိုင်မှာ ဖြစ်သည်။
စားပွဲရှည်ကြီး၏ထိပ်ဆုံးပိုင်းတွင် ရပ်လျက် တင်းကောက နာရီဝက်လောက် စကားဆက်တိုက်ပြောနေပြီး နောက်ဆုံးမှာတော့ သူက အပြီးသတ်လာတော့သည်။ “မနက်ဖြန်ပွဲကျရင် သေချာပေါက် Masterကိုဗဟိုပြုပြီး ကစားကြလိမ့်မယ်။ ကျန်းရုန် လမ်းရှင်းနေရင် Supportနဲ့ Junglerဆီက Gankတွေကို သတိထား”
ကျန်းရုန် : “အင်း”
ရှောင်ပိုင်က အင်အားချိနဲ့စွာ ငိုချင်းချလာသည်။ “ဒီနေ့တင် HTနဲ့ ပြိုင်ခဲ့ရတာမဟုတ်ဘူးလား? ဘာဖြစ်လို့ မနက်ဖြန်လည်း အဲဒီကောင်တွေ ထပ်ရောက်လာဦးမှာလဲ….”
“မနက်ဖြန်ပြီးတာနဲ့ Knockoutအဆင့်ရောက်မှ ပြန်တွေ့ရတော့မှာ….ဒါမှမဟုတ်ရင် ဖိုင်နယ်မှ” တင်းကောက ရှောင်ပိုင်၏ပြိုလဲကျနေသည့် နောက်ကျောကို ပုတ်ချလိုက်ပြီး “ဒီနေ့ Flashနဲ့ချိတ်ကိုပစ်တုန်းက အရမ်းတက်ကြွနေတာလည်း မင်းပဲမဟုတ်ဘူးလား? ဘယ်လိုဖြစ်လို့ အခုကျမှ အားကုန်သွားတာလဲ?”
“မကုန်သေးပါဘူး” ရှောင်ပိုင်က ပြောလာ၏။ “နည်းနည်း ပင်ပန်းနေရုံပဲ”
ဒီရက်တွေထဲ သူတို့တွေ အလွန်အကျွံ လေ့ကျင့်နေကြသည်မှာလည်း အမှန်တရားသာ။
တင်းကောက နားလည်စွာ ခေါင်းငြိမ့်လိုက်ပြီး “ခဏတောင့်ထားကြဦး။ သူများအသင်းတွေမှာ ဒီလိုပင်ပန်းချင်ရင်တောင် အခွင့်အရေးမရဘူး….အားလုံး စားပြီးကြပြီလား? စားပြီးရင် ပြန်လေ့ကျင့်ကြရအောင်”
ဒီမတိုင်ခင် ရှောင်ပိုင်က ‘Esportsအတွက် အသင့်တော်ဆုံး အသက်အရွယ်’ ဆိုသည့် အရာမျိုးကို ယုတ္တိမရှိဘူးဟု တွေးထားသူပင်။ သူ့ကောက အသက်နှစ်ဆယ်ကျော်ပြီ ၊ ဒါပေမယ့် သူ့နယ်ပယ်မှာဆိုရင် နတ်ဆိုးဘုရင်ကြီးဖြစ်နေဆဲပဲ မဟုတ်ဘူးလား?
သို့သော်လည်း အခုအချိန်တွင် ရှောင်ပိုင်မှာ ပင်ပန်းနုံးချိစွာ သူ့ထိုင်ခုံပေါ်တွင် ပြိုလဲကျနေလျက် အင်အားပြန်ပြည့်လာရန် စောင့်နေရသည်။ သူတစ်ဖက်လှည့်ကြည့်မိတော့ ကျန်းရုန်က မတ်မတ်ထိုင်လျက် ကီးဘုတ်ကို တတောက်တောက်မြည်အောင် နှိပ်နေကာ အလွန်အမင်း အင်အားပြည့်ဝနေပုံ….
