(၃၆) ပုံတူ || ပုံတူ

22.3K 3.3K 178
                                    

{Unicode}

ပုံတူ
*****


သူ့သက်လျာလေး၏ ဂရုစိုက်မှုအောက်တွင် 'အလိုလိုက်ခံထားရ၍ ပျက်စီးနေသည့်' ဝမ်ရယ်သည် နာနာခံခံပင် သွေးခုန်နှုန်း အစမ်းခံလေသည်။ သမားတော်ကျိရင်းအား အရှင်လတ်လတ် အရေဆုတ်ပစ်မည့် အစီအစဉ်များကို သူ ချိုးနှိမ်ထားရ၏။ ကျိရင်းက လက်ကို ဖယ်လိုက်သည့်အချိန်အထိ လီရှောင်းသည် တစ်ဖက်လူကို အေးစက်စွာ ကြည့်နေခဲ့သည်။
"အရှင့်ရဲ့ နာမကျန်းမှုက အမြဲ ဒီလိုပါပဲ။ မတည်ငြိမ်ဘူး။ ကျန်ရှိနေသေးတဲ့ အဆိပ်တွေ ကွယ်ပျောက်သွားဖို့က ခက်ခဲနေသေးတယ်။ တစ်ယောက်ယောက်ကများ အရှင့်ကို ဆေးပိုသောက်ခိုင်းပေးနိုင်မလား။"

သူ ပြောပြီးသည့်အခါ စုန့်စုန့်ကို ကြည့်ကာ ပြောပြန်၏။
"ဝမ်ဖေးက လွန်ခဲ့တဲ့(၂)ရက်အတွင်း တော်တော်လေးကို မကြာမကြာ ပင်ပန်းနွမ်းနယ်နေခဲ့ရသလိုမျိုး ဝမ်ဖေးရဲ့ အသွင်အပြင်က လုံးပါးပါးနေတယ်လို့ မြင်မိတယ်။ ခန္ဓာကိုယ်ကဖြင့် နဂိုကတည်းက အားနည်းနေပြီးသားကို၊ အရှင်က ဝမ်ဖေးအပေါ် ညှာတာသင့်တယ်နော့်!"

လီရှောင်း၏ မျက်နှာ မှောက်မိုက်သွားသည်။
"ကျိ- ရင်း!"

ကျိရင်းသည် အပေါ်ဝတ်ရုံကို ကပျာကယာ ဆွဲယူကာ ကိုယ်ပေါ်လွှားရင်း တံခါးမှ ပြေးထွက်သွားတော့သည်။
"နောက်တစ်ခါမှပေါ့ အရှင်ရေ့!"

လီရှောင်းက စုန့်စုန့်ကို လှည့်ကြည့်သည်။ စုန့်စုန့်သည် ညင်ညင်သာသာပင် ငုံ့ကိုင်းကာ အမွှေးအိုးအတွင်းရှိ နံ့သာတိုင်ကို ဟိုရွှေ့သည်ရွှေ့ ကစားနေ၏။ သူ၏ နုနယ်လှသည့် မျက်နှာဖြူဖြူလေးသည်တော့ အနည်းငယ် နီမြန်းနေသယောင် ရှိသည်။ စိုက်ကြည့်ခံနေရသည်ကို သိသည့်အလား စုန့်စုန့်က မတ်တပ်ထရပ်ကာ ပြောလာ၏။
"ဆေးအခြေအနေကို သွားပြီး စစ်ဆေးကြည့်လိုက်ဦးမယ်။"

လီရှောင်းအတွက် ညွှန်ကြားထားသည့်ဆေးအား တစ်ကြိမ်ကျိုလျှင် (၈)နာရီအပြည့် ကျိုရ၏။ ပုံမှန်အားဖြင့် လီရှောင်း အချိန်အလိုက် ဆေးသောက်ရန် အိမ်တော်ထိန်းချီကိုယ်တိုင် တာဝန်ယူပေးပြီး တစ်လလျှင် (၂)ကြိမ် သောက်ရသည်။ စုန့်စုန့် ရောက်သွားချိန်တွင် အိမ်တော်ထိန်းချီသည် ဆေးပင်အမျိုးမျိုးကို ရွေးထုတ်နေပြီး သူ့ကို မြင်သည့်အခါ ပြုံးလျှက် ပြောလာသည်။
"ဝမ်ဖေးက ဘယ်လိုလုပ် ဒီကို ရောက်လာတာပါလဲ။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now