(၅၈) အနိုင်ကျင့်ခြင်း || အနိုင်ကျင့်ခြင်း

18.6K 2.9K 131
                                    

{Unicode}

အနိုင်ကျင့်ခြင်း
*****


လီရှောင်း၏ စိတ်မကြည်လင်မှုက စုန့်စုန့်၏ စကားတို့ကြောင့် အလွယ်တကူပင် ပြန်ကောင်းလာ၏။ သို့သော် ဝမ်ဖေးသည် လူတို့ကို မည်သို့မြှောက်ပင့်ရမည်မှန်း တကယ်ပင် မသိရှာပေ။ တစ်ဖက်လူ ပြောစရာစကားလုံး မကုန်မီ လီရှောင်းခမျာ ဝါကျတစ်ကြောင်းနှစ်ကြောင်းမျှပင် ပိုနားထောင်ခွင့်မရလိုက်။

ဤသည်က စုန့်စုန့်ကို အပြစ်တင်၍လည်းမရပေ။ ကောင်းမွန်သောစကားလုံးတို့က အထူးတလည်အခြေအနေများတွင်သာ ပိုမိုချောမွေ့စွာ ထွက်ပေါ်လာတတ်လေသည်။ ယခုအချိန်၌ စိတ်လှုပ်ရှားမှု၊ လှုံ့ဆော်မှုတို့လည်း ရှိမနေချေ။ ဝါကျနှစ်ကြောင်းလောက်နှင့်သာ ခြောက်ခြောက်ကပ်ကပ် ချီးမွမ်းမြှောက်ပင့်နိုင်သည်ကပင် အတော်လေးကောင်းမွန်နေပေပြီ။

လီရှောင်းက စုန့်စုန့်တစ်ယောက် သူ့ကို မိုးကောင်းကင်အထိ မြှောက်ပင့်ရန် မမျှော်လင့်ထားသည်ကပင် တော်သေး၏။ သူ စုန့်စုန့်ကို ပွေ့ဖက်လိုက်ပြီး ထပ်ခါ တယုတယပွတ်သပ်လိုက်ပြန်သည်။ စုန့်စုန့်၏လည်ပင်းရှိ ဒဏ်ရာပါးလေးမှာ အနာဖေးတက်နေပြီဖြစ်သည်။ လီရှောင်းက ယင်းကို သူ့နှုတ်ခမ်းတို့ဖြင့် အသာထိတွေ့ကာ နူးနူးညံ့ညံ့ ပြောလေ၏။
"ခမည်းတော်ကလည်း ကိုယ်တို့ညီအစ်ကိုတွေ ပိုပြီး အနေနီးလာအောင်လို့ မကြာခဏ ဆက်သွယ်တွေ့ဆုံပေးသင့်တယ်လို့ ပြောလိုက်တယ်။"

စုန့်စုန့်က ကြားသည်နှင့် ချက်ချင်း ဆန္ဒပြုတော့သည်။
"ကျွန်တော့်ကို စီစဉ်ခွင့်ပေး!"

....................

မင်းသားတစ်အုပ်ကြားရှိ ညစာစားပွဲမှာ သာမန်အားဖြင့် ကြုံရာကျပန်းအပြင်တွင် ဖြစ်နေ၍မရပေ။ ရန်သူတစ်ဦးဦးကသာ သတင်းရသွားပါက လူအများအပြား ပါဝင်ပတ်သက်လာရပေလိမ့်မည်။

ဤညစာစားပွဲစုရပ်အတွက် ဘုရင့်အိမ်တော်ကို ရွေးချယ်ထား၏။ နံနက်ခင်းကတည်းက စုန့်စုန့်က အရိုးစွပ်ပြုတ် စတင်ချက်ပြုတ်ထားစေပြီး စွပ်ပြုတ်အား အဖြူရောင်ပြောင်း ပွက်လာကာ ရနံ့နှင့် ပြည့်စုံလာသည်အထိ တည်ထားလေသည်။ ထို့နောက် လူများကို စေလွှတ်ကာ မင်းသားတို့ကို ဖိတ်ကြားစေလိုက်သည်။

အာဏာရှင်ကြီး၏ ဇနီးလေးကိုအလိုလိုက်ခြင်း နေ့စဉ်မှတ်တမ်း {မြန်မာဘာသာပြန်}Where stories live. Discover now