ရှန်ဟိုင်းကိုပြန်ရန် တင်းကော ကြိုတင်စာရင်းသွင်းထားသည့် လေယာဥ်က မနက်(၁၁)နာရီဖြစ်ရာ နောက်တစ်နေ့ မနက်(၉)နာရီ၌ လူတိုင်းမှာ တင်းကော၏ဖုန်းခေါ်သံကြောင့် လန့်နိုးလာကြသည်။
ကျန်းရုန်မှာ ရှိသမျှအလေးချိန်တွေအကုန်လုံး သူ့မျက်တောင်ပေါ် ရောက်ကုန်သလို ခံစားနေရပြီး သွားတိုက်နေချိန်မှာပင် မျက်လုံးကို မှိတ်ထားမိသည်။
သွားတိုက်ပြီးသွား၍ မိနစ်အနည်းငယ်အကြာအထိ ဒီအတိုင်း ရပ်နေမိလျက် သွားတိုက်ဆေးဒဏ်ကို မခံနိုင်တော့မှသာ သူ ခါးကုန်းကာ ပါးစပ်ဆေးလိုက်၏။
သူ ခေါင်းပြန်မော့လိုက်သည့်အခါ လုပေါ်ယွမ်က အနီးရှိ နံရံကိုမှီလျက် သူ့အား ပြုံးလျက် ကြည့်နေသည်အား မြင်လိုက်ရသည်။
ကျန်းရုန် အခုလေးတင် ရေဆေးထားသည့် သူ့သွားတိုက်တံကို ဆုပ်ထားလိုက်မိပြီး “တစ်စက္ကန့်လောက်ပဲပေး ကျွန်တော် အသင့်ဖြစ်တော့မှာ”
“အင်း။ ကိုယ်က ခရီးဆောင်အိတ်တွေ ပြင်ထားလိုက်မယ်”
ပြောပြီးသည့်နောက် လုပေါ်ယွမ်က သူ့ကိုနမ်းရန် ကိုယ်ကို ကိုင်းချလာသည်။
Baseတွင်လည်း အမြဲလိုလို တိတ်တခိုးအနမ်းတွေ ပေးနေကြဆိုပေမယ့် ဒီတစ်ကြိမ်က နိုးနိုးချင်း အနမ်းရဖူးသည့် ပထမဆုံးအကြိမ်ပင်။ ကျန်းရုန် သွားတိုက်တံကို ကိုင်ထားလျက်သားဖြင့် တောင့်ခဲသွားပြီး အနှိုးခံရသည်ကြောင့် ညှို့မှိုင်းနေသည့်စိတ်က လွင့်စင်သွားတော့သည်။
လုပေါ်ယွမ်က အပြင်ပြန်ထွက်နေရင်း တစ်စုံတစ်ခုကို သတိရသွားပြီး နောက်ကို ပြန်လှည့်ကြည့်ကာ ပြောလာသည်။
“မနေ့ညက ကိုယ်တို့အခန်းထဲ ရှောင်ပိုင် ရောက်လာသေးတယ်”
ကျန်းရုန်က မျက်နှာငုံ့သစ်နေပြီး ဆိုလိုရင်းကို သတိမမူမိ။
“ဘယ်တုန်းကလဲ?”
“မင်းကိုယ့်လည်ပင်းကို ဖက်နေတုန်းက”
“သြော်”
လုပေါ်ယွမ် ရေချိုးခန်းထဲက ထွက်ပြီး၍ သိပ်အဝေးကြီးမရောက်သေးခင် ပစ္စည်းတစ်ခု ကြမ်းပြင်ပေါ် ပြုတ်ကျသံအား ဝိုးတဝါး ကြားလိုက်ရသည်။ နောက်ထပ် ကပ်လိုက်လာသည်က ကမန်းကတန်း ခြေသံတွေ။
ကျန်းရုန်က ရေချိုးခန်းတံခါးဝတွင် ရပ်နေပြီး သူ့မေးရိုးကနေ ရေတွေက တစ်စက်စက်ကျနေလျက်။
“ကျွန်တော်…..ခေါင်းဆောင်ရဲ့လည်ပင်းကို ဖက်ပြီး….ဘာလုပ်နေတာလဲ?”
