(၇၁) ထောက်ပံ့ကူညီခြင်း || ထောက်ပံ့ကူညီခြင်း

17.7K 2.9K 267
                                    

{Unicode}

ထောက်ပံ့ကူညီခြင်း
*****


လူအများ၏ဆန္ဒအရ ဧကရာဇ်၏ပလ္လင်အနောက်ဘက်၌ ကန့်လန့်ကာတစ်ချပ် တပ်ဆင်လိုက်လေသည်။ ထိုအနောက်တွင်တော့ နူးညံ့ပျော့ပျောင်းသည့် ညောင်စောင်းတစ်ခုကို နေရာချထားသည်။ နေ့စဉ်နေ့တိုင်း စုန့်စုန့်သည် ထိုညောင်စောင်းပေါ်တွင် ထိုင်ကာ အစိုးရအရေးကိစ္စများကို နားထောင်၏။

သူ ကြီးကြပ်နေသောကြောင့် ညီလာခံ၏ စိတ်လေးဖွယ်ရာအခြေအနေကြီးမှာ ရုတ်ခြည်း သက်သာရာရသွားတော့သည်။ အမတ်တို့၏စကားသံများကလည်း ကြည်လင်ပြတ်သားကာ အသံအောင်လာကြလေသည်။

ဤမျှစောလှသည့်အချိန်တွင် စုန့်စုန့်သည် အမှန်တော့ နေရာပြောင်းအိပ်ခြင်းသာဖြစ်၏။ ခန္ဓာကိုယ်က မပေါ့မပါးနှင့် သူ အလွန်ထိုင်းမှိုင်းလေးကန်နေသောကာလလည်း ဖြစ်သည်။ ကန့်လန့်ကာနောက်တွင် သူ ဘာလုပ်နေသည်ကို လူတိုင်း သိကြသော်ငြား မည်သူမျှ မဝေဖန်ကြပေ။

....................

ညီလာခံပြီးသည့်အခါ အမတ်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွါသွားကြရင်း သူတို့အချင်းချင်း တီးတိုးဆိုကြလေသည်။
"ဒီရက်ပိုင်း ညီလာခံမှာ အတော်လေး စိတ်အေးသက်သာရှိလာတယ်နော့်။"

"နာမကျန်းတာကိုသာ ထည့်မတွက်ရင် အရှင်က အဟုတ်ကို ကြုံဖို့ခက်ခဲလှတဲ့ အုပ်ချုပ်သူတစ်ဦးပဲဗျ။"

"ကျုပ်တို့ ပြောချင်တာပြောလို့ရနေတာ အားလုံးက ဧကရီကြောင့်ပဲ။"

စုန့်စုန့်က ဝင်နားထောင်စဉ် တိတ်တဆိတ် ငြိမ်ငြိမ်လေးသာ နေသည်။ သို့သော် လူအများ၏နှလုံးသားသည်တော့ သူ ရှိနေသည်ကို သိရုံနှင့်ပင် ငြိမ်းချမ်းရလေသည်။

ခန်းမအတွင်း ရှင်းလင်းသွားပြီးနောက် လီရှောင်း ကန့်လန့်ကာကို ပင့်ကြည့်လိုက်သော် သူ့ချစ်ရသူလေးမှာ ညောင်စောင်းပေါ်၌ လေးလေးတွဲ့တွဲ့ ခြေပစ်လက်ပစ်လဲလျောင်းနေသည်ကို မြင်လိုက်ရ၏။ သူ့နှုတ်ခမ်းထောင့်တို့မြင့်တက်သွားပြီး စုန့်စုန့်ကို ပွေ့ချီလိုက်လေသည်။
"ပြန်ဖို့အချိန်ကျပြီ။"

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now