ရှောင်ပိုင်မှာ အိုမင်းနေသည့် သူ့အသက်အရွယ်ကို လက်သင့်ခံလိုက်ရသည်။
ဒါမျိုးက လူငယ်တွေရဲ့ တက်ကြွဖျတ်လတ်နေတဲ့ စိတ်ခွန်အားများလား?
ရှောင်ပိုင်တစ်ယောက် သူ့ကော မကိုင်တွယ်နိုင်မှာကို အတော်ကလေး စိတ်ပူမိသွားသည်။
ကျန်းရုန်က နောက်ထပ်တစ်ပွဲကို အနိုင်ရသွားပြီးနောက် သူ့အဆင့်ကို စစ်ဆေးကြည့်လိုက်သည်။ Masterနှင့်သူက LPတစ်ရာကျော် ကွာဟနေဆဲ။
အခုတစ်လော Masterသည်လည်း Rankပြန်ကစားနေပေမယ့် စနစ်၏ကမြင်းမှုကြောင့် ထင်သည် ၊ သူတို့နှစ်ယောက်က ပွဲတစ်ပွဲတည်းကိုပင် အတူမကျဖူးသေး။
အဆင့်မြင့်လာလေလေ စောင့်ဆိုင်းရချိန်က ပိုကြာလေပင်။ တန်းစီသည့်နေရာတွင် ငါးမိနစ်လောက် ကြာသွားသော်လည်း ပြောင်းလဲမှုတို့မရှိ။ သို့ဖြစ်ရာ ကျန်းရုန်က ထိုင်ခုံပေါ်မှီချလိုက်ပြီး ဖုန်းကိုထုတ်လိုက်သည်။
လုပေါ်ယွမ် အင်တာဗျူးမှာ ပြောခဲ့သမျှကို သူအရမ်းသိချင်နေဆဲ။
သူပင် ရှာကြည့်စရာမလိုဘဲ လုပေါ်ယွမ်၏ အင်တာဗျူးဗီဒီယိုက သူ့NFပေါ်တွင် ထွက်ပေါ်လာသည်။ ကျန်းရုန်က ဗီဒီယိုကိုဝင်မကြည့်ခင် သတိဝီရိယရှိရှိ သူ့အိတ်ကပ်ထဲမှာ နားကြပ်ကိုထုတ်ကာ တပ်လိုက်၏။
ပရိသတ်တစ်ယောက် ထည့်ပေးထားသည့် အကြမ်းဖျင်းဘာသာပြန်က စခရင်အောက်ခြေနားတွင် နောက်ဆုံးမိနစ်မှ ပေါ်ထွက်လာသည်။
ဒီအင်တာဗျူးကို ကျန်းရုန် ပြိုင်ပွဲအပြီးတွင်လည်း ကြည့်ခဲ့ဖူးပေမယ့် ဒုတိယအကြိမ် ကြည့်ပြန်တော့လည်း အကြည့်မလွှဲနိုင်ဖြစ်မိဆဲ။
သူတို့၏အသင်းယူနီဖောင်းက သက်တောင့်သက်သာဖြစ်စေရန် အဓိကထားသည်။ အသင်းတံဆိပ်ပုံစံနှင့် အရောင်ရွေးချယ်မှုက အမိုက်စားဟု ဆိုနိုင်ပေမယ့် ရိုးရိုးတီရှပ်သာ ဖြစ်နေဆဲပင်။ ကျန်းရုန်အတွက်တော့ ဒီယူနီဖောင်းက မူလတန်းကျောင်းမှ ကျောင်းဝတ်စုံနှင့် မခြားပါချေ။
