နိဒါန်း
-----(၃.၆.၂၀၁၃)
ခွင့်ပြန်ရတော့မည်ဆိုတဲ့သတင်းကြားလိုက်သည်နှင့် ကျွန်တော့်အတွေးက အသာဆီသာ ဝဲလွင့်စုံဆန်သွားလေတော့သည်။'အသာ.....'
ငယ်ငယ်လေးထဲက ရင်မှမှန်းမျှော်၍ တမ်းတမ်းတတခေါ်ခဲ့ဖူးသောအမည်လေးတစ်ခု။ မှန်းမျှော်ရပါသည်။ ခုထိလည်းမျှော်မှန်းနေရပါသည်။ ၆နှစ်တိတိမြိုသိပ်ခဲ့ရတဲ့ ကျွန်တော်တို့ကြားက သံယောဇဉ်အား အချစ်လို့ခေါင်းစဉ်တပ်မည့် သူ့ဖွင့်ဟဝန်ခံချက်ကို ကျွန်တော်ခုချိန်ထိ မျှော်လင့်နေခဲ့ပါသည်။အချစ်စစ်မည်သည် ဖြောင့်ဖြူးသာယာခြင်းမရှိဆိုသည့်စကားက သိပ်မှန်သည်။ ကျွန်တော်တို့နှစ်ယောက်ကြားတွင် ကြည်နူးချိန်များရှိခဲ့သလို၊ ဝမ်းနည်းငိုကြွေးချိန်များလည်းရှိခဲ့သည်။ အေးစက်သောညများတွင် စောင်တစ်ထည်ကို နှစ်ယောက်အတူခြုံခဲ့ဖူးသလို၊ တစ်ယောက်အိပ်မက်ကို တစ်ယောက်အပြန်အလှန်ပြောဆိုခဲ့ဖူးကြသည်။ တစ်ယောက်ဝမ်းနည်းလျှင်တစ်ယောက်နှစ်သိမ့်၍ တစ်ယောက်ပျော်ရွှင်လျှင်တစ်ယောက်ကြည်နူးခဲ့ရသည်။ တစ်ယောက်ပုခုံးကိုတစ်ယောက်မှီရင်း တစ်ယောက်အကြိုက်ကို တစ်ယောက်လိုက်ခဲ့ဖူးသည်။ တစ်ယောက်နှင့်တစ်ယောက် မသိမသာ အနမ်းခြင်းဖလှယ်ခဲ့ဖူးကြသလို၊ တစ်ယောက်နှင့်တစ်ယောက်စိတ်ဆိုးစိတ်ကောက်ခဲ့ဖူးကြသည်။
သို့သော် ကျွန်တော်တို့နှစ်ယောက်ကြားက သူငယ်ချင်းဆိုသည့်စည်းကို ခုချိန်ထိမကျော်ခဲ့ကြ။ စကားဖြင့်ကျော်ဖို့ရန်ပင် အခြေအနေမပေးသည့်အတွက်လည်း ဖြစ်ပါသည်။ကျွန်ေတာ်သူ့ကို ပြောခဲ့ဖူးသည် 'ကိုယ်ချစ်ရသူကိုရင်ထဲမှာတိတ်တိတ်လေးပဲချစ်တာက ဘယ်သူမှခိုးယူမရလို့ အပြင်မှာချစ်ရတာထပ် ပိုလုံခြုံတယ်'တဲ့။ ဒါပေမဲ့ ကျွန်တော်တို့ ၆နှစ်တိတိမြိုသိပ်ခဲ့ပြီးပြီလေ။ တစ်နှစ်မှ တစ်ခါဆုံရန်ပင် အနိုင်နိုင်ဖြစ်နေသော ကျွန်တော်တို့နှစ်ယောက်၏တွေ့ဆုံမှုကြား ဒီတစ်ကြိမ်ခွင့်ပြန်ချိန်တွင်တော့ သူမပြောလျှင်တောင် ကျွန်တော့်ဘက်က ဖွင့်ပြောမည်ဟု စိတ်ကူး၏။
"ဗိုလ်ကြီး အမ်အိုရပြီ...."
အလျင်စလိုပင် ကျွန်တော်အမ်အိုကို လှမ်းယူလိုက်ပြီးနောက် ဂျူနီယာညီလေးတစ်ယောက်နှင့် လွိုင်ကော်သို့သွားရာ အံစာတုံး အိတ်စပရက် ကားဂိတ်သို့်လိုက်ပို့ခိုင်းရသည်။ မနက်၇နာရီကားဖြင့် လွိုင်ကော်တက်နိုင်မှ ညနေ၃နာရီ ရန်ကုန်ကားကိုမှီနိုင်မည်။ နောက်မို့ဆို လွိုင်ကော်တွင်တစ်ညအချိန်ပုပ်ပေရမည်။
ကျွန်တော်တာဝန်ကျရာမြို့လေးသည် ကယားပြည်နယ်ရှိ နယ်စပ်မြို့လေးတစ်မြို့ဖြစ်ပါသညိ။ ဒီမြို့နာမည်ကို အသာအားစပြောတုန်းကဆို အသာသည် 'အော်'ဟုသာ ပြောနိုင်ရှာသည်။ တကယ်တော့ ထိုမြို့ကို မြေပုံပေါ်တွင် ရှိနိုင်လောက်သည်ဟု အသာသည် ထင်မှတ်ထားမည်မဟုတ်ပါ။ စည်ကားသည့်မြို့တစ်မြို့မဟုတ်သလို မြို့နယ်ဟုအမည်ခံထားသော ရွာမြို့လေးတစ်မြို့သာဖြစ်ပါသည်။
ပြန်ဆုံတွေ့ရမည်ဟု ကျွန်တော့်ခင်မျာ ရင်ခုန်နေသော်လည်း အသာအား ဖုန်းဆက်ချိန်တွင် အသာသည် 'ဟုတ်လား'ဟူ၍ အံ့သြခြင်းကို မျှင်းမျှင်းမျှသာပြပါသည်။ ယခင်ခွင့်ပြန်ချိန်များလိုပင် သူကလာကြိုမည်ဟုပြောတော့ ကျွန်တော့်အတွေးထဲ လျှောက်လည်မည့်အစီအစဉ်များက အစီအရီပေါ်လာခဲ့ပြီးဖြစ်သည်။
အသာနှင့်ကျွန်တော်၏ ဆုံဆည်းမှုသည် သိပ်တော့ စိတ်ကူးယဉ်မဆန်ပါ။ သာမန်ခင်မင်ခဲ့ရသော သူငယ်ချင်းများလို တွေ့ဆုံခင်မင်ခြင်းနှင့်သာ စတင်ခဲ့ရပါသည်။
===========
ESTÁS LEYENDO
ထို့ကြောင့်...........(based on true story)
Romanceလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst