အခန်း- ၁၁
=======လွိုင်ကော်သို့ရောက်ချိန်တွင် ရန်ကုန်သို့ပြန်ဆင်းရန် ညနေသုံးနာရီကားလတ်မှတ်ရသည်။ မနက်စောစော ရန်ကုန်ရောက်လျှင် တစ်ရက်လုံး တပ်မှခိုင်းသောအလုပ်ကိစ္စများလုပ်ပြီးသည်နှင့် ညနေ မော်လမြိုင်သို့ဆင်းမည်ဟု စိတ်ကူးထား၏။
ခုမှ နေ့လည် ၁၂နာရီမျှသာရှိသေးသည့်အတွက် တစ်ခုခုထွက်စား၍ အသာအတွက်လက်ဆောင်ဝယ်ရန် အချိန်ရသည်။ လွိုင်ကော်ရောက်တိုင်းထိုင်နေကြဖြစ်သည့် နောင်ယားကန်ဘေးက မာစတာ စားသောက်ဆိုင်သို့သာ ထွက်လာခဲ့လိုက်သည်။ ထိုဆိုင်တွင် ကျွန်တော်ကြိုက်သော ကွေ့တီယိုလဲရ၏။ သို့သော် ယခင်စားနေကြ ကွေ့တီယိုများကဲ့သို့ အရသာမကောင်းပေ။
စားနေကြအတိုင်းပင် ကွေ့တီယိုနှင့် စတော်ဘယ်ရီလက်ဖျော်တစ်ခွက်ကိုမှာ၍ စီးကရက်လေးဖွာကာ ခပ်လှမ်းလှမ်းရှိ နောင်ယားကန်အလှကိုငေးကြည့်နေမိသည်။ အသာမှလွဲ၍ စွဲစွဲမြဲမြဲ အကြိုက်မတွေ့သောကျွန်တော်သည် ခုချိန်မှာတော့ စီးကရက်ကိုစွဲစွဲမြဲမြဲသောက်တတ်နေပါပြီ။ သို့သော် ကျွန်တော်က သူ့လိုစမတ်ကျကျစီးကရက်ကိုမဖွာတတ်သေးပါ။ ကျွန်တော်ကြိုက်နှစ်သက်သော သူ့ဟန်ပန်အမူအရာတွေကို လိုက်အတုခိုးတိုင်း သူ့ခြေဖျားပင်မမှီသည်က ကျွန်တော်သိပ်များ ရိုးအနေ၍လား။
ကိုယ့်အတွေးကို သဘောကျရင်း ရှက်ပြုံးလေးပြုံးမိသွားသည်။ တိုက်ဆိုင်မှုတွေကြုံလာတိုင်း သတိတရပြုံးနိုင်အောင် အသာက ကျွန်ေတာ့်အတွက် အမှတ်တရတွေကို တပုံတပင်ပြုလုပ်ခဲ့လေသလားပဲ။ တကယ်တော့ အမှတ်တရဆိုတာ တမ်းတလွမ်းဆွတ်လို့ကောင်းအောင် နာမည်လှလှလေးနဲ့ တန်ဆာဆင်ထားတဲ့ နာကျင်ခြင်းတစ်ခုပဲလေ။
ဘေးဝိုင်းက ငါးခဲပတ်ကင် မှာသံကြားတော့ ကျွန်တော်ငါးကင်စားချင်မိသွားသည်။ ဘာကြောင့်ဆို အသာက ငါးကိုသိပ်ကြိုက်တယ်လေ။ သို့သော် တစ်ယောက်ထဲမကုန်နိုင်သလို ငါးအရိုးမစူးအောင် အသားနွှင်ပေးမည့် အသာလည်း ဘေးနားတွင်မရှိပါ။ ငါးစားတိုင်း အရိုးစူးတတ်၍ အသာမရှိလျှင် မထိမကိုင်ဖြစ်သည်က ကြာညောင်းခဲ့ပြီ။
YOU ARE READING
ထို့ကြောင့်...........(based on true story)
Romanceလက်တွေ့ဘဝထဲက boys love အချစ်ဆိုတာကို ရှာဖွေကြည့်ကြရအောင် #Romance,Bromance,BL,Angst