သို့ပေမယ့် လုပေါ်ယွမ်က အရပ်ရှည်သူဖြစ်ကာ ဝတ်သမျှနှင့်လည်း လိုက်ဖက်သည်။ သူက လက်တစ်ဖက်ကို အနောက်ဘက်မှာ ထားလျက် တစ်ဖက်က မိုက်ခ်ကိုကိုင်ထားကာ တင်ဆက်သူမေးလာမည့် မေးခွန်းတွေကို စောင့်ဆိုင်းနေသည်။
တင်ဆက်သူက အနောက်တိုင်းဝတ်စုံနှင့် ရှူးဖိနပ်ကို ဝတ်ဆင်ထားပြီး တစ်ခေါင်းလုံးက ဂျယ်တွေနှင့်ရွှဲနေသော်ငြား လုပေါ်ယွမ်ဘေးမှာ ရပ်လိုက်ချိန်မှာတော့ သူ့ထက် ခေါင်းတစ်လုံးစာ ပုနေဆဲ။
လုပေါ်ယွမ်နှင့်တင်ဆက်သူ၏ကြားတွင် ဘာသာပြန်မလိုသည့်အတွက် ကျန်းရုန်က နားမလည်ခြင်းဖြစ်သည်။
ကျန်းရုန်က ခေါင်းငုံ့လျက် ဗီဒီယိုကို တိတ်တိတ်လေးသာ ကြည့်နေသည်။
ဗီဒီယိုပြီးသွားသည့်နောက် ကျန်းရုန်မှာ အနည်းငယ် ကြောင်အမ်းနေမိသည်။ သူက လက်ကိုမြှောက်လိုက်ပြီး ဆယ်စက္ကန့်စာလောက် နောက်ပြန်ရစ်လိုက်၏။ ဒီအပြုအမူကို စုစုပေါင်း ဆယ်ခါလောက် လုပ်မိပေသည်။
…..
Rankတစ်ပွဲပြီးသွားသည့်နောက် လုပေါ်ယွမ်က သန့်စင်ခန်းဆီ ခဏထသွားသည်။
သန့်စင်ခန်းထဲ၌ လက်ဆေးရင်းဖြင့် မျက်နှာကိုပါ ရေနှင့်တောက်လိုက်ပြီး ပိုပြီးနိုးနိုးကြားကြားဖြစ်လာသည့်အခါ ပြန်ထွက်လာလိုက်သည်။ လေ့ကျင့်ရေးအခန်းဆီ ပြန်လာနေရင်း လမ်းတစ်ဝက်၌ တစ်စုံတစ်ယောက်က သူ့လက်မောင်းကို လှမ်းဆွဲလိုက်ပြီး အနီးနားရှိ လှေကားတွေနားဆီ သူ့ကို ဆွဲခေါ်သွားသည်။
လုပေါ်ယွမ်ကလည်း အသာတကြည်သာ လိုက်သွားလိုက်သည်။
သူတို့၏ခြေသံတွေကြောင့် လှေကားရှိမီးသီးတွေက လင်းလာသည်။ လုပေါ်ယွမ်က နံရံကိုမှီလိုက်ပြီး သူ့အရှေ့မှတစ်ယောက်ကို ကြည့်လိုက်သည်။ သူ့မျက်နှာပေါ်မှာတော့ အပြုံးတစ်ခုက အထင်းသား။ “ဘာဖြစ်လို့လဲ?”
ကျန်းရုန်က သူ့ကို ငေးကြည့်နေပြီး ခဏလောက်ကြာမှ မေးလာသည်။ “ခေါင်းဆောင်….ဒီလောက်အကြာကြီး လေ့ကျင့်ထားတာ လက်မနာဘူးလား?”
“ပလာစတာကပ်ထားပြီးသား။ ကိုယ့်အခြေအနေကိုယ်သတိထားပါတယ် Carryပေးနိုင်တုန်းပဲ” လုပေါ်ယွမ်က မျက်ခုံးပင့်လိုက်ပြီး “ဒါလေးမေးဖို့ ကိုယ့်ကို ဒီအထိဆွဲခေါ်လာတာလား?”