လုပေါ်ယွမ်က ပြောပြလာသည်။
“ကိုယ်မင်းကိုနမ်းနေတာ”
ကျန်းရုန် : “……”
ကျန်းရုန် မျက်နှာသစ်ပြီးသွားသည့်အခါ လုပေါ်ယွမ်သည်လည်း သူ့ခရီးဆောင်အိတ်ကို သိမ်းပေးပြီးသွားချေပြီ။ နှစ်ညပဲနေရမည်ဖြစ်ရာ သယ်လာသည့် ပစ္စည်းတွေက သိပ်မများသဖြင့် ပစ္စည်းပြန်သိမ်းရသည်က လွယ်ကူပေသည်။
တင်းကောက လေယာဥ်မမှီမှာကြောက်ပြီး သူတို့ကို ဆက်တိုက် ဆော်သြနေလေရာ သူတို့ဖုန်းတွေမှာ တောက်လျှောက် အသံမြည်နေတော့သည်။
ကျန်းရုန် လုပေါ်ယွမ်ဆီက ခရီးဆောင်အိတ်နှစ်ခုလုံးကို ခိုးခဲ့လိုက်၏။ သူ တံခါးကိုဖွင့်ကာ အပြင်ထွက်မည်ကြံပြီးမှ မနေနိုင်ဘဲ ခေါင်းလှည့်ကာ မေးကြည့်မိသည်။
“မနေ့ညက သူတအားမူးနေတော့….အတိတ်မေ့သွားတာမျိုး ဖြစ်နိုင်ချေရှိလား?”
လုပေါ်ယွမ်မှာ ပြုံးချင်စိတ်ကို အောင့်ထားရသည်။
“ရှိလောက်ပါတယ်”
သူတို့တွေ အောက်ထပ်ကိုဆင်းလာပြီး ဝန်ထမ်းတွေဆီ အခန်းသော့ကို ပြန်ပေးလိုက်သည်။ လုပေါ်ယွမ်၏ အနောက်ကနေ ကျန်းရုန် ကားပေါ်တက်လိုက်သည့်အခိုက် မျက်တွင်းချောင်နေသည့် ရှောင်ပိုင်တစ်ယောက် ထိုင်ခုံပေါ် ပြိုလဲကျနေသည်အား မြင်လိုက်ရသည်။
အသံတွေကြောင့် ရှောင်ပိုင်၏မျက်လုံးက သူတို့ဆီ ရောက်လာသည်။
ပြီးနောက် သူက နှုတ်ခမ်းစူလိုက်ကာ ဆက်တိုက် မျက်တောင်ခတ်နေလျက် သူ့မျက်ဆံကတော့ သူတို့နှစ်ယောက်ကြားထဲ ရွေ့လျားနေကာ တစ်ခုခုကို ပြန်မှတ်မိသွားပုံနှင့် သူက စပ်စုချင်နေသည့် မျက်နှာပေးကို ပြုလုပ်နေသည်။ အတော်ကြာသည်အထိ သူက စကားပြောမည်ကြံလိုက် တုံ့ဆိုင်းသွားလိုက် ဖြစ်နေရင်း သူ့တင်ပါးကလည်း ထိုင်ခုံပေါ်တွင် အငြိမ်မနေ။
“သေချာပေါက် အတိတ်မေ့မသွားဘူးပေါ့ ၊ မနေ့ညတုန်းက ငါ့ခေါင်းထဲရောက်သွားတဲ့ မှတ်ဥာဏ်တွေက နောက်တစ်ခေါက်တောင် ပြန်ပြတော့မယ်” ဟု သူ့မျက်နှာတစ်ခုလုံးမှာ ရေးထိုးထားသည့်အတိုင်း။
ကျန်းရုန်တစ်ယောက် သူကိုယ်တိုင်ပဲ ရှောင်ပိုင်ကိုကူပြီး အတိတ်မေ့သွားအောင် လုပ်ပေးလိုက်ရမလားဟု စတင်တွေးတောမိချိန် လုပေါ်ယွမ်က ပြန်လှည့်ကြည့်လာကာ ကျန်းရုန်၏ လက်ကောက်ဝတ်ကို လှမ်းကိုင်လိုက်ရင်း ထိုင်ခုံရှိရာဆီ ဆွဲခေါ်လာသည်။
