17.4K 2.9K 161
{Unicode}
ချီးမွမ်းမြှောက်ပင့်ခြင်း
*****
လီရန်းသည် ဧကရီ၏နန်းဆောင်မှ ထွက်လာသည့်အခါ သူ့အပေါ်ထပ်ဝတ်ရုံကို တင်းတင်းပတ်လိုက်မိ၏။ ထို့ပြင် ရုတ်တရက် တစ်ယောက်ယောက်၏ခေါ်သံကိုလည်း ကြားလိုက်ရလေသည်။
"အစ်ကိုတော်"
သူ လှည့်ကြည့်ပြီးနောက် ချက်ချင်း ပြုံးပြလိုက်သည်။
"ပဉ္စမညီတော်ကလည်း မယ်တော့်ကို လာတွေ့တာလား။"
"ကျွန်တော်က အစ်ကိုတော့်ကို စောင့်နေတာ။"
လီချင်းက အနားလျှောက်လာပြီး သူ့ကို လက်အနွေးအိတ်တစ်ခု ပေးလာသည်။
"ခုနလေးတင် အစ်ကိုတော်ကြီး နန်းတော်ထဲ ဝင်လာတာ တွေ့လိုက်တယ်။ ခမည်းတော်ကို သွားတွေ့တာနေမယ်။"
"ခမည်းတော်ရဲ့ ကျန်းမာရေးအခြေအနေကရော ဘယ်လိုလဲ။"
"သိပ်မကောင်းဘူး။"
နှစ်ယောက်သား စကားထပ်မဆိုဖြစ်ကြတော့။
....................
ဧကရာဇ်ဟုန့်ရန်သည် အနည်းငယ်ချောင်းဆိုးနေ၏။ သူ့ရှေ့တွင် အလုပ်လုပ်ရမည့်စာရွက်စာတမ်းများက တောင်ပို့ငယ်တစ်ခုသဖွယ် ပုံလို့နေသည်။ တိုးကုန်းကုန်းသည် အလိုက်သိစွာ ဧကရာဇ်လည်ချောင်းရှင်းစေရန် အကြမ်းရည် ယူလာပေးလေသည်။ ဧကရာဇ် သောက်လိုက်ပြီးနောက် တိုးကုန်းကုန်းက တိုးတိုးညင်းညင်း ပြောလာ၏။
"ဖင်းဝမ်က အရှင့်ကို တွေ့ဖို့ရောက်နေပါတယ်။"
"ဝင်လာခိုင်းလိုက်ပါ။"
လီရှောင်းဝင်လာစဉ် ဖြူဆွတ်နေသည့်ကြွေအိုးတစ်အိုးကိုပါ သယ်လာလေသည်။ သူက ၎င်းကို တိုးကုန်းကုန်းထံ ပေးလိုက်ကာ ပြော၏။
"ကျွန်တော် သမားတော်ကျိကို အဖိုးတန်ဆေးဖက်ဝင်အပင်တွေကနေ ဖြည့်စွက်ဆေးလုံးတွေ လုပ်ခိုင်းထားတာ။ ခမည်းတော် နေ့တိုင်း တစ်နေ့တစ်လုံး သောက်ကြည့်သင့်တယ်။"
အင်ပါယာသမားတော်ကသာ ဧကရာဇ်၏ကျန်းမာရေးကို ကြည့်ရှုပေးရသည်မဟုတ်၊ ကျိရင်းသည်လည်း အတော်လေး ကူညီပေး၏။ သို့သော်ငြား ဧကရာဇ်အား မည်သူပင် စစ်ဆေးစမ်းသပ်ပါစေ၊ ရောဂါလက္ခဏာတို့က အတူတူပင်။ သူ ဖြည်းဖြည်းချင်း ဖြည့်စွက်ဆေးအချို့ကို သောက်သုံးသွားရုံသာ တတ်နိုင်သည်။ သို့သော် နိုင်ငံတစ်နိုင်ငံ၏ပြည့်ရှင်အနေဖြင့် နေ့စဉ်နေ့တိုင်း သူ့ကို စိတ်ဖိစီးစေသည်များက အမှန်ပင် များပြားလွန်းလှ၏။
အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now