သေချာပေါက် မဟုတ်ဘူးပေါ့။
လုပေါ်ယွမ်က ကင်မရာရှေ့တွင် ကျန်းရုန်ကို ပေါ်တင် ချီးကျူးလိုက်ခြင်း မဟုတ်ပေမယ့် နောက်ကွယ်ရှိ ဆိုလိုရင်းက သိသာလွန်းကာ ကျန်းရုန်ပင် နားလည်နိုင်သည်။
အင်တာဗျူးကိုကြည့်ပြီးနောက် ကျန်းရုန်မှာ အတော်လေး ဂနာမငြိမ်တော့ပေ။
ကျန်းရုန်က လုပေါ်ယွမ်၏နှုတ်ခမ်းကို စိုက်ကြည့်နေပြီး အရှေ့ကို နည်းနည်းတိုးမိသွားသည်။
အချိန်တစ်ခုကြာသွားပြီးချိန်မှာလည်း ဆင်ခြေတစ်ခုခုကို သူမစဥ်းစားနိုင်သေးပေ။ သို့ဖြစ်ရာ လုံးလုံး လက်လျှော့လိုက်တော့ပြီး မထုံတတ်တေးဖြင့် လိုရင်းတိုရှင်း ပြောလိုက်သည်။ “ကျွန်တော့်ကိုနမ်း”
လုပေါ်ယွမ်က ရယ်မောလာသည်။ သို့သော် သူ့ဆီမှ ထွက်လာသည့်စကားကတော့ : “မရသေးဘူး”
ဤသည်က ကျန်းရုန်အတွက် ဒီလိုအရာမျိုးကို ပထမဆုံးအကြိမ် ပြောဖူးခြင်းဖြစ်ပြီး အငြင်းခံရသည်နှင့် အဆုံးသတ်သွားသည်။ သူ့နားရွက်တွေမှာ ချက်ချင်း ရဲတက်သွားပြီး ပျာယာခတ်သွားကာ ပြောလိုက်မိသည်။ “ခင်များကတော့!……Carryမခံချင်တော့ဘူးလား?”
လုပေါ်ယွမ် : “လှေကားတွေမှာ လုံခြုံရေးကင်မရာတွေရှိတယ်”
ကျန်းရုန် ချက်ချင်း ပါးစပ်ပိတ်သွားတော့သည်။
သူက ပင့်သက်ရှိုက်လိုက်ကာ ဆံပင်တွေကို ထိုးဖွလိုက်ပြီး “ဒါဆိုလည်း ထားလိုက်တော့ ၊ ပြန်ပြီး သွားလေ့ကျင့်ရအောင်….”
လုပေါ်ယွမ်က ကိုယ်ကိုမတ်လိုက်ပြီး ကျန်းရုန် ပြန်လှည့်မသွားခင် လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်ပြီး ထောင့်နားဆီဆွဲခေါ်သွားကာ နံရံပေါ်တွင် ဖိကပ်ထားလိုက်သည်။
ဒီလှုပ်ရှားမှုက အသံသိပ်မကျယ်သည့်အတွက် အလိုအလျောက် မီးလင်းသည့် မီးသီးတွေက ပြန်လည် အမှောင်ကျသွားတော့သည်။
လုပေါ်ယွမ်က ကျန်းရုန်ကို ထပ်တွန်းပို့လိုက်ရင်း ပြောလာသည်။ “ဒီနေရာက မျက်ကွယ်ရာ။ ကင်မရာမှာ မပေါ်တော့ဘူး”
ကျန်းရုန်က လုပေါ်ယွမ်၏မျက်ဝန်းတို့နှင့် ဆုံတွေ့လိုက်ပြီး ဘာမှမတုံ့ပြန်ဖြစ်။
တစ်အောင့်လောက်ကြာမှ သူက ခေါင်းကိုစောင်းလိုက်ကာ လုပေါ်ယွမ်၏နှုတ်ခမ်းကို လှမ်းကိုက်လိုက်သည်။
လူတိုင်းက လေ့ကျင့်ရေးတွေနှင့် အလုပ်ရှုပ်နေရာ သူတို့အသင်း၏ Mid Lanerနှင့်Junglerနှစ်ယောက်က သန့်စင်ခန်းသွားတာ နည်းနည်းကြာနေပြီမှန်း ဘယ်သူမှ သတိမထားမိပါချေ။
ကျန်းရုန်တစ်ယောက် ပြန်ရောက်လာတော့ ယွမ်ချန်က သူ့ကို လှမ်းကြည့်လာသည်။