ကားက လေဆိပ်ဆီ ဦးတည်ကာ ထွက်ခွာလာသည်။ ကျန်းရုန်က နောက်ထပ်အိပ်ချင်မနေတော့ဘဲ မျက်လွှာချလျက် အပြင်ဘက်ရှိ မြင်ကွင်းတွေကို ငေးကြည့်နေသည်။
“လေဆိပ်ရောက်တာနဲ့ ဦးထုပ်တွေ Maskတွေ တပ်ထားကြနော်” တင်းကောက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ “အင်တာဗျူးချင်တဲ့သူတွေ ငါ့ကို လှမ်းဆက်သွယ်ထားကြတယ် ၊ တရားဝင်အင်တာဗျူးတွေဆိုတော့ ငြင်းပစ်ဖို့ကလည်း ခက်တယ်။ ဒါပေမယ့် မင်းတို့အတွက် နောက်အပတ်မှ စီစဥ်ပေးမှာပါ ၊ ဒီရက်ထဲ အေးဆေးနားပြီး ကောင်းကောင်းပျော်လိုက်ကြ…..သေချာပေါက် အလွန်အကျွံတော့ မလုပ်ကြနဲ့ပေါ့”
ယွမ်ချန်က “သိပြီ”ဟု ပြန်ဖြေလာသည်။
တင်းကောက ယွမ်ချန်နောက်ကို လှမ်းကြည့်ရာ အင်အားအပြည့်နှင့် ရှောင်ပိုင်ကို မြင်လိုက်ရပြီး တအံ့တသြ မျက်ခုံးပင့်မိသွားသည်။
“မင်းခေါင်းကိုက်နေသေးလား?”
ရှောင်ပိုင်က သူ့ကိုယ်သူ မိမိုက်ချင်ယောင် ဟန်ဆောင်လိုက်ပြီး
“ဟင့်အင်း မနေ့ညက ကျွန်တော် သိပ်မှမသောက်ဘဲ”
“တော်စမ်းပါ မင်းဝက်သေလို မူးနေတာများ။ ကျန်းရုန်နဲ့ တစ်ခန်းတည်း အိပ်မယ်ဆိုပြီး တောက်လျှောက် တင်းခံနေသေးတယ်” တင်းကောက ပြောလာသည်။ “Pine လိုက်ကြည့်ပေးနေလို့ တော်သေးတယ်မှတ်”
ရှောင်ပိုင် : “…….”
သူတို့ကြားထဲ ထိုင်ခုံနောက်မှီတစ်ခုလုံး ခြားနေတာ အသိအသာကြီးပေမယ့် ရှောင်ပိုင်တစ်ယောက် သူ့အနောက်ကနေ လွင့်ပျံလာသည့် နိမိတ်မကောင်းသော အကြည့်စူးစူးကို ခံစားနိုင်နေဆဲ။
မနေ့ညက သူတွေ့ခဲ့ရသည့် မြင်ကွင်းကို ပြန်မြင်ယောင်မိတိုင်း ရှောင်ပိုင်မှာ ထိတ်လန့်နေမိတုန်း။ သူတို့ အလုပ်ပတ်ဝန်းကျင်က ယောကျာ်းတွေအပြည့် ဆိုပေမယ့် ဒီလိုအရာမျိုးကို ပထမဆုံးအကြိမ် သူတွေ့ဖူးခြင်းပင်။ အဓိကက ထိုစုံတွဲတွင် သူ့အသင်းသားတွေ ပါနေခြင်း….
ထူးထူးဆန်းဆန်း သူရလိုက်သည့် ရှော့ခ်အကြီးစားမှလွဲ၍ နည်းနည်းလေးပင် ရွံရှာသလို မခံစားရပေ။ ထိုအစား သူခံစားလိုက်ရသည်က “ထင်သားပဲ” ဆိုသည့် အလင်းပွင့်သွားသည့် ခံစားချက်မျိုး။
တစ်စုံတစ်ယောက်က ဒိန်ချဥ်ဘူးကို သူ့ရှေ့သို့ ပို့ပေးလာသည်။ ဘူးတံဆိပ်က သူသောက်နေကျ အမျိုးအစား။
ရှောင်ပိုင် ခေါင်းလှည့်ကြည့်လိုက်ပြီး “ဘယ်ကရလာတာလဲ?”
