sequel episode 22 uni

781 57 0
                                    

ထို့ကြောင့်... sequel (episode 22)
------------------------------

လွိုင်ကော်သို့ပြန်ရောက်ရောက်ခြင်းမှာပင် မေမေနေမကောင်း၍ အမြန်ပြန်လာပါဟူသော အကြောင်းကြားစာကို ကြီးကြီးမေထံမှရသည်။ မေမေ့မှာ တစ်ကိုယ်တည်းဖြစ်သောကြောင့် ကြီးကြီးမေကပင် ရေးမှမော်လမြိုင်သို့ လူနာဆင်းစောင့်ပေးပုံပေါ်သည်။ တစ်ကိုယ်တည်းအထီးကျန်စွာနေရသော မေမေ့ကို အပူတွေထပ်ပေးမိသည့် ကိုယ့်ကိုယ်ကိုလည်း အပြစ်ဖို့မိသည်။ အခင်းကြီးငယ်ကိစ္စရပ်များတွင် မေမေက ကျွန်တော့်ထက်ကြီးကြီးမေကို ပိုအားကိုးပုံရသည်။ ခုပဲကြည့်လေ ဖုန်းမမိသော်လည်း စာတစ်စောင်ပေတစ်လွှာလောက်တော့ ချန်ထားသင့်သည်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးမကောင်းသော မေမေ့ကို စိုးရိမ်ပူပန်စွာဖြင့် ပြင်းပြင်းပြပြတွေ့ချင်လာမိသည်။

ခရီးရောက်မဆိုက်ပင် အစ်ကိုကျော်နှင့်အသာကို အကျိုးအကြောင်းပြောပြကာ မော်လမြိုင်သို့ပြန်ရန် ပစ္စည်းများကို အလောသုံးဆယ်သိမ်းရသည်။

အစ်ကိုကျော်က ကျွန်တော့်ပစ္စည်းများကို ကူကာသိမ်းပေးနေသော်လည်း အသာကမူ ကျွန်တော် မီးဖိုခန်းအတွင်းဝင်လျှင် ဝင်လာရဲ့၊ ဧည့်ခန်းဘက်ပြန်ထွက်လျှင် ထွက်လာရဲ့ အနောက်မှထပ်ကြပ်လိုက်ကာ တစ်ခုခုတောင်းဆိုရန်မဝံ့မရဲနှင့် ခပ်ကုပ်ကုပ်ကလေးဖြစ်နေသည်။

" အသာ ဘာတွေဖြစ်နေတာလဲ....."

အသာသည် နှုတ်ခမ်းကိုတင်းတင်းစေ့လျက် ကျွန်တော့်ဘေးတွင် ဒူးထောက်ထိုင်ပြီး လက်ထဲရှိ ခေါက်နေသောပုဆိုးကို ဆွဲယူလိုက်သည်။ ပြီးနောက် ခေါင်းငိုက်လျက် ကလေးတစ်ယောက်လို မဝံ့မရဲစကားဆိုလာသည်။

" ငါလည်း လိုက်ချင်တယ်...."

" ဒီမှာအစ်ကိုကျော်တစ်ယောက်တည်းဖြစ်နေမှာပေါ့......."

" အဲ့ဒါဆို မင်းက တစ်ယောက်တည်းပြန်သွားရမှာပေါ့...ငါလိုက်ချင်တယ်ကွာ နော်..."

ကျွန်တော်က ခပ်တုံ့တုံ့ပြုံး၍ ကြည့်လိုက်သောအခါ အသာက မပွင့်တပွင့်လေးကြည့်ရင်း တောင်းဆိုနေရှာသည်။ အစ်ကိုကျော်ကမူ သူနှင့်မသက်ဆိုင်သလို ဒါမှမဟုတ် သူမမြင်ချင်သောကိစ္စတစ်ရပ်လို အရာရာကိုမျက်ကွယ်ပြု၍ ကျွန်တော့်ဝေယာဝစ္စများကိုကူလုပ်ရင်း မသိချင်ယောင်ဆောင်နေပေသည်။

ထို့​ကြောင့်​...........(based on true story)Onde histórias criam vida. Descubra agora