သူ့ပုံစံက ခေါင်းပြန်လှည့်မရတော့ပုံ။ သူက လှမ်းမေးလာသည်။ “ရှောင်ရုန် ပြိုင်ပွဲပြီးတုန်းက မိတ်ကပ်အကုန်မဖျက်ရသေးတာလား? ကြည့်ရတာ နှုတ်ခမ်းနီတွေ ကျန်နေသေးသလိုပဲ”
ကျန်းရုန်မှာ တောင့်တောင့်ကြီး ပြန်ဖြေလိုက်ရသည်။ “…….အင်း”
မနက်၅နာရီမှာလည်း TTC၏လေ့ကျင့်ရေးအခန်းက မီးလင်းနေဆဲ။
ပထမဆုံး တိုက်ပွဲကျသွားသူက ရှောင်ပိုင်သာ။ ကိုယ်ပေါ်တွင် ဂျက်ကတ်တွဲလောင်းနှင့် သူက ကျဆုံးသွားပြီဖြစ်သော သူ့ခန္ဓါကိုယ်ကို အခန်းဆီရောက်အောင် မနည်း ပြန်ဆွဲခေါ်နေရသည်။
ထွက်မသွားခင် သူက လုပေါ်ယွမ်ကို နက်နက်နဲနဲ တစ်ချက်ကြည့်သွားသေးသည်။
လုပေါ်ယွမ်က ပြိုင်ပွဲဗီဒီယိုတစ်ခုကို ကြည့်နေခြင်း။ ထိုင်ခုံပေါ်တွင် စိတ်အေးလက်သာ ထိုင်နေပုံက နောက်ထပ်သုံးညလောက်ပင် အခက်အခဲမရှိ ဆက်တိုက် ညလုံးပေါက် နေနိုင်သေးသယောင်။
Pine : “သွားဦးမှာလား? ဘာတွေကြည့်နေတာလဲ?”
“ဘာမှမဟုတ်ဘူး” ရှောင်ပိုင်က ခါးကိုလက်ဖြင့်ထောက်ထားရရင်း အခန်းထဲမှ ထွက်လိုက်ကာ သက်ပြင်းချလျက် ဆိုလာသည်။ “ငါ့ကောက ၁၈နှစ်ပြည့်ခါစ ဆယ်ကျော်သက်လေးကို ကောင်းကောင်းကိုယ်တွယ်နိုင်သေးတယ် ဆိုတဲ့ ခံစားချက်ကြီး ရုတ်တရက် ရလိုက်လို့”
__
အုပ်စုအဆင့်ပွဲစဥ်၏ သုံးရက်မြောက်နေ့တွင် TTCနှင့်HTက ထပ်မံဆုံတွေ့ပြန်သည်။
အခုအချိန်အထိ TTCက ရှုံးပွဲမရှိ ဗိုလ်စွဲနေလျက် HTက တစ်ပွဲသာ ရှုံးထားသေးပြီး အသင်းနှစ်သင်းက ပထမနေရာနှင့် ဒုတိယနေရာအား အသီးသီး နေရာယူထားသည်။
တင်ဆက်သူက စကားတစ်ချို့ပြောပြီးသွားသည့်နောက် အသင်းနှစ်သင်းက ပစ္စည်းတွေကို စစ်ဆေးရန် စင်ပေါ်တက်လာကြသည်။ အခြေအနေအား တာဝန်ခံဆီ တင်ပြပြီးသည်နှင့် ဂိမ်းက Pick/Banအဆင့်ဆီ ရောက်ရှိသွားတော့သည်။
Masterက အရင်ပြိုင်ပွဲမှ အမှားအား သင်ခန်းစာယူပြီးသွားသည်မှာ သိသာလှသည်။ ချက်ချင်းဆိုသလို သူက သူအသုံးများသည့် Zoeကို တန်းရွေးလာသည်။ ကျန်းရုန်နှင့်တင်းကောက လျပ်တပြတ် ဆွေးနွေးလိုက်ပြီး Laneရာတွင် ထူးချွန်လှသည့် Syndraကို ရွေးချယ်လိုက်သည်။
စင်ပေါ်မှမဆင်းခင် တင်းကောက အသားပေး ပြောလာသည်။ “သူ့ကိုမတိုက်နိုင်ရင် အစာပဲစားနေပြီး အလယ်လမ်းအတွက် အခွင့်အရေးကိုရှာနေ။ Early gameမှာ Laneနေရင်း သူ့နောက်မှာကျန်ခဲ့ပြီဆိုရင် ပျာယာခတ်မသွားနဲ့။ ငါတို့အသင်းဖွဲ့စည်းပုံက တအားသန်မာပြီးသား။ ကံကောင်းပါစေ!”