Pineက သူ့ကို ကြည့်မလာပေ။ ပြန်သာဖြေလာသည်။ “ကားပေါ်မတက်ခင် စတိုးဆိုင်က သွားဝယ်လိုက်တာ”
ရှောင်ပိုင်က Pine၏မေးရိုးကို ခဏလောက် ငေးကြည့်နေသည်။ ဒီရှာဖွေတွေ့ရှိမှုကြီးကို ဘယ်လိုမြင်လဲဟု မေးကြည့်ချင်စိတ်ကို ထိန်းချုပ်ထားရင်း ခေါင်းငုံ့ကာ Pineလက်ထဲမှ ဒိန်ချဥ်ဘူးကို တစ်ငုံလောက်သောက်ရန် ပိုက်ကို ကိုက်လိုက်၏။
Pine : “ယူထားလေ”
“ဟင့်အင်း” ရှောင်ပိုင်က ဒိန်ချဥ်ကို မြိုချလိုက်ပြီး “မနက်စာစားထားတာ တအားများသွားလို့ တစ်ငုံလောက်ပဲ သောက်တော့မှာ။ ကျန်တာ မင်းသောက်လိုက်”
တစ်စုံတစ်ခုကို ထပ်သတိရသွားသည့် တင်းကောက ခေါင်းလှည့်လာပြန်သည်။
“ဒီမေးခွန်းက မေးစရာတော့မလိုပေမယ့်….ရှောင်လု မနက်ဖြန် မင်းမွေးနေ့ကျရင် Livestream မလွှင့်ပြန်ဘူးလား?”
အစကတော့ ကျန်းရုန်က မေးထောက်လျက် အပြင်ဘက်ရှိမြို့ကို ငေးကြည့်နေခြင်း။ မေးခွန်းကို ကြားလိုက်တော့မှ ခေါင်းမော့လာပြီး ကြောင်အမ်းအမ်းပုံဖြင့် လှမ်းကြည့်လာသည်။
လုပေါ်ယွမ်က ထိုင်ခုံကိုမှီလျက် ပြန်အိပ်နေသည်ဖြစ်ရာ မျက်လုံးဖွင့်မလာခဲ့ချေ။
“မလွှင့်ဘူး”
တင်းကော အရှေ့ပြန်လှည့်သွားသည်နှင့် လုပေါ်ယွမ်၏အင်္ကျီမှာ အဆွဲခံလိုက်ရသည်။
မနက်ဖြန်ရက်စွဲကို ထပ်အတည်ပြုပြီးမှ ကျန်းရုန်က ပြောလာသည်။
“မနက်ဖြန်က ဧပြီ ၂၉ လေ”
လုပေါ်ယွမ် : “အင်း?”
ကျန်းရုန်က စိတ်ရှုပ်သွားပြီး “ခေါင်းဆောင်ရဲ့မွေးနေ့က….မေလ ၈ရက်နေ့ဆို?”
လုပေါ်ယွမ်က မျက်ခုံးပင့်သွားလျက် “ဘယ်ကသိလာတာလဲ?”
“ပိုင်တု”
လုပေါ်ယွမ်က ခေါင်းငြိမ့်လိုက်ပြီး ပြောလာသည်။
“အဲ့တာမှားနေတာ”
“…..”
လုပေါ်ယွမ်က သူ့မွေးနေ့တွင် ဘယ်တော့မှ Livestream မလွှင့်တတ်ပေ။ ကျန်းရုန်ကလည်း မွေးနေ့Merchပွဲတွေကို အထူးတလည် အာရုံစိုက်တတ်သူ မဟုတ်တော့ လုပေါ်ယွမ်၏မွေးနေ့ကို သူသိချင်လျှင် သူလုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းက လိုင်းပေါ်တွင် သွားရှာရန်သာ။
အခုလို မှားနေလိမ့်မည်ဟု သူထင်မထားမိပါချေ။
ကျန်းရုန်၏ အစီအစဥ်တွေမှာ လွဲချော်ကုန်လေပြီ။ လူဦးရေ သန်းတစ်ရာကျော် ကြည့်နေသည့် အင်တာဗျူးတွင် တည်ငြိမ်နိုင်ခဲ့သော်လည်း အခုအချိန်မှာတော့ သူပုံစံက လုံးဝ ကူကယ်ရာမဲ့နေလျက်။
YOU ARE READING
||Complete|| I Can Do It [MM Translation]
Romanceတစ်ကြောင်းတည်းဖြင့်မိတ်ဆက်ခြင်း : ထရိုးကောင်လေးတွေမှာလည်း အချစ်တွေရှိတယ်~ ထရိုးကောင်လေးတွေမှာလည်း ခံစားချက်တွေရှိတယ်~