အသင်းဖွဲ့စည်းပုံက အခြေကျသွားသည်နှင့် နည်းပြတွေသည်လည်း လက်ဆွဲနှုတ်ဆက်ကာ စင်ပေါ်မှ ဆင်းသွားကြသည်။
မိနစ်ဝက်လောက်အကြာမှာတော့ ဂိမ်းက တရားဝင် စတင်လေပြီ။
ဒီတစ်ပွဲ၌ HTက လုပေါ်ယွမ်၏Jungleကို ပစ်မှတ်ထားထားသည်။ ဂိမ်းစတင်ပြီး မကြာခင်မှာပဲ HT၏အောက်လမ်းသွားစုံတွဲက သူတို့Junglerကို ကူညီကာ လုပေါ်ယွမ်၏Buffအား အတင်းအဓမ္မ ခိုးယူလိုက်ကြသည်။ Jungler၏ ရည်မှန်းချက်က သိသာလှသည်။ Masterကို ကြီးထွားစေပြီး သူ့အင်အားကို မြန်မြန် အကောင်ထည်ဖော်ရန်ပင်။
Masterက အစားအဝစားထားပြီး ကျန်းရုန်က အခြေစိုက်စခန်းတွင်ရှိနေစဥ် သူက အပေါ်လမ်းကို သွားကူညီကာ တစ်လက်စတည်း ယွမ်ချန်ကို Killခဲ့သည်။
လုပေါ်ယွမ်က အစောပိုင်းကတင် Buffကို အခိုးခံခဲ့ရသည်ဆိုပေမယ့် သူက အကျိုးယုတ်နေသည့်အခြေအနေထဲမှ သူ့ကိုယ်သူ ဆွဲထုတ်နိုင်သူ ဖြစ်ပေသည်။ ၆မိနစ်အကြာ၌ သူက HT၏Junglerဆီမှ Drakeကို ခိုးလိုက်ပြီး သူ့ပြိုင်ဘက်Jungle၏ အောက်ပိုင်းတစ်ဝက်လုံးကို အပြောင်ရှင်းပေးလိုက်သည်။
မိနစ်၂၀အကြာ၌ အခြေခံအားဖြင့် အသင်းနှစ်သင်းလုံးမှာ Goldအရေအတွက်က တူညီနေပြီး အခြေအနေက ပြင်းထန်နေချေပြီ။
တတိယမြောက်Drakeက အသက်ပြန်ဝင်လာသည့်အချိန် နောက်ဆုံးမှာတော့ မဆုတ်သာမတိုးသာသည့် အခြေအနေကို အဆုံးသတ်ပစ်လိုက်သူက ကျန်းရုန်ပင်။
ကျန်းရုန်က Rish၏နေရာယူပုံကို ကြိုတင်ခန့်မှန်းလိုက်နိုင်ပြီး သူ့ကိုယ်ပိုင်မျက်ကွယ်နေရာမှ စကေးတစ်ခုကို ပစ်လွှတ်လိုက်ကာ Rishအား ကိစ္စတုံးလိုက်ခြင်း!
“မိုက်တယ်” လုပေါ်ယွမ်က ပြောနေရင်းဖြင့် ရန်သူဘက်မှ Junglerနှင့်Supportအား သူ့Jarvanဆီမှ Flash , E , Q တွေနှင့် ကန်ထုတ်လိုက်သည်။ ပြီးနောက် သူတို့နှစ်ယောက်ကို သူ့Ultနှင့် ထောင်ဖမ်းထားလိုက်လေသည်။
“ရောက်ပြီ ရောက်ပြီ! တိုက်ကြစမ်း! ရော့ အဲဒီမှာ ငါ့Flashနဲ့CC!” ရှောင်ပိုင်က စိတ်လှုပ်ရှားစွာ အော်ဟစ်နေ၏။ “Pပေါင် လာလေ!”
တုံ့ဆိုင်းခြင်းမရှိ Pineသည်လည်း ရိတ်သိမ်းရန် တိုက်ပွဲထဲ ချက်ချင်း ဝင်ရောက်လာသည်။ Pineအတွက် ရန်သူ့ဘက်မှ Damageတွေကို ခုခံပေးရန် ယွမ်ချန်တစ်ယောက် နေရာကောင်းကို ရှာတွေ့သွားချိန်--
ထိုအခိုက် စခရင်ကြီးမှာ အမှောင်ကျသွားလေသည်။
ကစားသမားဆယ်ယောက်လုံးအတွက် စခရင်တွေက မည်းမှောင်သွားခြင်း။
စခရင်ထက်တွင် တစ်ခုတည်းသော အရာအဖြစ် ကျန်ရစ်ခဲ့သည်က စာကြောင်းတစ်ခု : [ဂိမ်းကိုရပ်တန့်ထားပါသည်။] ဟူ၍။
ကျန်းရုန်က နားမလည်နိုင်စွာ မျက်မှောင်ကျုံ့သွားချိန် တာဝန်ခံ၏အသံက သူ့နားကြပ်ထဲမှ တဆင့် ထွက်ပေါ်လာသည်။ “တစ်ယောက်နဲ့တစ်ယောက် စကားမပြောပါနဲ့! ဂိမ်းရပ်ထားတဲ့အချိန် အသင်းသားအချင်းချင်းကို စကားပြောခွင့် ပိတ်ထားပါတယ်!”
တာဝန်ခံ : “ရပ်ထားရတဲ့အကြောင်းရင်းက Rishရဲ့ကွန်ပျူတာပစ္စည်းမှာ ပြဿနာတက်နေလို့ပါ။ အားလုံး စိတ်ရှည်ရှည်ထားကြပါ။ သိပ်မကြာခင် ဂိမ်းထဲပြန်ရောက်ပါလိမ့်မယ်”
သို့ဖြစ်ရာ ကျန်းရုန်မှာ ရွေးချယ်စရာမရှိ ထိုင်၍သာ စောင့်ရတော့မည်။
၅မိနစ်အကြာ။
၁၀မိနစ်။
မိနစ်၂၀…..
ကင်မရာထဲရှိ ကျန်းရုန်၏မျက်နှာက ဆိုးသထက်ဆိုးလာပြီး သူ့ရှေ့ဆံမြိတ်တွေမှာလည်း ရှုပ်ပွနေလေပြီ။
LPLမှ ရှင်းလင်းတင်ဆက်သူတွေသည်လည်း ကို့ရို့ကားယားနိုင်စွာ အချင်းချင်း စကားစမြည်ပြောနေကြသည်။ Barrageတစ်ခွင်လုံးမှာတော့ အမေးသင်္ကေတတွေကသာ ပျံ့ကြဲလျက်။
[ဘယ်လိုပြဿနာမျိုးမလို့ ဒီလောက်အကြာကြီး ရပ်ထားရတာလဲ?!]
[နာရီဝက်ပြည့်တော့မှာ ကစားသမားတွေလည်း ဂိမ်းအတွက် စိတ်ဝင်စားမှုတွေ လျော့ကုန်တော့မယ်!]
[ဒီလောက်အရေးကြီးနေတဲ့ Team Fightပွဲတိုက်နေတုန်းမှာပေါ့လေ ဟမ်? ဒီလိုမျိုးလည်း ရပ်လို့ရတာပဲလား??]
[သောက်ချီးတဲ့မှ ‘မိုက်ချက်’လို့ ဖင်ကုန်းအော်ခံနီးလေးမှာ အဖျားရှူးသွားတယ်….]
[ကစားသမားတွေတော့ ပြောမနေနဲ့။ ငါတောင် ဆက်မသည်းခံနိုင်တော့ဘူး]
[Softက ကီးဘုတ်ကောက်ကိုင်ပြီး တစ်ယောက်ယောက်ကို ပစ်ပေါက်တော့မယ့် ပုံစံမျိုးနဲ့]
[ကျစ် ပြောမပြတတ်ပေမယ့် ဒါနဲ့ပတ်သတ်ပြီး ခံစားချက်တွေ သိပ်မကောင်းဘူး….]
Barrageထဲတွင် စည်ကားရှုပ်ယှက်ခတ်နေလျက်။ ၂၃မိနစ်အကြာတွင် နောက်ဆုံးမှာတော့ ပြိုင်ပွဲက ပြန်လည်စတင်လာပြီး စခရင်ပေါ်တွင် Countdownတစ်ခုက ပေါ်ပေါက်လာသည်။
သို့ပေသိ ကစားသမားတွေ ဂိမ်းဆီ ပြန်ရောက်သွားချိန်၌ ပရိသတ်တွေမှာ အရင်ကထက်ပင် စွံ့အသွားရတော့သည်။
ဂိမ်းထဲတွင် မူလက ဖြစ်ပွားနေသည့် အကြမ်စားစုပေါင်းတိုက်ပွဲက မရှိတော့။ Road၏Ultက လူနှစ်ယောက်ကို ဝန်းရံမထားသလို Rishသည်လည်း အကောင်းအတိုင်း အသက်ရှင်နေဆဲ။
Livestreamထဲ၌ ရှင်းလင်းတင်ဆက်သူA၏လေသံက မလိုလားမှုတွေ ခါးသီးမှုတွေနှင့် ပြည့်နှက်နေလျက် ခပ်တိုးတိုးသာ။ သူက အတင်းပြုံးထားရရင်း ပြောပြလာသည်။ “အခုပဲ သတိပေးချက်တစ်ခု ရောက်ရှိလာပါတယ်ခင်မျ။ HTအသင်းရဲ့Rishဆီမှာ ဖြစ်သွားခဲ့တဲ့ Bugတစ်ချို့ကြောင့် ဂိမ်းဘက်က ‘Chronobreak’ကို အသုံးပြုဖို့ ဆုံးဖြတ်လိုက်ပြီး Bugမဖြစ်ပေါ်ခင် ရှစ်စက္ကန့်အလိုဆီ ပြန်သွားလိုက်ရပါတယ်
“အစောပိုင်းက Solo Killနဲ့ Team Fightပွဲကိုလည်း ဖယ်ထုတ်လိုက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့….ဒီပြိုင်ပွဲက ဘယ်လိုဆက်သွားမှာလဲ အတူကြည့်လိုက်ရအောင်ပါ”
ပရိသတ်အားလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။
Barrageကြီးထဲမှာတော့ ပေါက်ကွဲထွက်သွားလေပြီ။
ဂိမ်းပြန်လည်စတင်သည်နှင့် သည်းမခံနိုင်တော့သည့် ရှောင်ပိုင်က အော်ဆဲတော့သည်။ “သောက်ချီးတဲ့မှ!!!”
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~